၂၈။ ငြီးငွေ့ဖွယ်ကောင်းခြင်း
သံသယတစ်ဝက်ဖြင့် ကျန်းလီမှာ ခနတွေဝေနေပြီးနောက် ရှေ့နေကြီးရုံးခန်းဖုန်းကို ဆက်လိုက်သည်။
“ဟယ်လို ရှေ့နေကြီး”
“ရှေ့နေကြီးက အခုအစည်းအဝေးလုပ်နေတယ်။ ရုံးခန်းထဲမှာ မရှိဘူး”
မော့ဟန်၏ လက်ထောက်က ဖြေသည်။
“ဟို. . .ဟိုဟာလေ . . .ဒီမှာရှေ့နေကြီးရဲ့ ညီမလို့ ပြောတဲ့သူတစ်ယောက် ရောက်နေတယ်။ ရှေ့နေကြီးကို တွေ့ချင်လို့တဲ့”
ကျန်းလီမျက်နှာက သံသယမကင်းဖြင့် သူမကိုကြည့်ရင်း ပြောသည်။
“ညီမလား? ငါတစ်ခါမှ မကြားဖူးဘူး။ ဆရာ့နောက်ကိုလိုက်နေတာ နှစ်ချီနေပင်မယ့် ညီမလို့ပြောသံ ငါတစ်ခွန်းမှ မကြားဖူးဘူး။ အယောင်ဆောင်များလား?”
“ကျွန်မလည်း မသိဘူးလေ . . .ရှေ့နေကြီးကို ပြောသင့်လား မပြောသင့်ဘူးလား”
ကျန်းလီက ရှုချင်းရီကို ခိုးကြည့်ရင်း ပြောသည်။
“ဘာလုပ်ဖို့လဲ! ရှေ့နေကြီးက အခုဥက္ကဌကျန်းအမှုနဲ့ ကွိုင်တက်နေတာ။ ကျန်းရဲ့မိန်းမဟောင်းက ရုံးကိုလာပြီး မဖြစ်နိုင်တာတွေ တောင်းဆိုသွားတယ်! ရှေ့နေကြီးနဲ့ တခြားရှေ့နေတွေ အခုဗျူဟာစဉ်းစားနေကြတယ်”
လက်ထောက်မှာ ဒီကိစ္စကိုပြောရင်း စိတ်တိုလာသည်။ သူတို့မှာ တစ်နေ့လုံး နားချိန်တောင်မရဘဲ ကျန်းရဲ့မိန်းမဟောင့်ဆီက ဒီဗီဒီယိုကိစ္စကြောင့် မရပ်မနားအလုပ်လုပ်နေရခြင်း ဖြစ်သည်။
“သြော် . . .ဟုတ်ကဲ့ . . .ကျွန်မဘာသာတစ်ခုခုစီစဉ်လိုက်မယ်”
ကျန်းလီက ဖုန်းချလိုက်သည်။
ရှုချင်းရီက စားပွဲရှေ့ကထိုင်ခုံတွင် ကားယလေး ထိုင်နေဆဲပင် ဖြစ်သည်။ သူမကဖုန်းကိုဝင်မပြောဘဲ ဧည့်ကောင်တာမှအမျိုးသမီး ပြောသမျှကို သေချာနားခောင်နေရင်း စဉ်းစားချင့်ချိန်နေခဲ့သည်။ သူမအသိစိတ်ကတော့ သူမမျှော်လင့်သလို ရလဒ်မရကြောင်း ကြိုပြောသည်။
“အားနာပါတယ်ရှင်။ ရှေ့နေကြီးက အခုအစည်းအဝေးလုပ်နေဆဲမလို့ ဆက်သွယ်လို့ မရပါဘူး။ ခနလောက်စောင့်ဦးမလားရှင့်?”
