၁၅။ သူမက ဘယ်သူလဲ?
မော့ဟန်က ထွက်သွားတော့ သူမအိပ်မပျော်တာကို မသိတော့ဘူး။
သူမက လုံးဝအိပ်မပျော်ဘူး။ အရင်ရက်တွေတုုန်းက သူမက ဆေးရုံဝတ်စုံနဲ့ လမ်းပေါ်မှာ လျှောက်သွားနေတုန်းက အိပ်ချင်စိတ်ကို မရှိခဲ့ဘူး။ သူမသိတာက အေးတာနဲ့ နာနေတာပဲ။ အရင်နှစ်ရက်အတွင်းမှာ သူမကို ဘယ်သူမှရှာမတွေ့အောင် ကစားကွင်းအောက်မှာ ပုန်းနေခဲ့ရသည်။ အဲ့ဒီမှာ နေတာက သူမဗိုက်အရမ်းဆာလွန်းလို့ supermarketကို သွားမေးတဲ့နေ့အထိပဲ။
အခန်းမီးတွေက ပိတ်ထားပြီး ပြတင်းပေါက်ကနေ ဝင်နေတဲ့ အလင်းရောင်မှိန်မှိန်လေးပဲ ရှိသည်။ သူပေးထားတဲ့အဝတ်တွေကို သူမလဲလိုက်ပြီး ကုတင်နွေးသွားလောက်တဲ့အထိ သူမထိုင်နေခဲ့သည်။ လုံးဝတိတ်ဆိတ်မသွားခင် အပြင်ဘက်မှာ မော့ဟန်က ခြေရေလက်ရေဆေးပြီးတော့ တံခါးပိတ်သွားတဲ့အသံတွေအကုန် ပြတ်ပြတ်သားသားကြားနေရသည်။
သူမက အိပ်ချင်လာသည်။ အိပ်ရာပေါ် ခေါင်းချလိုက်ပြီး အိပ်ချင်စုံမွှားဖြစ်လာသည်။ ဒါပင်မယ့် မကြာခင်မှာပဲ အပြင်ဘက်က ဆူဆူညံညံအသံတွေ ကြားလာရသည်။ သူမက ထကြည့်လိုက်ချင်ပင်မယ့် စိတ်ကမပါသလို ခေါင်းကလည်း လေးနေသည်။
သူမမေ့သွားတာကို သူမကိုယ်သူမသတိမထားမိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမက အဆုံးမရှိတဲ့ ပင်လယ်ထဲကို ထပ်ပြီး နစ်မြုပ်သွားသလို ခံစားရတာကြောင့် ဖြစ်သည်။
မော့ဟန်က ရဲစခန်းကို သွားလိုက်သည်။ သူအခုလိုက်ရမယ့် အမှုတွဲကို ဘေးကိုဖယ်ထားသည်။ အခု သူသိချင်တာက သူ့အိမ်မှာရောက်နေတဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာပဲ။ ဒီလိုသတိထားနေရတဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သူသိချင်နေသည်။
နှစ်အတော်ကြာအောင် တရားမမှုတွေကို သူဖြေရှင်းရတော့ ရဲစခန်းကို သူခနခနရောက်ဖြစ်သည်။ အဲ့ဒါကြောင့် ရဲစခန်းက သူတွေနဲ့ အလုပ်သဘောအရ သူရင်းနှီးသည်။ ရဲတွေဆီက အသုံးဝင်တဲ့ သတင်းအချက်အလက်တွေလည်း သူရဖူးသည်။
“ဒီနေ့ အရာရှိကြီးကျန်း ဒီမှာရှိလား?”
မော့ဟန်က စုံထောက်ပေါက်စလေး တစ်ယောက်ကို မေးလိုက်သည်။
စုံထောက်ပေါက်စလေးက နာမည်ကြီး ရှေ့နေမော့ဟန်ကို မသိတာကြောင့် သူက အခန်းတစ်ခုကို စိတ်ရှုပ်စွာ ညွှန်ပြကာ
“သူက စစ်မေးတဲ့ အခန်းထဲမှာ။ ခင်ဗျား သူ့ရုံးခန်းထဲမှာ ခနလောက် ထိုင်စောင့်နေပါလား?”
မော့ဟန်က အရာရှိကြီးကျန်း ရုံးခန်းထဲကို လျှောက်သွားပြီး စိတ်ရှည်စွာ ထိုင်စောင့်နေသည်။ နောက်ဆုံး တစ်နာရီလောက်ကြာတော့မှ အရာရှိကြီးကျန်းက ပြန်ရောက်လာသည်။ သူ့အခန်းတံခါးဖွင့်တော့ တိတ်ဆိတ်စွာထိုင်နေတဲ့ မော့ဟန်ကို မြင်ကာ လန့်သွားသည်။
“ဟာ ရှေ့နေကြီး ဒီကိုဘာလို့ ရောက်နေတာလဲ?”
