၂၇။ ကျွန်မက သူ့ညီမ
“ဈေးကြီးလို့လား?”
ရှုချင်းရီက မေးသည်။
“တစ်စုံလုံးကို ၃၈၈ယွမ်ပါ”
“အင်း . . .ယူမယ်လေ”
အရောင်းဝန်ထမ်းက တစ်မိနစ်အတွင်းမှာ တစ်စုံရောင်းလိုက်ရသောကြောင့် အံ့သြနေသည်။
“ကူပြီးရွေးပေးပါဦး။ ကျွန်မsizeကို ဈေးလည်းသိပ်မကြီးဘဲ သင့်တော်တဲ့ဟာမျိုးလေးတွေဆိုရင် ဝယ်မလို့”
ရှုချင်းရီက ပင်ပန်းလာသောကြောင့် ဆိုဖာပေါ်တွင်ထိုင်ကာ ဈေးဝယ်ခြင်းကိုစိတ်မဝင်စားသည့်အလား အရောင်းဝန်ထမ်းကိုပြောသည်။
အရောင်းဝန်ထမ်းက သူမကိုအံ့သြစွာ ကြည့်သည်။
တကယ်ကြီးလား? ဒါတကယ်ဖြစ်နေတာလား? သူဒီကိုဈေးဝယ်ဖို့လာတာတော့ ဟုတ်ပါတယ်နော်။
ဒီလိုနဲ့ပဲ အရောင်းဝန်ထမ်း၏ အံ့သြမှုအထွေထွေအောက်မှာ သူမဟာအမြန်ဆုံး ဈေးဝယ်ခြင်းစံချိန်ကို ချိုးပစ်လိုက်သည်။ သူမငွေပေးချေပြီးသည်နှင့် ဆိုင်၏အဝတ်လဲခန်းတွင် ဝတ်စုံအသစ်တစ်စုံလဲလှယ်ပြီးဝတ်ကာ အိတ်များကိုဆွဲ၍ လျှောက်ထွက်သွားသည်။
သူမလိုအပ်သည်များကို ဝယ်ပြီးcenterထဲမှ ထွက်လာသောအခါ ကောင်ကင်ကြီးမှာ မိုးသားများအလိပ်လိပ်ဖြင့် မိုးရွာတော့မတက်
မည်းမှောင်နေသည်။
မော့ဟန်က ဈေးဝယ်ပြီးသည့်အခါ သူ့ကိုဖုန်းဆက်ခေါ်ရန်မှာသွားပင်မယ့် သူမဖုန်းအသစ်စက်စက်လေးတွေ contact listမှာ ပြောင်ရှင်းနေသည်။ ထိုအခါမှ နောက်ပြဿနာကြီးတစ်ခုကို သူမသိလိုက်တော့သည်။
သူမတွင် မော့ဟန်၏ ဖုန်းနံပတ် မရှိပေ!
မော့ဟန်က သူမတွင် ဖုန်းမရှိတာသိသောကြောင့် အရင်လှမ်းဆက်သွယ်ရန် မဖြစ်နိုင်သလို သူမကလည်း သူ့ဖုန်းနံပတ်ကိုမသိပါ။ ပြီးတော့လည်း အိမ်ကိုပြန်ရအောင် အိမ်မှာ ဘယ်လိုပုံစံမှန်း သူမမသိဖြစ်ပြန်သည်။ သူမထိုအိမ်ကိုရောက်သွားတုန်းက မနက်၃နာရီဖြစ်သောကြောင့် အပြင်ဘက်တွင်မှောင်မဲနေကာ သူမဘာမှမမြင်ခဲ့ပါ။ သူမသိသည်ဆိုသည်၍ ထိုအိမ်တံခါးမှာ လိမ္မော်ရောင်ဖြစ်သည်။
ဒါကဘာသုံးရမှာလဲ? Driverကို သူမနေသည့် လိမ္မော်ရောင်တံခါးရှိသည့်အိမ်ကို ပို့ခိုင်းလို့မှမရတာ!
