၁၉ မင်္ဂလာပါ ရှုချင်းရီ
“ဒါဆိုရင် ဆုံးဖြတ်ပြီးပြီလား?”
မော့ဟန်က ဆိုဖာပေါ်မှာ လက်ဆန့်ကာ ထိုင်လိုက်သည်။ ကောင်မလေးက သူ့ရဲ့တင်းမာခပ်ထန်တဲ့ပုံစံကိုကြည့်ကာ သူမကိုယ်သူမ ဘုရင်အရှေ့မှာ စစ်မေးခံနေရတဲ့ လက်ထိပ်နဲ့ အကျဉ်းသားလို ခံစားလိုက်ရသည်။
သူမအနာဂတ်ကို သူကဖန်တီးပေးလိုက်ပြီ။ ဆေးရုံမှာ သူမမျောနေတုန်းက အိပ်မက်တစ်ခုကို သူမမက်လေ့ရှိသည်။ အိပ်မက်ထဲမှာ သူမဘေးပတ်ပတ်လည်တွင် ပင်လယ်ပြာပြာကြီးပဲရှိသည်။ မဲနှယ်ရောင် ပင်လယ်ရေတွေကို ပြတ်ပြတ်သားသား မြင်ရတဲ့အထိ သူမမြုပ်သွားသည်။ အဲ့ဒီနေရာက တိတ်ဆိတ်နေပြီး ဘယ်သက်ရှိသတ္တဝါမှ မရှိလေဘူး။ သူမကအော်အကူအညီတောင်းပင်မယ့် ဘာအသံမှထွက်မလာနိုင်ဘူး။ ပိုကြောက်ဖို့ကောင်းတာက သူမက ဘယ်သူ့နာမည်ကို အော်ခေါ်ရမလဲ မမှတ်မိတာပဲ။ တစ်ခုတည်းသော သူမရဲ့အသိက သေမတက်ကြောက်ရွံ့ခြင်းပဲ။ သူမကိုယ်သူမ ပင်လယ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီလို့ ခံစားရသည့်အချိန်တွေလည်း ရှိခဲ့သည်။
သူမနိုးလာသည့်အချိန်မှာ ဒီအကြောက်တရားတွေ လျော့သွားဖို့ အချိန်အတော်ယူခဲ့ရသည်။ ဒါက ရင်ဘတ်ထဲမှာ တင်းကြပ်နေစေသည်။ ဆရာဝန်နဲ့ နာစ်မတွေ သူမအခန်းထဲလာပြီး ဘာမှတ်မိလဲ မေးသည့်အခါတိုင်း သူမအမြဲခေါင်းခါပြရသည်။ ဒီလိုလျစ်လျူရှုခံရသည့် ခံစားချက်ကြီးကို သူမအရမ်းမုန်းသည်။
ဒီကမ္ဘာကြီးထဲမှာ ငါရှင်နေတာတောင် ဘာဖြစ်လို့ ဘယ်သူကမှ ငါ့ကိုမသိတာလဲ? ဘာဖြစ်လို့ ငါ့အကြောင်းကို ဘယ်သူမှ ပြောမပြနိုင်ကြတာလဲ?
သူမဒီလိုမျိုး ဆက်မရှင်သန်ချင်တော့ဘူး။
သူမက မော့ဟန်ကို ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်သည်။
“ကျွန်မအတွက် ဒီတစ်လမ်းပဲ ရှိတယ်ထင်တယ်”
ကျွန်မ ရှင့်သဘောအတိုင်း ရှင်ဖန်တီးပေးထားတဲ့ လမ်းကနေ ဘာမှမသိတဲ့လောကကြီးကို လိုက်လာမယ်။ ဒါပင်မယ့် ဒီလောကကြီးထဲမှာတော့ ရှင်က ကျွန်မယုံကြည်လို့ရတဲ့ တစ်ယောက်တည်းသောသူပဲ။
မော့ဟန်က သူမမျက်ခုံးနှစ်ခုကြားကို ပွတ်လိုက်ကာ နာရီကိုကြည့်လိုက်သည်။ အချိန်တွေက မြန်မြန်ဆန်ဆန်ကုန်သွားကာ ၁၀နာရီတောင်ကျော်နေပြီ။ သူ့စာရွက်စာတမ်းတွေကို သိမ်းလိုက်ကာ
“နောက်ကျနေပြီ။ အိပ်တော့”
ကောင်မလေးက ရုတ်တရပ် သူ့ကိုလှမ်းမေးသည်။
“ဒါဆိုရင် ရှင်က အခုကစပြီး ကျွန်မရဲ့ကိုကြီးလား?”
