၂၉။ သူမကို အရမ်းမတင်းကြပ်ပါနဲ့
“ကျန်းလေး မနေ့က ဥက္ကဋ္ဌကျန်း ပို့ထားတဲ့ စာရွက်စာတမ်းတွေပေး”
မော့ဟန်က ယုံကြည်မှုအပြည့်ဖြင့် လျှောက်လာသည်။ မော့ဟန်က ဒါပြောပြီးသောအခါ ချက်ချင်းပြန်လှည့်သွားသည်။
မော့ဟန်ထွက်လာမည်ဟု မထင်ခဲ့သော ကျန်းလီမှာ စာရွက်စာတမ်းများကို အမြန်ရှာဖွေကာ စားပွဲပေါ်သို့ တင်သည်။
ရှုချင်းရီက မော့ဟန်ထွက်သွားတော့မည်ကို မြင်သည်နှင့် အမြန်လှမ်းခေါ်လိုက်သည်။
“ကိုကြီး!”
မော့ဟန်နှင့် ကျန်းလီတို့က သူမကိုလှည့်ကြည့်ကြသည်။ ကျန်းလီသည် ဤအချင်းအရာကိုမြင်သောအခါ လန့်သွားသည်။
“ဒီမှာဘာလုပ်နေတာလဲ?”
မော့ဟန်က သူမကိုခနအတွင်း မှတ်မိသွားသည်။ အရင်ရက်ပိုင်းတွေတုန်းက သူမဟာဆေးရုံဝတ်စုံကြီးဝတ်လိုက် သူ့အဝတ်တွေဝတ်လိုက် ဖြစ်ခဲ့သည်မလို့ ဒီလိုပုံမှန်ဝတ်စုံမျိုး ဝတ်ဆင်ထားခြင်းကိုသူမမြင်ဖူးဘူး။
မော့ဟန်က သူမတကယ်လှကြောင်းကို သတိပြုမိသွားသည်။ သူမအသားအရည်မှာဖြူဖွေးဥနေပြီး ဆံပင်အတိုလေးကလည်း သူမမျက်နှာသေးသေးလေးအပေါ်သို့ ပျော့ပျောင်းစွာ ရိုက်ခတ်သွားသည်။ ကြယ်တွေလိုတောက်ပသည့် သူမမျက်ဝန်းတစ်စုံကလည်း လူတွေကိုနစ်မြောစေသည်။
“အိမ်ကဘယ်မှာလဲဆိုတာ မေ့သွားလို့”
ရှုချင်းရီက ပြောသည်။
ထိုအခါမှ မော့ဟန်က သူမကိုဆေးရုံမှာထားခဲ့ပြီး သူလာခေါ်ရန် ဖုန်းဆက်ဖို့ မှာခဲ့သည်ကို သတိရလာသည်။ ကျန်း၏အမှုကိစ္စအတွက် ရုံးတွင်တနေ့လုံးအလုပ်ရှုပ်နေသောကြောင့် သူမကိုသွားကြိုရမည်ကို သူလုံးဝမေ့သွားခဲ့သည်။
“ဘာဖြစ်လို့ ဖုန်းမခေါ်လိုက်တာလဲ?”
“ဖုန်းနံပတ်မှမရှိတာ”
ရှုချင်းရီက ပုခုံးတွန့်ကာ ပြောသည်။
မော့ဟန်က သကာပြင်းချလိုက်သည်။
အရေးကြီးတာကိုမှ မေ့သွားရခြင်းကို သူကိုယ့်သူပင် မယုံကြည်နိုင်ဖြစ်သည်။ ရှုချင်းရီဆီလျှောက်သွားကာ သူမအနားမှအိတ်များကိုကြည့်ပြီး
“ဒီအိတ်တွေအကုန်လုံးကို တစ်ယောက်တည်း ဒီအပေါ်ကိုသယ်လာခဲ့တာလား?”
“Taxiနဲ့လာတာပါ။ ဒါပင်မယ့် ဒီအပေါ်ကိုတော့ ဟုတ်တယ်။ ကိုယ့်ဟာကိုယ်သယ်လာတာ”
ရှုချင်းရီက ပြန်ဖြေသည်။
ကောင်တာတွင် ကျန်းလီတစ်ယောက်မှာ သူတို့စကားအပြန်အလှန်ပြောနေသည်ကို မြင်သောအခါ သူမအံ့သြကာ တိတ်ဆိတ်သွားသည်။
ရှေ့နေကြီးက ဘယ်တုန်းက ညီမရှိသွားတာလဲ? ငါကရော ဒီအကြောင်းကို ဘာဖြစ်လို့ မကြားဖူးခဲ့ရတာတုန်း!
“ဘာဖြစ်လို့ အထဲကို ဝင်မလာတာလဲ? ဒီမှာစောင့်နေတာ ကြာပြီလား?”
