၂၃။ ကိုကြီးနဲ့အတူရှိတာကြိုက်တယ်
Zzz. . .Zzz. . . ညဥ့်နက်သောအခါ မော့ဟန်အခန်းထဲတွင် အသက်ရှုမှန်မှန်ထွက်နေသည်။
မော့ဟန်က အအိပ်ဆက်သောသူ ဖြစ်သည်။ အခန်းထဲမှ ထွက်လာသည့် အသံသေးသေးက သူ့ကိုနိုးသွားစေသည်။ သူထထိုင်ကာကြည့်လိုက်သည်။ သူဘာမှသေချာမမြင်ရသေးတော့ သေချာနားထောင်လိုက်သည်။ ထိုအခါအသံက ပျောက်သွားသည်။
သူပြန်လှဲချလိုက်ပင်မယ့် ဘာလဲဆိုသည်ကို သံသယဝင်ဆဲပင်။ သူမျက်လုံးမှိတ်ကာ အိပ်ဖို့ပြင်သည်။ ဒါပင်မယ့် နှစ်မိနစ်လောက်အတွင်းမှာပဲ ထပ်ဖြစ်သောအခါ ဆတ်ကနဲပြန်နိုးလာပြန်သည်။ သူကြောင်သွားသည့် မျက်လုံးတွေဖြင့် စောင်ကိုဖယ်ကာ သူ့အိပ်ရာဘေးက ကြမ်းပြင်ကို ချောင်းကြည့်လိုက်သည်။
သေချာပေါက်ကို သူထင်သည့်အတိုင်းပင်။ အခင်းပေါ်တွင် စောင်ခြုံကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူမှာ ခုနလေးကမှ ခိုးဝင်လာသည့် ရှုချင်းရီ!
ပြောစရာစကားမဲ့စွာ သူအိပ်ရာထလိုက်ပြီး မီးသွားဖွင့်လိုက်သည်။ အလင်းရောင်မှာ အခန်းတစ်ခန်းလုံးကို ဖြန့်ကျက်သွားသည်။ သူလက်ပိုက်ကာ မျက်မှောင်ကျုံပြီး အိပ်နေသည့်လူ နိုးလာရန်စောင့်သည်။
ရှုချင်းရီက ရုတ်တရပ်ပွင့်လာသည့် မီးကိုလက်ဖြင့်ကာလိုက်ပြီးနောက် မျက်လုံးကိုပွတ်သည်။ ထို့နောက် ဘာဖြစ်နေမှန်းမသိသည့် သူမမှာစောင်ကိုခေါင်းမြီးခြုံသွားသည်။
“ငါ့အခန်းထဲ ဘာဖြစ်လို့ လာအိပ်နေတာလဲ?”
မော့ဟန်က ချည်သားညအိပ်ဝမ်းဆက်ဖြင့် မတ်မတ်ရပ်နေသည်။ သူက အသံကြားမှပြန်အသိဝင်လာသည့် ရှုချင်းရီကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။
“ကိုကြီးအခင်းက သက်တောင့်သက်သာရှိလို့”
ရှုချင်းရီက အပြစ်ကင်းစွာ ပြန်ဖြေသည်။
မော့ဟန်က အိပ်ရာပေါ်မှာ အိပ်ရတာမကြိုက်ဘဲ အခင်းပေါ်မှာအိပ်တာကြိုက်တဲ့သူကို ဒီလိုမျိုးဘယ်တုန်းကမှ မကြုံဖူးလေဘူး။ သူကူကယ်ရာမဲ့စွာပဲ
“မင်းအိပ်ရာကိုပဲ သွားပြန်အိပ်ချေ”
ရှုချင်းရီက ခေါင်းခါသည်။
“အရမ်းနူးညံ့လွန်းတယ်။ အိပ်လို့မရဘူးလို့ နေ့လည်ကပြောသားပဲ”
မော့ဟန်က သူမအပြုအမူတွေကို နားမလည်နိုင်တော့ဘူး။ လုံးဝသဘောကျပုံပေါက်နေသည့် ရုပ်တည်ကြီးနှင့် သူ့အခင်းပေါ်မှာ သနားစဖွယ်လေး ထိုင်နေသည့် ထိုကောင်မလေးကို ကြည့်ရသည်မှာ ပိုရှုပ်ထွေးလာသည်။
သူ့အခင်းပေါ်ကထွက်သွားမှာ မဟုတ်သည့်ကောင်မလေးကို သူပြောလိုက်သည်။
“မင်းအခန်းကို ပြန်သွားအိပ်ချေ။ ငါ့အခင်းကိုယူပြီး မင်းအခန်းထဲလာချပေးမယ်။ အဲ့လိုဆိုရင် မင်းအခန်းထဲမှာ အိပ်ရပြီမလား”
ရှုချင်းရီက သူအကြံကို သဘောကျသည့်ပုံ မပေါ်ချေ။ သူ့အခင်းကို သူမအခန်းထဲ လာချပေးထားရင်တောင်မှ အခန်းက မှောင်နေဆဲဖြစ်သောကြောင့် သူမမအိပ်ရဲပါ။ ဒီနေရာမှာကျတော့ သူမခေါင်းထောင်ကြည့်လိုက်ရုံနှင့် တစ်စုံတစ်ယောက်ရှိနေသည်ကို မြင်ရနိုင်သည်။
ဒါဆိုရင် သူမကြောက်စရာမလိုတော့ဘူးမလား?
