၁၇။ ဘာလို့ဒီလောက်တုံးရတာလဲ?
အချိန်အကြာကြီးအိပ်ပြီးတဲ့အခါ ကောင်မလေးက ဗိုက်ဆာကာ နိုးလာသည်။
သူမအကြမ်းဖျင်း တွက်လိုက်သည်။ သူမနိုးလာကတည်းက ဗိုက်အပြည့်ဝအောင် မစားရသေးဘူး။ မော့ဟန်က အနောက်တိုင်းစားသောက်ဆိုင်မှာ steakစားဖို့ ခေါ်သွားတုန်းကတစ်ခါပဲ စားရသေးသည်။ ကံမကောင်းတာက နည်းနည်းအီလာတုန်းမှာ ဗိုက်ဒဏ်ရာကပွင့်သွားပြီး ဆေးရုံကို အပြေးတက်လိုက်ရသည်။ ဆေးရုံလို ကြောက်ဖို့ကောင်းတဲ့နေရာတစ်ခုကို သူမနောက်တစ်ခေါက် ထပ်မရောက်ချင်တော့ဘူး။
သူမ သိတဲ့တစ်ဦးတည်းသော ယောကျၤားတစ်ယောက်ရဲ့ အဝတ်တွေကို ဝတ်ထားတော့ ဘောင်းဘီပုံကျနေပြီး အကျႌလက်ရှည်က လက်ချောင်းလေးတွေတောင် ဖုံးလုနီးပါးပဲ။ ခြေချင်းဝတ်သေးသေးလေးတွေပေါ်လာအောင် ဘောင်းဘီပွပွကြီးကို သူမခေါက်တင်လိုက်ကာ ခြေလှမ်းဖွဖွလေးတွေ တစ်လှမ်းချင်းလှမ်းကာ မီးဖိုချောင်ကို လျှောက်သွားသည်။
ရေခဲသေတ္တာဆီ သူမအရင်သွားလိုက်သည်။ သူမဖွင့်လိုက်တော့ သူမအတွက်စားစရာမရှိတာ မထူးဆန်းပါဘူး။ ရေဘူးတွေနဲ့ ဘီယာဘူးတွေပဲ ရှိသည်။ ပြောင်သလင်းခါနေတဲ့ ရေခဲသေတ္တာက သာမန်လူတစ်ယောက်ရဲ့ ရေခဲသေတ္တာလိုမဟုတ်မှန်း သူမခံစားမိသည်။
အဲ့ဒီလူကြီးဗိုက်ကောဆာရဲ့လား?
ကောင်မလေးက စိတ်ဓာတ်ကျစွာ ရေခဲသေတ္တာက အကန့်ကိုထပ်ဖွင့်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူမက အောက်ဆုံးအဆင့်မှာ ခဲနေတဲ့ပေါက်စီတွေအပြည့်နဲ့ အိတ်တစ်အိတ်ကို တွေ့သွားသည်။ သူမစိတ်ထဲက ကျိတ်ပျော်သွားသည်။
အခုမှပဲ ရေခဲသေတ္တာထဲမှာ ရှိရမယ့်ဟာကို သူမတွေ့ရတော့သည်။
အခု သူမဗိုက်ကိုဖြည့်ဖို့က အရေးအကြီးဆုံးပဲ။ ကောင်မလေးက မီးဖိုချောင်မှာ ပေါက်စီတွေကို ပြန်နွှေးလိုက်သည်။ မီးဖိုချောင်ထဲက ပစ္စည်းကရိယာတွေကို ကြည့်လိုက်တဲ့အခါမှာ ဘယ်ချိန်ကတည်းက မထိမကိုင်ဘဲ ထားခဲ့တာလဲမသိဘူး။ ကောင်မလေးက မျက်ခုံးကျုံမိသွားသည်။
အိမ်မှာ သာမန်မဟုတ်ဆုံးကတော့ မီးဖိုချောင်ပဲ!
ပေါက်စီတွေနွှေးပြီးတဲ့အခါမှာ ပန်းကန်လုံးထဲကို ထည့်လိုက်ပြီး ထမင်းစားပွဲမှာ ခြေချိတ်ထိုင်ကာ ပျော်ရွှင်စွာ စားတော့သည်။
သူမနည်းနည်းလောက် စားပြီးတဲ့အချိန်မှာအပြင်ကနေ တံခါးဖွင့်တဲ့ အသံအကျယ်ကြီးကို ကြားရသည်။ အဲ့ဒါက မော့ဟန်ပဲ။
သူပြန်ရောက်တဲ့အခါ ထမင်းစားပွဲမှာ အငမ်းမရစားသောက်နေတဲ့ ကောင်မလေးကို မြင်လိုက်တော့ ခနအေးခဲသွားသည်။ သူမက ဘောင်းဘီကိုလိပ်တင်ထားပြီး သူမပုံစံက လူကြီးအဝတ်တွေ ခိုးဝတ်ထားတဲ့ ကလေးပေါက်စလေးလိုပဲ။ မော့ဟန်က ရုတ်တရပ်ရှက်သွားသည်။ အရင်က သူ့အဝတ်တွေကို ဘယ်သူကမှ မဝတ်ခဲ့ဖူးဘူး။
စာရွက်စာတမ်းတွေကိုချကာ ဖိနပ်အပါးကို ပြောင်းစီးပြီး မေးလိုက်သည်။
“ဘယ်တုန်းကနိုးတာလဲ?”
