၁၁။ ခင်ဗျားညီမလား?
ဆေးရုံကိုရောက်တာနဲ့ မော့ဟန်က ကောင်မလေးကိုသယ်ကာ အရေးပေါ်ဌာနကို ပြေးသည်။ လူနာတင်စင်ကို တွန်းလာတဲ့ နာစ်မက သူ့ရင်ခွင်ထဲက ကောင်မလေးကို မြင်တော့ ထိတ်လန့်တကြား မျက်လုံးပြူးသွားကာ ပြောသည်။
“နင်က . . . ထွက်ပြေးသွားတဲ့ . . .ဟိုလူနာမလား?”
နာစ်မက ဗိုက်မှာသွေးတွေရွှဲနေပြီး မျက်နှာဖျော့ဖျော့လေးပဲရှိတော့တာ မြင်တော့ သူ့အမှုအယာက ပြောင်းသွားသည်။ ကောင်မလေးဘေးမှာ ရပ်နေတဲ့ ယောကျၤားနှစ်ယောက်ကို လှည့်ကြည့်ကာ
“ဘာဖြစ်တာလဲ? ဒီလိုအခြေအနေကို ဘယ်လိုလုပ်ရောက်သွားရတာလဲ?”
မော့ဟန်က ပြန်ဖြေလိုက်သည်။
“ဗိုက်က ဒဏ်ရာပွင့်သွားတာ”
နာစ်မက လူနာတင်စင်ပေါ်က ကောင်မလေးကို လှည့်ဆူတော့သည်။
“နာနေပြီမလား? အခုမှသတိရလာတာ။ ကိုယ်ကမကောင်းသေးဘူးလို့ ပြောသားပဲ။ ဒါပင်မယ့် ထွက်ပြေးသွားတယ်။ ဘာကောင်းတာရှိလို့လဲ? အခုတော့ ဒီလိုဖြစ်သွားတဲ့ အခြေအနေနဲ့ ပြန်လာရပြီ ကြည့်ပါဦး!
သူမဗိုက်က မီးတောက်နေသလို အရမ်းနာနေပြီ။ သူမက နာကျင်စွာနဲ့ ပြောသည်။
“အမကြီး ကျွန်မဒဏ်ရာကို ချုပ်မပေးရင် ကျွန်မတကယ်သေသွားလိမ့်မယ်။ အရမ်းနာနေပြီ”
နာစ်မက သူမကိုကြည့်ပြီး မော့ဟန်ကို လှည့်ကြည့်ကာ
“အောက်ထပ်မှာ စာရွက်စာတမ်းဖြည့်ပြီး ငွေရှင်းပေး”
ပြောပြီးတာနဲ့ လူနာတင်စင်ကို အထဲကိုအမြန်တွန်းသွားကာ စကုသတော့သည်။
“မင်းအောက်ထပ်ကို ငွေသွားရှင်းလိုက်။ ငါဒီကောင်မလေးနောက် လိုက်သွားလိုက်မယ်”
ပိုင်ယုဘာမှတောင် ပြန်မပြောရသေးခင် မော့ဟန်က နာစ်မနောက် အပြေးလိုက်သွားသည်။
ပိုင်ယုက အော်ပြောသည်။
“ဟေ့ကောင်! ငါ့ကိုဒီလိုထားခဲ့ရလား? ခနစောင့်ဦး! ကောင်တာဘယ်မှာမှန်းတောင် ငါမသိဘူးကွ!”
မော့ဟန်က အဝေးကြီးကို ရောက်သွားတာ မြင်နေရတော့ သူပါးစပ်ပိတ်ကာ နာမည်သွင်းဖို့ စိတ်မပါစွာ သွားရတော့သည်။
ဆရာဝန်ကြီးက ကောင်မလေးကို ထုံဆေးပေးလိုက်ပြီး ကုတင်အဖြူပေါ်မှာ လှဲစေကာ ဒဏ်ရာကိုမချုပ်ခင် သွေးတိတ်အောင် လိုအပ်တာတွေ ပြင်ဆင်လိုက်သည်။
သူက maskတပ်လိုက်ပြီး မျက်လုံးဖွင့်နေပင်မယ့် ပါးစပ်ပိတ်ထားတဲ့ လူနာကို ကြည့်လိုက်သည်။ သူမက လုံးဝအဆင်ပြေနေတဲ့ပုံပေါ်သည်။ သူရယ်ကာ ပြောလိုက်သည်။
“ဒဏ်ရာပွင့်သွားတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးမလား? ပြီးရင်ထပ်ထွက်ပြေးမလား ကြည့်ရအောင်!”