သူမအခန်းကိုမပြန်ချင်တာကြောင့် အခင်းကြောင့်ဟုပြောကာ ဘူးခံနေချင်ဖြစ်သည်။ သူမက လက်ကလေးတွေကိုယှက်ကာ သနားစရာ့အသံလေးဖြင့်
“ညီမလေး အခန်းကို ပြန်မသွားချင်ဘူး။ ကိုကြီးနေရာက သက်သောင့်သက်သာအရှိဆုံးပဲ! ဆူဆူညံ့ညံ့မလုပ်ပါဘူး။ အိပ်နေရင်းလည်း မယောင်ဘူး။ သွားလည်းမကြိတ်ပါဘူး။ ကိုကြီးအိပ်တာကို အနှောင့်မယှက်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်နော်”
မော့ဟန်က သူမအကြံကိုလက်မခံဘဲ ဆိတ်ဆိတ်နေကာ အေးစက်သည့်အကြည့်များဖြင့် စိုက်ကြည့်နေသည်။
“တကယ်ပြောတာ!!! ဘယ်လိုပဲဖြစ်ဖြစ် အောက်မှာအိပ်တာပဲကို။ ကိုကြီးမြင်နေရတာမှ မဟုတ်တာ”
“ညီမလေးအခန်းက မှောင်မဲနေတာ။ အလင်းရောင်မရှိတော့ ကြောက်စရာကြီး။ အသားကျသွားတဲ့အထိ ရက်နည်းနည်းလောက် စောင့်ပေးပါလား။ အဲ့အချိန်ကျရင်တော့ အခန်းကိုပြန်အိပ်ပါ့မယ်”
သူမနာကျင်နေသည်ကို ပြရန်အတွက် ကျက်စပြုနေသည့် ဒဏ်ရာကိုဖိလိုက်ကာ ဖြူဖျော့နေသည့်မျက်နှာနှင့် မျက်ရည်လေးဝဲပြီး
“တကယ်လို့ . . .အခန်းကိုပြန်သွားရင် လူးလှိမ့်နေရတာနဲ့ အိပ်ရမှာမဟုတ်ဘူး. . .ပြီးတော့ ဒဏ်ရာတွေ ပြန်ပွင့်တောင် သွားနိုင်သေးတာ။ ဘယ်လိုလုပ်ရမလဲ? ဆေးရုံကို ထပ်သွားရရင် နောက်ဆုံး ကိုကြီးပိုက်ဆံကိုပဲ ထပ်ဖြုန်းရဦးမှာ။ ဘယ်လိုလုပ်. . .”
မော့ဟန်က မျက်မှောင်ကြီးကျုံကာ သူမစကားကို ကြားဖြတ်ကာ
“ဟုတ်ပြီ။ တော်တော့။ ဘာမှထပ်မပြောနဲ့တော့”
ရှုချင်းရီက ပါးစပ်လေးပိတ်ကာ မော့ဟန်ပြောမည့်စကားတို့ကို မျှော်လင့်တကြီး စောင့်ဆိုင်းကာ နားထောင်နေသည်။
“သဘောပဲ။ ဒီအခင်းမှာ ရက်ပိုင်းလောက်အိပ်ရမယ်။ အိပ်နေတာကိုတော့ မနှောင့်ယှက်မိစေနဲ့”
ရှုချင်းရီက ကျေနပ်စွာပြုံးသွားသည်။ ဒီအေးစက်နေသည့် ရေခဲမျက်နှာပိုင်ရှင် အကိုကြီးက တစ်ခါတစ်လေတော့ လူသားချင်းစာနာထောက်ထားစိတ်ရှိသားပဲ။
မော့ဟန်က သဘောတူလိုက်ပင်မယ့် ဆိတ်ဆိတ်နေဆဲပင်။ သူ့ရှေ့မှာ ဒီကောင်မလေးပေါ်လာကတည်းက သူ့အကျင့်ဟောင်းတွေက တစိတ်တပိုင်းလောက် ပျောက်ကွယ်စပြုနေသည်ကို သဘောပေါက်သွားသည်။
“မနှောင့်ယှက်နဲ့။ မှတ်ထား”
သူကောင်မလေးကိုပြောလိုက်သည်။ ထို့နောက် ဒုက္ခရောက်နေသည့် အမူအရာဖြင့် မီးပိတ်ရတော့သည်။