၁၃။ စာချုပ်ကိစ္စ
“မင်းဘာလို့ရပ်နေတာလဲ?”
ပိုင်ယုက ဆေးရုံအခန်းကို ရှာမတွေ့ခင်မှာ ငွေရှင်းဖို့အတွက် အကြာကြီးလိုက်ရှာလိုက်ရသည်။ အခန်းနားရောက်တော့ အခန်းထဲမဝင်ဘဲ အပြင်မှာရပ်နေတဲ့ မော့ဟန်ကို သူတွေ့ရသည်။ သူအထဲကိုကြည့်လိုက်တော့ စိတ်ချရဲ့တဲ့အခြေအနေမှာ သက်သာစွာလှဲနေတဲ့ ကောင်မလေးကို မြင်ရသည်။
“ဟိုကလေးမလေး ဘယ်လိုနေလဲ?”
“အခုပဲ ချုပ်ပြီးသွားတယ်။ ထုံဆေးကတော့ အခုမပြယ်သေးဘူး”
ပိုင်ယုက မော့ဟန်ပုံစံက ထူးခြားနေမှန်း သိလိုက်သည်။ သူ့မျက်နှာက မီးသွေးခဲလို မဲမှောင်နေပြီးတော့ တစ်ခုခုကို အလိုမကျဘဲ ဒေါသထွက်နေပုံရသည်။ သူ့ကို ဒီလိုပုံစံမျိုးနဲ့ ဘယ်သူမှ မမြင်ဖူးတာ အတော်ကြာပြီ။ အချိန်အများစုမှာ သူကရုပ်တည်ကြီးနဲ့နေပြီး ပြုံးခဲသည်။ သူဘာတွေးနေမှန်း ဘယ်သူကမှ မှန်းမရဘူး။ ၈နှစ်လောက်ခင်ခဲ့တဲ့ သူငယ်ချင်းကတောင်မှ မော့ဟန်ရဲ့ ဒီလိုအမူအယာမျိုးကို ဘယ်တုန်းက နောက်ဆုံးမြင်ခဲ့မှန်း မမှတ်မိတော့ဘူး။
“မင်းနဲ့ ဟိုကောင်မလေးက ဘာတွေလဲ? အရင်တုန်းက ငါဘာလို့မမြင်ဖူးရတာလဲ?”
ပိုင်ယုက မေးသည်။
“ငါနဲ့ လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ တွေ့ဖူးတာ။ ငါ့ရုံးကို ဆေးရုံဝတ်စုံနဲ့ ရောက်လာပြီး သူ့အကြောင်းသူလာမေးတာလေ”
မော့ဟန်က သူတို့ပထမဆုံး တွေ့တုန်းကအကြောင်း ပြန်တွေးမိကာ ရယ်ဟန်ဆောင်ရင်း ပြောသည်။
ပိုင်ယုက နားမလည်နိုင်တော့ ခေါင်းငဲ့ကာ မေးသည်။
“ဘာတွေလဲ?”
မော့ဟန်က ပြောသည်။
“ကောင်မလေးက အတိတ်မေ့နေတယ်။ ဘာမှကို မမှတ်မိဘူး။ အရင်လက ငါဆေးရုံကို သွားတုန်းက မရည်ရွယ်ဘဲ ဆေးဖိုးရှင်းလိုက်ပြီး သူ့ကိုကယ်လိုက်မိတယ်။ သတိရလာတော့ ဆေးရုံကစာရွက်နဲ့ ငါ့ရုံးကိုလာပြီး သူ့ကိုသိလားလို့ လာမေးတယ်”
“မင်းက သူ့ဆေးဖိုး ရှင်းလိုက်တာ?”
ပိုင်ယုက မော့ဟန်လိုမျိုး သွေးအေးတဲ့ရှေ့နေက စိတ်သဘောထားကြီးတယ်ဆိုတာကို မယုံကြည်နိုင်ဘူး။
“လုမိသားစုက အဖိုးကြီးက ဆေးရုံမှာ သေတော့မယ်။ ငါဆေးရုံကိုသွားပြီး သက်သေစာချုပ်သွားယူတာ။ ဆေးရုံရှေ့မှာ သူက မေ့လဲကျနေတော့ လူတွေကဝိုင်းနေရော။ ကားကလည်း ဝင်မရတဲ့နောက်ဆုံး လျူဇီယွမ်ကို ငွေသွားရှင်းခိုင်းလိုက်ရတယ်။ အဲ့လိုနဲ့ ငါသူ့အသက်ကယ်ဖြစ်သွားတယ်”
ပိုင်ယုက သဘောတကျပြုံးတယ်။
“အဲ့ဒါဆို မင်းက သူ့အသက်သခင်ကျေးဇူးရှင်ကြီးပေါ့”
ပိုင်ယုက မော့ဟန်လက်မောင်းကို ခပ်ဖွဖွထိုးကာ စလိုက်သည်။
“ဒါဆို . . . မင်းကိုလာရှာတာက . . . သူ့ကိုယ်သူမင်းကိုပုံပေးမလို့မလား?”