“ခုနလေးတင်။ ဗိုက်ဆာလို့”
ကောင်မလေးက ခေါင်းတောင်မဖော်ဘဲ ပေါက်စီတွေကို ပါးစပ်အပြည့် ဗလုံးဗထွေး စားရင်းဖြေသည်။
မော့ဟန်က စားပွဲဆီလျှောက်သွားကာ ပန်းကန်လုံးကြီးထဲက ပေါက်စီတွေကို ကြည့်လိုက်ပြီး မျက်မှောင်ကြုံသွားသည်။ သူက အသံကိုနှိမ့်ကာ မေးလိုက်သည်။
“ဒီပေါက်စီတွေကို ဘယ်ကယူတာလဲ?”
ကောင်မလေးက သူ့မုန့်တွေကို ယူစားလိုက်လို့ ဆူခံရတော့မယ်လို့ ထင်လိုက်သည်။ သူမက ပြန်ဖြေသည်။
“ရေခဲသေတ္တာထဲကပါ”
မော့ဟန်က မီးဖိုဘက်ကို လှည့်ကြည့်ကာ သွားသည်။ ဘောင်ပေါ်မှာ ဖွင့်ထားတဲ့ ပေါက်စီထုပ်တစ်ဝက်ကို မြင်တော့ သူယူကြည့်လိုက်သည်။ ပြီးတဲ့နောက် သူသက်ပြင်းအရှည်ကြီးချကာ စားနေဆဲ ကောင်မလေးကို ကြည့်လိုက်သည်။
“မစားခင်မှာ အထုပ်ပေါ်က expire date ကို မကြည့်ဘူးလား?”
ကောင်မလေးက စားလက်စတောင်ရပ်ကာ ကြောင်သွားတယ်။
“ဘာလဲ?”
မော့ဟန်က အထုပ်ကို ကိုင်လိုက်ကာ
“ဒါတွေက ပြီးခဲ့တဲ့ နှစ်ဝက်လောက်တည်းက ငါပစ်ဖို့မေ့နေတာတွေ”
ကောင်မလေးက သူ့ပန်ကန်လုံးထဲက ပေါက်စီတွေကို ကြည့်ကာ ခေါင်းငုံသွားသည်။
“ဗိုက်က အရမ်းဆာနေတာ။ ရေခဲသေတ္တာထဲမှာလည်း ဘာမှမရှိဘူးလေ”
ကောင်မလေးမျက်လုံးတွေက ပေါက်စီပန်းကန်လုံးက မခွာနိုင်သေးတာကို မြင်တော့ သူသွားဖယ်လိုက်ရသည်။
“ထပ်မစားနဲ့တော့။ ခနနေရင် အပြင်မှာ လိုက်ကျွေးမယ်”
ကောင်မလေးက အပြစ်ကင်းစွာပဲ ပြောသည်။
“ဒါပင်မယ့် အခုဗိုက်အရမ်းဆာနေတုန်းပဲ။ ဒါအရင်စားလိုက်လို့မရဘူးလား?”
မော့ဟန်က မျက်နှာပြောင်းသွားကာ လေသံပျော့ပျော့နဲ့ ပြန်ပြောသည်။
“Dateကုန်နေပြီလေ! စိတ်ရှည်စမ်းပါ။ အပြင်မှာ လိုက်ဝယ်ကျွေးပါ့မယ်။ စားပြီးရင် အရေးကြီးတာတချို့ ဆွေးနွေးရမယ်”
ဒီလူကြီးက သူမလက်ရှိအနေအထားကို ပြောနေမှန်း ကောင်မလေးက သိတာကြောင့် သူဒေါသတကြီး အိမ်ပေါ်က ကန်မချခင်လေး ဝယ်ကျွေးတာစားဖို့ ပါးစပ်လေးပိတ်ကာ လိုက်သွားသည်။
အပြင်မှာ သူဝယ်ကျွေးတာ စားပြီးတဲ့အခါ သူမဗိုက်ကလေးက စိတ်ချမ်းသာသွားပြီ။ မော့ဟန်ကားပေါ်မှာ ဇိမ်ပြေနပြေလှဲကာ မျက်လုံးမှိတ်ထားသည်။ သူနိုးလာကတည်းက ဒါကအပျော်ဆုံးနေ့ပဲ။
မော့ဟန်က တချိန်လုံး တိတ်ဆိတ်နေသည်။ သူက ကားကိုအာရုံစိုက်မောင်းကာ တစ်ချက်တစ်ချက် နောက်ခုံက ပင်ပန်းနေတဲ့ ကောင်မလေးကို ကြည့်သည်။ သူမက သူ့အဝတ်တွေကို ဝတ်ထားပြီး အပြင်ထွက်စားကတည်းက coatလေးကိုရော ဝတ်ထားတုန်းပဲ။ ကောင်မလေးဝတ်ထားသမျှ အဝတ်တိုင်းက သူ့အဝတ်တွေ ဖြစ်တာကြောင့် သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေသည်။