“ကျွန်တော် အကိုကြီးအကူအညီလိုနေတဲ့ ကိစ္စလေးရှိလို့”
အရာရှိကြီးကျန်းက သူ့ခေါင်းသူ ရယ်ကျဲကျဲဖြင့် ဖွကာ
“ဘာလို့ယဉ်ကျေးပြနေတာလဲ? အခုလေးတင် ကျန်းလေးက ငါ့ကိုလူတစ်ယောက် လာရှာနေတယ်လို့ ပြောတယ်။ ဘယ်သူများလဲလို့! မင်းဖြစ်နေတာကိုး! ငါတို့ဆီကို လာမလည်တာတောင် အတော်ကြာပြီမလား?”
အရာရှိကျန်းက သူ့စာရွက်စာတမ်းတွေချပြီး ရေသန့်စက်ကနေ ရေတစ်ခွက်ထည့်ကာ မော့ဟန်ကို ကမ်းပေးလိုက်သည်။
“ရှေ့နေကြီးကိုယ်တိုင် ကျွန်တော်တို့ဆီကို ရောက်လာကတည်းက အရေးကြီးကိစ္စဖြစ်ရမယ်။ ဘာများလဲ? ငါ့အကူအညီလိုတာ”
မော့ဟန်က အမြန်ပဲ ပြောလိုက်သည်။
“လူတစ်ယောက်အကြောင်း ကျွန်တော်စုံစမ်းချင်လို့”
အရာရှိကြီးကျန်းက မော့ဟန်ရဲ့ အလေးအနက်ဖြစ်နေတဲ့ မျက်နှာကို မြင်တော့ တရားရုံးကိစ္စမဟုတ်မှန်း နားလည်လိုက်သည်။ မော့ဟန်ကို သူ့အရှေ့ကခုံပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး မေးသည်။
“ဘယ်သူ့ကို ရှာချင်တာလဲ? နာမည်က ဘာလဲ?”
မော့ဟန်က ပြန်ဖြေသည်။
“သူ့နာမည်သူတောင် မသိဘူး”
အရာရှိကြီးကျန်းက ပြန်ပြောသည်။
“မသိဘူး? ငါကဘယ်လိုလုပ်စုံစမ်းပေးရမလဲ?”
မော့ဟန်က ခနလောက်ငြိမ်သွားပြီးမှ ပြန်ဖြေသည်။
“ကောင်မလေးက . . . အတိတ်မေ့နေတာ။ သူ့မိသားစုကလည်း လာမရှာကြဘူး။ သူ့နောက်ကြောင်းကို ကျွန်တော်ကူရှာပေးချင်လို့”
အရာရှိကြီးကျန်းက စဉ်းစဉ်းစားစားပြောသည်။
“အဲ့ဒီcaseဆိုရင်တော့. . . နည်းနည်းခက်မယ်”
မော့ဟန်က သူ့ဟာကိုသူ တွေးမိပြီး
“လွန်ခဲ့တဲ့ ၁လလောက် April 14လောက်က ဆေးရုံရှေ့နားက cctvကို ပြန်စစ်ကြည့်ပေးလို့ ရမလား? သူ့ကို အဲ့ဒီမှာတွေ့တာ”
အရာရှိကြီးကျန်းက ထိုင်ခုံက ထကာ မော့ဟန်ကို ထိန်းချုပ်ခန်းထဲ ခေါ်သွားသည်။ အဲ့ဒီနေ့တုန်းက ဆေးရုံရှေ့က cctvရဲ့ videoကို ပြန်ရစ်ကြည့်သည်။
နှစ်ယောက်လုံးက ထိုင်ခုံပေါ်မှာ ထိုင်ကာ videoကို သံသယဖြစ်ဖွယ် မြုမှုန်တစ်မှုန်တောင် မကျန်ရအောင် အသည်းအသန် အသေအချာကြည့်နေသည်။ မော့ဟန်က သူဆေးရုံရောက်တဲ့ အချိန်အတိအကျကို ပြန်စဉ်းစားယူပြီး သူမရောက်ခင် အချိန်က video tapeကို ကြည့်လိုက်သည်။
နောက်ဆုံးမှာတော့ သူမရောက်ခင် နာရီဝက်အလိုမှာ မော့ဟန်က ထူးဆန်းတာတစ်ခုကို ရှာတွေ့သွားခဲ့သည်။