၂၅။ မောင်နှမတွေ
“ပြန်လာပြီး ဒီမှာပဲနေမှာ”
ရှုချင်းရီက ပြုံးပြုံးလေး ဖြေသည်။
“ဒီနေ့အလုပ်သွားရမှာမလား?”
ရှုချင်းရီက စပ်စုပြန်သည်။
မော့ဟန်က ကားကိုပဲအာရုံစိုက် မောင်းနေရင်းက တည်ငြိမ်စွာပြောသည်။
“မင်းကို ဆေးရုံပို့ပြီးတာနဲ့ အလုပ်သွားတော့မှာ”
သူတို့ဆေးရုံကိုရောက်သည့်အခါ မော့ဟန်က ကားကို ပါကင်ထိုးပြီးသည်နှင့် လမ်းလျှောက်ထွက်လာသည်။ ရှုချင်းရီက သူ့နောက်မှ လိုက်လျှောက်လာသည်။
လူရှုပ်နေသည့် ဆေးရုံကို သူမရင်ထဲတွင် ကြောက်စိတ်ရှိနေဆဲပင်။ လေထဲတွင်ရနေသည့် ပိုးသတ်ဆေးအနံ့ကို သူမမမုန်းသည်။ နာကျင်မှုဒဏ် ခံစားနေရသည့် အမူအယာတွေကိုလည်း သူမမုန်းသည်။ မုန်းတယ်လို့ပြောရသည်ထက် ကြောက်သည်ဟု ပြောခြင်းက သူမအတွက် ပိုသင့်တော်သည်။
သူမကြောက်သည်။ ဒီဖြူဖျော့အားနည်းနေသည့်မျက်နှာများကို ကြောက်သည်။ နေမကောင်းသောအခါ သူတို့လမ်းလျှောက်သည့်ပုံစံမှာပါ နာကျင်မှုအရိပ်အယောင် ကပ်တွယ်နေသည်။ ဘဝကြီးဟာ မရေရာမသေချာတော့ပြီး ဘယ်အချိန်ထွက်သွားရမလဲဆိုတာကို မပြောနိုင်ဘူး။
သူမဒီလိုမဖြစ်ချင်ပင်မယ့် သူမကလည်း လူနာတစ်ယောက်ပဲဆိုတာ နားလည်ပါသည်။ မျောနေပြီး တစ်ပတ်အကြာတုန်းကမှ ပြန်နိုးလာသည့် လူနာပေါ့။ အတိတ်လည်းမေ့နေသေးသည်။
“ဒဏ်ရာတွေကိုကြည့်ရအောင် အဝတ်ချွတ်လိုက်”
Maskတပ်ထားသည့် ဆရာဝန်ကြီးက ရှုချင်းရီကို ခံစားချက်မဲ့စွာ ပြောသည်။
ရှုချင်းရီက အနည်းငယ်မသက်မသာဖြစ်စွာ မော့ဟန်ကို ကြည့်သည်။ သူက ခဲတံတစ်ချောင်းလိုပင် မတ်မတ်ကြီးရပ်နေသည်။ သူမျက်နှာတွင် ဘာခံစားချက်မှပေါ်မလာပင်မယ့် သူမကိုကြည့်မနေတာ သေချာရန် မျက်နှာကိုလွှဲပေးလိုက်သည်။ ထိုအခါမှသာ သူမကအဝတ်ကို မြှောက်ပြလိုက်သည်။ သူမရင်ဘတ်တွင်ရှိသောဒဏ်ရာကိုပြရန်ရှက်သောကြောင့် ဝမ်းဗိုက်ကဒဏ်ရာကိုပဲ ပြလေသည်။
ဆရာဝန်က တစ်ချက်ကြည့်တော့ ပတ်တီးတွင်သွေးစိုနေသည်ကို မြင်သည်နှင့် မျက်မှောင်ကျုံးပြီး ပြောသည်။
“ဘယ်လိုဖြစ်တာလဲ? ဒီရက်ပိုင်းလေးကမှ ဆေးထည့်ပြီး သေချာစီးပေးလိုက်တာကို?