မော့ဟန်က သူ့လက်ကိုဖယ်ထုတ်လိုက်သည်။
“မင်းအတွက် ငါထုတ်ဝေသူတွေ ခေါ်ပေးရမလား?”
“ဟမ်?”
မော့ဟန်က စကားလုံးတိုင်းကို ပြတ်ပြတ်သားသားပြောလိုက်သည်။
“စိတ်ကူးအရမ်းကောင်းလို့ ဝတ္တုတောင် ရေးရနေပြီ”
အပြင်ဘက်မှာ သူတို့နှစ်ယောက် စကားပြောနေတုန်းမှာ အခန်းထဲက ကောင်မလေးက ထဖို့လုပ်နေတာကို သူတို့သတိမထားမိဘူး။ ဗိုက်ကဒဏ်ရာက ထုံဆေးအရှိန်ကြောင့် နာကျင်မှုကို သူမသိပ်မခံစားရဘူး။ ဒါပင်မယ့် အရင်လကလိုမျိုး သူမဆေးရုံကုတင့ပေါ်မှာပဲ လှဲမနေချင်ဘူး။ သူမကြိုးစားရပ်လိုက်ပြီး အပြင်ကသူနှစ်ယောက်ကို မြင်လိုက်ရသည်။ သူမတံခါးကိုဖွင့်လိုက်ကာ တံခါးဝမှာ မှီရပ်လိုက်သည်။
“ပြန်ခေါ်သွားပေးပါလားဟင်?”
ဘေးမှာရပ်နေတဲ့ မော့ဟန်ကို သူမမေးလိုက်သည်။
မော့ဟန်က သူမကုတင်ပေါ်က ထလာတာကို မသိခင်မှာ ခေါင်းလှည့်လိုက်ကာ သူမကို ကြည့်သည်။
“ဘာလို့ထလာတာလဲ?”
“ဆေးရုံတွေကို မကြိုက်ဘူး။ ပြန်ချင်တယ်”
မော့ဟန်က အေးစက်စွာ ပြောလိုက်သည်။
“ဆရာဝန်က မကောင်းသေးဘူးလို့ ပြောတယ်။ ဆေးရုံကနေ ဆင်းမရသေးဘူး”
ကောင်မလေးက ရယ်သည်။
“ဆေးရုံမှာနေရင် ဘာလုပ်ဖို့နေရမှာလဲ? ကျွန်မမှာ ပိုက်ဆံတပြားတချပ်မှမရှိတာ။ ဆေးရုံစရိတ်လည်း ပေးနိုင်တာ မဟုတ်ဘူး”
မော့ဟန်က ပြောသည်။
“ငွေကရှင်းပြီးသား။ ကောင်းတဲ့အချိန်အထိ ဒီမှာနေရတယ်”
ပိုင်ယုက သူ့ကိုဘုကြည့်ကြည့်ပြီး သူ့ဟာသူတွေးနေမိသည်။ ဟေ့ကောင်ရေ ဆေးရုံစရိတ်က ငါရှင်းလိုက်ရတာနော်!
ကောင်မလေးက သွေးအေးတဲ့မျက်နှာနဲ့ လူကြီးကို လုံးဝနားမလည်နိုင်ဘူး။ အရင်ရက်ပဲ သူမကို မသိဘူးပြောသည်။ သူ့ရုံးမှာတုန်းက သူစိမ်းတွေနဲ့ လုံးဝအဆက်အဆံမလုပ်ချင်ဘူးလို့ ပြောသည်။ ဒါပင်မယ့် ရက်နည်းနည်းကြာတော့ တနပ်စာ ဝယ်ကျွေးပြီး ဆေးရုံဖိုးတွေ ရှင်းပေးနေပြန်ပြီလား?
“ရပါတယ်။ ရှင့်ပိုက်ဆံတွေ မဖြုန်းပါနဲ့။ မလိုပါဘူး”
မော့ဟန်က လှောင်ရယ်သည်။
“သွားတော့မလို့လား? အခုမှ မနက်၃နာရီပဲ ရှိသေးတယ်။ လမ်းပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားမလို့လား?”
“ဘယ်ပဲဖြစ်ဖြစ်ပေါ့! ဆေးရုံမှာ မနေချင်ရုံတင်ကို”
ပိုင်ယုက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က ရန်ထဖြစ်တော့ မတက်ပဲ။ ဒါပင်မယ့်လည်း သူဘာမှဝင်မပြောလိုက်နိုင်ဘူး။ သူတို့ကိုဝင်ဖြန်ဖြေဖို့ ပါးစပ်ဟလိုက်တဲ့ အချိန်မှာပဲ သူဖုန်းက မြည်လာသည်။ အရေးကြီးဖုန်းဖြစ်နေပြီး သူပြန်သွားဖို့ လိုသည်။
ပိုင်ယုက ဖုန်းကိုချလိုက်ပြီး သူတို့နှစ်ယောက်ကြားက တင်းမာနေမှုကို ဂရုစိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါ မင်းတို့တွေနဲ့ နေပေးတာ အတော်ကြာနေပြီ။ ငါသွားမှဖြစ်တော့မယ်။ စကားအေးဆေးပြောကြ”