မော့ဟန်က ခနလောက်တွေဝေသွားသည်။ သူက “ကိုကြီး” ဆိုတဲ့ အသုံးအနှုန်းနဲ့ အသားမကျသေးဘူး။
“အနည်းဆုံး မင်းမှတ်ညဏ်တွေပြန်ရပြီး မင်းမိသားစုဆီကို မပြန်ခင်အထိတော့ ဥပဒေအရ ငါက မင်းကိုကြီးပဲ”
မော့ဟန်က ထလိုက်ကာ သူ့အဝတ်အစားတွေထဲ ရယ်ချင်စရာမြုပ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။ သူ့အင်္ကျီက သူမအတွက် အကြီးကြီးပွလွန်းပြီး အင်္ကျီလက်မှာ တံတောင်ဆစ်ဖုံးနေသည်။ ဘောင်းဘီအဖျားကိုလည်း လိပ်ကာခေါက်တင်ထားရသည်။ သူမက အာဟာရမပြည့်ဝတဲ့ ကလေးလို ပိန်လွန်းသည်။
“မနက်ဖြန်ကစပြီး မကောင်းမချင်း ဘယ်မှာလျှောက်သွားမနေနဲ့။ အိမ်မှာပဲနေ”
နောက်နေ့မှာတော့ မော့ဟန်က သူ့ရဲ့အလုပ်ရူးဆိုသည့် ဂုဏ်ပုဒ်ကြီးကို ဖြုတ်ချရတော့သည်။ မနက်ခင်းတွင် မော့ဟန်က သူ့အတွင်းရေးမှူးမကို သူ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်နောက်ကျမည်ဟု ကားမောင်းရင်း ဖုန်းဆက်ပြောလိုက်သည်။ သူ့အတွင်းရေးမှူးမအသံက ကမ္ဘာကြီးအပိုင်းပိုင်းကွဲသွားသလို အသံမျိုးဖြစ်သွားသည်။ ရုံးကလူတိုင်းက သူတို့ရှေ့နေကြီးဟာ ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် နောက်ကျတယ်ဆိုတာ တစ်ခါမှမရှိမှန်း သိကြသည်။ ရှေ့နေကြီးဆိုတာက အလုပ်အပြင် တခြားကိစ္စတွေမှာ အားအကုန်ခံခဲတာကိုး။
မော့ဟန်ရဲ့ အရေးကြီးကိစ္စမှာ ရှချင်းရီကိစ္စဖြစ်သည်။ အဲ့ဒီနေ့တုန်းက ရုံးကလူတော်တော်များများက သူမကိုမြင်ဖူးပင်မယ့်လည်း သူမကသိုသိုသိပ်သိပ်ပဲ နေခဲ့သည်။ သူမကို လူသိနည်းလေ ကောင်းလေပဲ။ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းကိစ္စကလည်း မြန်နိုင်သမျှ မြန်မြန်လုပ်ရမည်။
အခုအရေးကြီးတာက ရှုချင်းရီက ဘယ်မိဘမဲ့ဂေဟာကလဲဆိုတာနဲ့ နောက်ပိုင်းဘယ်လိုမွေးစားခံလိုက်ရတာလဲဆိုတာပဲ။ ဒာကိုသိရရင် မွေးစားမယ့်ကိစ္စမှာ ရှုချင်းရီဘဝအတွေ့အကြုံကိုဖြည့်ဖို့ အဆင်ပြေသွားပြီ။
လူတိုင်းက သူ့အားထုတ်မှုတိုင်းက အကောင်းတကာ့ အကောင်းဆုံးဆိုတာကိုသိကြသည်။ သူကတနေ့လုံး စာရွက်စာတမ်းတွေကို ပြီးအောင်လုပ်သည်။ ကျန်တော့တာဆိုလို့ ရှုချင်းရီရဲ့လက်ရှိပုံကိုကပ်ပြီး လက်မှတ်ထိုးရုံပဲ။
သူပြန်လာတဲ့အချိန်မှာ ညနေ၆နာရီကျော်သွားမှန်း သိလိုက်ရသည်။ အစက သူ့အတွင်းရေးမှူးမကို နည်းနည်းနောက်ကျမယ် ပြောခဲ့ပင်မယ့် အခုတော့သွားဖို့ကို မလိုတော့ဘူး။ အဲ့ဒါကြောင့် ဖုန်းထပ်ဆက်ကာ ဒီနေ့မလာတော့ဘူးဟု ပြောလိုက်ပြီး ညနေခင်းအစည်းအဝေးကို မနက်ဖြန်သို့ ရွှေ့ရန်ခိုင်းလိုက်သည်။
သူ့အတွင်းရေးမှူးမက သူပြောတာကြားတဲ့အခါ ဖြစ်သွားတဲ့ပုံကို သူလုံးဝခန့်မှန်းနိုင်မှာ မဟုတ်ဘူး။
ဘာ!!! အလုပ်ရူးရှေ့နေကြီးက အလုပ်တစ်ရက်ပျက်တယ်! အရင်တုန်းက အမျိုးသားနေ့အပါ ပိတ်ရက်၇ရက်ရတာတောင် ရုံးမှာ၆ရက်အလုပ်လုပ်နေတဲ့သူကလေ? အခုကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပျက်တယ်တဲ့လား? ငါတို့ပျော်သင့်လား? စိတ်ညစ်သင့်လား?