ကျန်းလီမှာ ဒါကအချိန်ဆွဲသည့်နည်းမှန်း သိလေသည်။ ရှေ့နေကြီးအတွက် အလုပ်မှမဟုတ်သည့်သူများက သူ့အလုပ်လုပ်နေစဉ် လာနှောင့်ယှက်လျှင် မကြိုက်မှန်း သူမသိသည်။ သူမက ရှေ့နေကြီး၏ စည်းမျဉ်းအတိုင်း ဆောင်ရွက်ကြောင်းပြကာ အလိမ္မာဖြင့် နှင်နေခြင်းဖြစ်သည်။ သူမက မပြန်ဘူးဆိုရင်လည်း ၁နာရီမှ ၂နာရီအတွင်းတွင် ရုံးဆင်းချိန်ရောက်တော့မည်ဖြစ်သည်။
“ဒါဆိုရင်လည်း ဒီမှာပဲစောင့်နေလိုက်မယ်”
ဒီအချိန်အတွင်း မော့ဟန်ကိုဆက်သွယ်၍ မရမှန်းသိသောအခါ သူမပစ္စည့်တွေကို ကောင်တာရှေ့မှ လွတ်သည့်နေရာသို့ရွှေ့ကာ ခုံပေါ်တွင်ထိုင်ရင်း အသက်မှန်မှန်ထိန်းရှုနေသည်။
သူမအရမ်းပင်ပန်းနေသောကြောင့် သူမ၏ပုံရိပ်ကို မထိန်းနိုင်တော့သည်က ပုံမှန်ပင်ဖြစ်သည်။ သူမက မျက်လုံးလေးမှိတ်ကာ နောက်မှီကိုမှီထိုငာနေချိန်တွင် သူမဝမ်းဗိုက်ကဒဏ်ရာမှာ နာလာတော့သည်။ သူမကအင်္ကျီပေါ်လက်တင်ကာ သေချာစမ်းကြည့်လိုက်သည်။ တော်သေးသည်က သွေးထွက်မနေပါ။ ပတ်တီးမှာတင်းတင်းစီးထားသောကြောင့် သူမမွန်းကာ အသက်ရှုရကြပ်သလို ခံစားရသည်။
နေသားကျသွားသည့်အခါ ရှုချင်းရီက သူမအရင်တုန်းက ဘယ်လိုလူမျိုးဖြစ်ခဲ့မလဲဆိုသည်ကို တွေးတောနေသည်။
ငါ့မိသားစုတွေက ဘယ်မှာလဲ? ဘာဖြစ်လို့ ငါ့ကိုလာမတွေ့ကြတာလဲ? ဘယ်လိုဖြစ်သွားပြီး ဒီလိုသေလုမြောပါးဒဏ်ရာတွေ ရလာတာလဲ? မှတ်ညဏ်တွေကရော? ဘာဖြစ်လို့ ငါတစ်ခုမှ မမှတ်မိရတာလဲ?
မေးခွန်းများစွာက အဖြေမရှိဘဲ ကြောင်လက်သည်းတွေလိုမျိုး သူမရင်ထဲတွင် တတိတိခြစ်ကုတ်နေပြီး အရမ်းကိုအထီးကျန်စေသည်။
သူမအတွေးတွေကို နှောင့်ယှက်လိုက်သည့်အသံမှာ ကောင်တာမှမဟုတ်ဘဲ သူမဗိုက်ထဲမှ တဂွီဂွီမြည်သံဖြစ်သည်။
သူမဗိုက်ကိုဖွဖွလေးပွတ်လိုက်ကာ ဖုန်းမှနာရီကိုကြည့်လိုက်သည်။ သူမကတစ်နာရီလောက် စောင့်နေခဲ့တာဖြစ်ပြီး ညနေ၈နာရီတောင် ထိုးတော့မည်ဖြစ်သည်။ မနက်က နို့တစ်ဘူးသောက်ခဲ့သည်မှလွဲ၍ တနေ့လုံးသူမ ဘာမှမစားရသေးသောကြောင့် ဗိုက်အရမ်းဆာနေသည်။
ရှုချင်းရီက ကောင်တာနားတွင် ရစ်သီရစ်သီလုပ်နေသော်လည်း ထိုမိန်းမမှာ အလုပ်ရှုပ်နေသောကြောင့် သူမကိုမမြင်ပေ။ သူမကပျင်းလာပြီး တံခါးအဝဘက်သို့ လျှောက်သွားကာ လိုက်ကာကိုဆွဲပြီး ပြတင်းပေါက်မှ အပြင်သို့ငေးနေသည်။
ကောင်ကင်ကြီးမှာ လုံးဝပိန်းပိန်းမှောင်လေပြီ။ မီးပွိုင့်မှ ဝါ၊စိမ်း၊နီ မီးရောင်များမှာ အမှောင်ထဲတွင် တောက်ပနေသည်။ မိုးစက်များလေးသည်လည်း တဖွဲဖွဲကျနေပြီး မိုးရွာနေလေပြီ။ အထဲမှာရပ်နေရင်းနဲ့တောင် သူမဟာ အပြင်က အအေးဓာတ်ကို ခံစားမိနေသည်။
ပြတင်းပေါက်ကနေငေးကာ အတွေးများယောက်ယက်ခတ်နေစဉ် ရှုချင်းရီမှာ ရင်းနှီးသောအသံကို ကြားရတော့သည်။