မော့ဟန်က မေးသည်။
“တစ်နာရီကျော်ကျော်လေးတင်။ သိပ်မကြာပါဘူး။ ကောင်တာကမကြီးက ကိုကြီးအစည်းအဝေးလုပ်နေတယ်လို့ ပြောတယ်။ ဒီမှာစောင့်ပေးဆိုလို့ စောင့်နေတာ”
မော့ဟန်က ကျန်းလီကို အေးစက်စွာ ကြည့်သည်။ သူ့အသံမှာ အံ့ကြိတ်ကာပြောသည့်ပုံပေါက်ပြီး သူမကိုကြောက်လန့်စေသည်။
“ဘာဖြစ်လို့ အပြင်မှာ စောင့်ခိုင်းရတာလဲ?”
ကျန်းလီက ချက်ချင်းခါးကိုင်းကာ တောင်းပန်သည်။ သူမအသံကတုန်နေပြီး
“ကျွန်မ တောင်း . . .တောင်းပန်ပါတယ်။ ရှေ့နေကြီးရဲ့ ညီမမမှန်းမသိလို့ပါ”
“ငါ့ကိုလာရှာတဲ့သူတိုင်းကို မင်းဒီလိုပဲပြောနေကြလား?”
မော့ဟန်က သူမကိုစိုက်ကြည့်ကာ ပြောသည်။ သူကအသံကိုမြှင့်မပြောပင်မယ့် တစ်ခန်းလုံးတွင် သူ့အသံတစ်သံပဲ ပြည့်နေပြီး အခြားအသံများအတွက် နေရာလွတ်မရှိတော့ပေ။
“တောင်းပန်ပါတယ် . . .ကျွန်မ မထင်ခဲ့ . . .”
ကျန်းလီအသံက တိမ်ဝင်သွားသည်။ သူမကငိုတော့မတက်ဖြစ်နေသည်။ သူမတစ်ကိုယ်လုံးမှာ တုန်ရီနေပြီး ခါးကိုအခါခါကိုင်းရင်း တောင်းပန်နေသည်။
“နောက်ထပ် ဒါမျိုးထပ်မဖြစ်စေနဲ့။ ဝန်ခံစာရေးပြီး မနက်ဖြန် ငါ့ရုံးခန်းကိုလာထပ်”
ရှုချင်းရီက ငိုတော့မလိုဖြစ်နေသည့် ကျန်းလီကိုကြည့်ကာ သနားသွားသည်။ ထို့ကြောင့် မော့ဟန်အင်္ကျီစလေးကိုဆွဲကာ
“တမင်ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ။ သူမကို အရမ်းမတင်းကြပ်ပါနဲ့”
မော့ဟန်က သူ့အင်္ကျီစကို ဆွဲထားသည့် လက်သေးသေးဖွေးဖွေးလေးကို ကြည့်ကာ စိတ်ထဲတွင် နူးညံ့သွားသည်။ ထို့နောက် ကျန်းလီကို ဘာမှထပ်ပြောဘဲ ကောင်မလေးကို ရုံးထဲသို့ ခေါ်သွားသည်။
“လိုတာတွေအကုန် ဝယ်ပြီးပြီလား?”
သူမေးသည်။
“ဟုတ် ဝယ်ပြီးသွားပြီ။ အခုဗိုက်နည်းနည်းဆာနေတယ်”
“ဘာဖြစ်လို့ အပြင်မှာ မစားခဲ့တာလဲ?”
“ဈေးဝယ်ထွက်ရတာနဲ့ အလုပ်ရှုပ်နေတော့ . . .မေ့သွားတယ်”
သူမရုံးထဲကိုလိုက်လာသည့်အခါ လူတိုင်း၏အကြည့်က သူမအပေါ်တွင်ရှိနေသည်ကို ရှုချင်းရီက သတိထားမိလိုက်သည်။ ဒီလိုအာရုံစိုက်ခံရသည်က မသက်မသာဖြစ်စေသည်မလို့ မော့ဟန်အနားကိုကပ်ပြီး သူမတည်ရှိမှုကို ကွယ်ထားရန်ကြိုးစားတော့သည်။
မော့ဟန်က ဘယ်သူ့ကိုမှ ရုံးကိုခေါ်မလာခဲ့ဖူးဘူး။ အလုပ်မှာ သူ့ကိုယ်ရေးကိုယ်တာအကြောင်းပြောရသည်ကို သူမကြိုက်သော်လည်း သူ့အမူအယာက မပျော်သည့်ပုံလည်း မပေါက်ချေ။ ဒီကောင်မလေးက ဘယ်သူလဲဆိုသည်ကို လူတိုင်းက လျှို့ဝှက်စွာ ခန့်မှန်းနေကြသည်။
သူမဝင်လာသည့်အခါ လျူဇီယွမ်က သူမကိုသေချာကြည့်နေသည်။ သူက ဒီကောင်မလေးကို မြင်ဖူးသလို ခံစားရပင်မယ့် ဘယ်မှာတွေ့ခဲ့ဖူးမှန်း မမှတ်မိပေ။