“သတိရှိနေသေးတာ ကံကောင်းတာပဲ။ ကိုယ်ကလုံးဝပြန်မကောင်းသေးဘဲ ထွက်ပြေးနေတဲ့သူမျိုးအတွက် ဒဏ်ရာပွင့်သွားတာ သာမန်လို့ ထင်နေပုံရတယ်”
“ပိုးဝင်သွားပြီး ရောဂါထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ တွေးဖူးလား? အဖျားသာဝင်သွားရင် ဒီလိုချုပ်နေရုံနဲ့ မရတော့ဘူး”
ဆရာဝန်ကြီးက ချုပ်ပြီးသွားတာနဲ့ သူတို့ကို ဒုက္ခလာပေးတဲ့ လူနာကို ဆုံးမနေရသည်။ ဒီကိုရောက်စတုန်းက သူမမှာ သေသွားလောက်တဲ့ ဒဏ်ရာနှစ်ချက်ရှိနေသည်။ သူမဗိုက်ကပွင့်သွားကာ အတွင်းပိုင်းမှာ သွေးယိုစိမ့်မှုက တော်တော်ဆိုးသည်။ သူမရင်ဘတ်မှာလည်း နှလုံးကိုထိဖို့ 0.3cmလောက်ပဲ လိုတော့တဲ့ဒဏ်ရာရထားသေးသည်။ နှစ်ပတ်လောက် ကိုမာဝင်နေပြီး ၃ခါလောက် ခွဲစိတ်လိုက်ရသည်။ သေမင်းခံတွင်းဝကနေ ပြုတ်ကျမတက်ဖြစ်တာ ၄ခါလောက် ရှိသည်။ ဒီလိုအခက်အခဲတွေ ကျော်ဖြတ်ပြီးတော့ နိုးလာတာ တစ်ရက်လောက်ပဲရှိသေးသည်။ သူမက ထွက်ပြေးသွားခဲ့ပြီ။ သူမရဲ့ ဆေးမှတ်တမ်းတွေက ဆေးရုံရဲ့ miracleတစ်ခု ဖြစ်သွားပြီလို့ သူခံစားရသည်။
ချုပ်ပြီးသွားတဲ့အခါ ဆရာဝန်ကြီးက လက်အိတ်ချွတ်ရင်း
“ဒီမှာ ဘာလို့နည်းနည်းလောက် နားမနေတာလဲ? ထုံဆေးပြယ်သွားရင် ဒဏ်ရာကို ဂရုစိုက်ပေးမယ်လေ”
ဆရာဝန်ကြီးက ထွက်လာတဲ့အခါ အခန်းဝမှာစောင့်နေတဲ့ မော့ဟန်ကို တွေ့တော့ လူနာရဲ့ မိသားစုဝင်လို့ ထင်လိုက်သည်။ ဆရာဝန်ကြီးက maskကိုဖယ်ရင်း သူ့ duty roomထဲကို လိုက်ခဲ့ဖို့ ခေါ်လိုက်သည်။
“ကိုယ်က လုံးဝကောင်းတာ မဟုတ်သေးဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်စေနဲ့။ တကယ်လို့ ဒဏ်ရာကသာ ဒီလိုမျိုး နောက်ထပ်ပွင့်သွားရင် ကုဖို့မလွယ်တော့ဘူး”
ဆရာဝန်ကြီးက သူ့ခုံမှာထိုင်ရင်း ပြောလိုက်သည်။
“ခင်ဗျားက သူ့အကိုမလား? သူ့ကိုတွေ့ဖို့ ဘာလို့ဒီလောက် ကြာနေရတာလဲ?”
ဆရာဝန်ကြီးက ပြောသည်။
မော့ဟန်က စိတ်ရှုပ်သွားသည်။ ပြန်ရှင်းပြဖို့ပြင်ပင်မယ့် ဆရာဝန်ကြီးရဲ့ ရံှုချမှုက အရင်ထွက်လာသည်။
“သူဆေးရုံတက်နေတာ နှစ်ပတ်လောက်ရှိပြီ။ ဘယ်အမျိုးကမှ လာမကြည့်ဘူး။ နိုးလာတော့လည်း သတိကမေ့နေသေးတယ်။ သူကခင်ဗျားတို့ကို ရှာချင်ပင်မယ့် ဘယ်လိုရှာရမလဲ သူမှမသိတာ။ ခင်ဗျားကို ဝေဖန်နေတာတော့ မဟုတ်ပင်မယ့် သူ့ကို ခင်ဗျား တကယ်ဂရုစိုက်လို့လား? ခက်ခက်ခဲခဲ အသက်ရှင်လာရတာ သေချာဂရုစိုက်ပေးလိုက်ပါဗျာ!”
ဆရာဝန်ကြီးက သူ့အရှေ့မှာ မော့ဟန်က ဘာအမှုအယာမှမရှိဘဲ တည်ငြိမ်စွာ ထိုင်နေတာ တွေ့လိုက်တော့ သူ့ဟာသူတောင် ဝေခွဲမရဖြစ်သွားသည်။ တကယ်မောင်နှမတွေရော ဟုတ်ရဲ့လား?