ရှုချင်းရီမှာ သူမကိုယ်သူမ ဘေးကျပ်နံကျပ်အခြေအနေတွင် ရောက်ရှိနေကြောင့် သတိထားမိသွားသည်။ မည်းမှောင်နေသည့် ကောင်းကင်ကိုကြည့်ကာ သူမသက်ပြင်းချလိုက်သည်။ လမ်မီးတိုင်တွေမှာ မီးလင်းလာပြီး မိုးရွာတော့မည်ရှေ့ပြေးအနေဖြင့် လေများတိုက်ခတ်လာလေပြီ။
လမ်းမဘေးတွင်ရပ်တန့်ကာ သူမအချိန်တချို့ယူကာတွေးပြီးသည့်နောက် မော့ဟန်၏ရုံးကို သူမtaxiစီးသွားရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာက လက်ရှိတွင် သူမမှတ်မိသော တစ်နေရာတည်းပင် ဖြစ်သည်။
မော့ဟန်ရုံးသို့ရောက်ရှိသောအခါ သူမဒဏ်ရာတွေမှာ သတိထားပြီး မဖိမိအောင်ထိန်းကာ အထဲသို့ဝင်လိုက်သည်။ ဧည့်ခန်းထဲသို့ သူမအိတ်များကိုသယ်ပြီးရောက်လာသည့်အခါ သူမချွေးတွေကို သုတ်လိုက်ပြီး မောပန်းလွန်းသောကြောင့် သူမကိုယ်သူမနည်းရပ်တည်နေရသည်။ ဧည့်ခန်းမှကောင်တာတွင် ခြေကားယားလက်ကားယား ထိုင်ချကာ သူမအိတ်တွေကို အမောတကောချလိုက်သည်။
ကောင်တာမှအမျိုးသမီးမှာ သူမကိုထူးဆန်းစွာကြည့်ရင်း လာမေးသည်။
“ဘာများကူညီပေးရမလဲရှင်?”
“ကျွန် . . .ကျွန်မ. . .ရှေ့နေကြီးကို . . .လာ . . .ရှာတာ”
ကျန်းလီသည် ရှေ့နေကြီး၏ အမူသည်ဟုထင်သွားပြီး အလုပ်သဘောဖြင့်
“အားနာပါတယ်ရှင်။ ကြိုချိန်းမထားရင် ရှေ့နေ့ကြီးနဲ့ တွေ့လို့မရပါဘူး”
ရှုချင်းရီက အရင်တစ်ခါတုန်းက ဒီရုံးကိုလာတစဉ်တွင် ဒီအမျိုးသမီးမှာ ဒီနေရာတွင်မရှိဘဲ အရပ်ပုပုနှင့် မုတ်ဆိတ်ရှိသည့် လူကြီးတစ်ယောက်သာရှိခဲ့သည်။ ဒီအမျိုးသမီးက ထိုလူကြီးလက်အောက်တွင် အလုပ်လုပ်သည်လား သို့မဟုတ် ထိုလူကြီးမှာ ဒီအမျိုးသမီးလက်အောက်တွင် အလုပ်လုပ်သလား သူမမသိပါ။ ဒါကလည်း ယခုသူမအတွက် အရေးကြီးကိစ္စမဟုတ်ပေ။
သူမက အသက်ဝဝရှုပြီး ရပ်လိုက်သည်။ သူမအတွက်မလွယ်ကူပင်မယ့်လည်း လေသံသာသာလေး ပြောလိုက်သည်။
“ကျွန်မက ရှေ့နေကြီးရဲ့ညီမပါ”
ကျန်းလီက အံ့သြသွားသည်။
ရှေ့နေကြီးမှာ ညီမလေးရှိတယ်လို့ ငါမကြားဖူးဘူးမလား? ရှေ့နေကြီးက ဒီဥပဒေနယ်ပယ်မှာ နာမည်အရမ်းကြီးတာ။ အဲ့ဒါကြောင့် သူ့အမှုကိုလိုက်ပေးဖို့ ရှေ့နေကြီးကိုပြောရအောင် ညဏ်ဆင်နေတာ ဖြစ်လောက်မယ်။ ဒါပင်မယ့်လည်း ဒီလောက်အိတ်တွေအများကြီးနဲ့ အမောတကောလာပုံထောက်ရင်လည်း ဖြစ်နိုင်သလိုလိုပဲ။
ရှုချင်းရီက သူမ၏မယုံကြည်နိုင်သည့် အမူအယာကိုမြင်တော့ ရှုင်းပြသည်။
“ကျွန်မက တကယ်ရှေ့နေကြီးရဲ့ညီမပါ။ သူ့ကိုဖုန်းဆက်ပြီး ပြောကြည့်လိုက်ပါလား”