ရှုချင်းရီက ကသိကအောက်ဖြစ်စွာ ရယ်ရင်း
“မနေ့က လှေကားတက်တုန်းက မရည်ရွယ်ဘဲ ဒဏ်ရာက နည်းနည်းပွင့်သွားတယ်”
“သေချာပြောလိုက်ရဲ့သားပဲ။ လေ့ကျင့်ခန်း မလုပ်ပါနဲ့ဦးလို့။ ဒီလိုအခြေအနေက ဆေးရုံမှာပဲ ဆက်စောင့်ကြည့်နေသေးသင့်တာ”
ရှုချင်းရီက “ဆေးရုံ”ဆိုသည့် စကားကိုကြားရုံနှင့် အသည်းအသန်ရှင်းပြတော့သည်။
“မတက်ပါရစေနဲ့။ ဒီတိုင်းပေါ့သွားမိလို့ပါ။ တကယ်ဘာမှမဖြစ်ပါဘူး”
ဆရာဝန်ကြီးက စကားတစ်ခွန်းမှ မပြောသည့် အရပ်ရှည်သည့်လူကိုကြည့်ကာ
“ခင်ဗျားက လူနာရဲ့အမျိုးမလား?”
မော့ဟန်က ခေါင်းငြိမ့်သည်။
“ဘယ်လိုတော်တာလဲ? ဦးလေးနဲ့ တူမလား?”
ဆရာဝန်ကြီးက သူတို့နှစ်ယောက်ကို စပ်စုစွာဖြင့် သေချာကြည့်သည်။ ဒါပင်မယ့် သူဘယ်လောက်ကြည့်ကြည့် သူတို့နှစ်ယောက်က ရုပ်ချင်းလည်းမဆင်ကြဘူး။
မော့ဟန်အမှုအယာက အေးစက်သွား ကာ ဆရာဝန်ကို ကြောက်လန့်သွားစေသည်။ ခနလောက်တွေဝေနေပြီးမှ သူပြန်ဖြေသည်။
“ကျွန်တော်တို့က . . . မောင်နှမတွေ”
ဆရာဝန်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်ပင်မယ့် မော့ဟန်ဖုန်းက ဝင်လာသည်။ သူကဆရာဝန်စကားကို နားထောင်ဘဲ ချက်ချင်းပင် အခန်းအပြင်ထွက်သွားကာ ဖုန်းကိုင်သည်။
“ဘာဖြစ်လို့လဲ?”
မော့ဟန်က အသံကိုလျှော့ကာ မေးသည်။
“ရှေ့နေကြီး ဘယ်မှာလဲ?”
လျူဇီယွမ်က လန့်နေသည့်အသံဖြင့် ပြန်မေးသည်။
“ဆေးရုံမှာ”
“ဥက္ကဋ္ဌကျန်းရဲ့မိန်းမဟောင်းက ကျွန်တော်တို့ law firmကို ရောက်လာတယ်။ သူတို့က ရှေ့နေပြောင်းလိုက်ပြီး ကျွန်တော်တို့အမှုရှုံသွားနိုင်မယ့် သက်သေရှိတယ်လို့ ပြောသွားတယ်”
“ဘယ်လိုသက်သေလဲ?”
“ဥက္ကဋ္ဌကျန်း လာဘ်စားတဲ့ ဗီဒီယို”
မော့ဟန်အမူအယာက ပြောင်းသွားသည်။ ဒီအိမ်ထောင်ကွဲသည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်ဖွဲ့လုံးက တစ်လလုံးအလုပ်လုပ်လာရသည်။ မနက်ဖြန် ရုံးတင်သည့်အခါ ဒိလိုမမျှော်လင့်သည့် အခြေအနေသာပေါ်မလာလျှင် ပြဿနာအကြီးအကျယ်မရှိနိုင်ပေ။ ဥက္ကဋ္ဌကျန်း၏ စီးပွားရေးနှင့် ပိုင်ဆိုင်မှုတွေကို မထိခဲ့ပေ။ ဒါပင်မယ့် အခုတော့ ကျန်း၏မိန်းမဟောင်းမှာ ဗီဒိုယိုသက်သေတင်ပြလာလေပြီ။ ထိုသက်သေသာ အစစ်ဖြစ်နေခဲ့လျှင် အမှုမှာပိုရှုပ်ထွေးလာတော့မည်။
“ဘယ်လိုလုပ်ရမလဲ?”
လျူဇီယွမ်က ဘာမှမစဉ်းစားတက်၍ မေးသည်။
“ခြွင်းချက်အခြေအနေပြောသွားသေးလား?”
မော့ဟန်က စိတ်တည်ငြိမ်စွာ အခြေအနေကို ယေဘုယျကျစွာ သုံးသပ်လိုက်သည်။ ကျန်း၏မိန်းမဟောင်းမှာ လောဘကြီးသူဖြစ်သည်။ မနက်ဖြန်ရုံးချိန်းအတွက် အရေးပါသည့်အရာကို ဒီနေ့သူ့ရုံးကို လာပြောကတည်းက သူမတွင်မြှုပ်ကွက်ရှိလိမ့်မည်။