May Honey Logo May Honey
Previous Next

၃၀။ သနားစရာမျက်လုံးတွေ

လျူဇီယွမ်သည် သူ့ဆရာနှင့် ထိုကောင်မလေးတို့ အနားကိုရောက်လာသည့်အခါ ရုတ်တရပ်သိသွားသည်။
“ဟိုနေ့တုန်းက ရုံးမှာ လူဝကြီးနဲ့ချတဲ့ ကောင်မလေးမလား?”

မော့ဟန်ကရပ်ကာ သူ့ကိုကြည့်လိုက်သည်။ ထိုအခါတွင် မော့ဟန်သည် ဆေးရုံမှဆင်းလာသည့် ကောင်မလေးကို တစ်ခါမှမမြင်ဖူးဟု ပြောခဲ့သည့်အကြောင်းကို သတိရသွားသည်။ ဒီလိုဆိုရင် ရှုချင်းရီ၏ တည်ရှိမှုမှာ သံသယဝင်စရာကောင်းတော့မည်။

မော့ဟန်က မျက်နှာတစ်ချက်မပြောင်းဘဲ အေးစက်သည့်လေသံဖြင့်
“မဟုတ်ဘူး။ လူမှားနေတာ”

“ဒါပင်မယ့်. . .”
လျူဇီယွမ်က ထိုကောင်မလေးမှာ ဒီကောင်မလေးမှန်း သေချာပါသည်။

“မင်းအမှတ်မှားနေတာ။ သူကအဲ့ကောင်မလေး မဟုတ်ဘူး။ ဒါငါ့ညီမ”
မော့ဟန်က ရုပ်တည်ကြီးဖြင့် ထပ်ပြောသည်။

လျူဇီယွမ်က သူ့မေးကိုကိုင်ကာ သူ့ရှေ့မှကောင်မလေးကို သေချာကြည့်ရင်းဆေးရုံဝတ်စုံဖြင့်လာသည့် ကောငာမလေးနှင့် အတော်တူသည်ဟု တွေးနေသည်။ ဒီကောင်မလေးမှာ သူကြည့်နေသည်ကို ဘယ်လိုမှမနေဘဲ သူ့အကြည့်ကိုမရှောင်ဘဲ သူ့ကိုပြန်တောင်ကြည့်နေသေးသည်။

“ကိုကြီး အရင်တုန်းက ညီမလေးနဲ့တူတဲ့ တစ်ယောက်ယောက် ဒီကိုလာဖူးလို့လား?”
ရှုချင်းရီက ခေါင်းလေးမော့ကာ သူ့ဘေးတွင် မတ်မတ်ကြီးရပ်နေသည့် မော့ဟန်ကို ပြုံးပြုံးလေးမေးသည်။

ဒါကသူတို့နှစ်ယောက်လုံး သူများအရှေ့နေ ပထမဆုံးရင်းနှီးမှုပြခြင်း ဖြစ်သည်။ တစ်ယောက်ကစလိုက်သောအခါ နောက်တစ်ယောက်ကလည်း ဒီဇာတ်ကိုလိုက်ကသည်။ မော့ဟန်က
“အရင်တုန်းက ကောင်မလေးတစ်ယောက် ဒီကိုလာဖူးတယ်။ အမှန်တိုင်းပြောရရင် ညီမလေးနဲ့ ရုပ်ချင်းနည်းနည်းဆင်တယ်”

“ဘယ်သူလဲ? ကိုကြီးသူ့ကိုသိလား?”

မော့ဟန်က ရှုချင်းရီ၏ အပြစ်ကင်းသည့်အပြုံးလေးကိုကြည့်ကာ ရုပ်ရှင်မင်းသမီးအဖြစ် လုပ်စားလို့တောင်ရလောက်သည်ဟု တွေးတောင်တွေးမိသွားသည်။
“ကိုကြီးလည်း မသိဘူး။ မမြင်ဖူးတဲ့ လူနာတစ်ယောက်ပဲ”
မော့ဟန်က အခိုင်အမာဖြေသည်။

သူတို့ပြောတာတွေကို ကြားနေသည့် လျူဇီယွမ်သည် သူအမှတ်မှားသွားသည်ဟု ခံစားရသည်။ ထို့နောက် ပြတ်တွေးရသလောက်ဖြင့် ရှုချင်းရီကိုသေချာကြည့်ကာ
“ဒီလိုသေချာကြည့်ပြန်တော့လည်း မတူတော့သလိုပဲ”

မော့ဟန်က အလုပ်ဈာန်ကိုပြန်သွင်းကာ အေးစက်ခိုင်မာသည့်အသံဖြင့်
“ဥက္ကဋ္ဌရဲ့ မိန်းမဟောင်းအကြောင်း အချက်အလက်တွေ ရှာပြီးပြီလား? ပြီးတာနဲ့ ငါ့ရုံးခန်းထဲကို ချက်ချင်းလာပို့”

လျူဇီယွမ်ကို အလုပ်ခိုင်းပြီးတော့မှ ရှုချင်းရီကို သူ့ရုံးခန်းထဲသို့ ခေါ်လာသည်။

သူ့ရုံးခန်းထဲသို့ ဝင်ဝင်ချင်း သူမသည် တောင်ကြည့်မြောက်ကြည့်ဖြင့် ပါးစပ်အဟောင်းသားပြောသည်။
“ဝိုး! ရုံးခန်းက အကြီးကြီးပဲ”

သူ့ရုံးခန်းသည် စက်ဝိုင်းခြမ်းပုံဖြစ်သည်။ ထိုဖက်တွင် မှန်များအပြည့်တပ်ဆင်ထားပြီး ထိုနေရာမှ ညရှုခင်းကိုကြည့်နိုင်သည်။ တံခါးရှိရာဘက်ခြမ်းတွင် ထောင့်မှန်စတုဂံပုံဆိုဖာတစ်ခုရှိသည်။ အနက်ရောင်စားပွဲတစ်လုံးက အခန်းထောင့်တွင် တန်ဆာဆင်ထားသည်။ ထိုစားပွဲနောက်တွင် တံခါးတစ်ချပ်ရှိပြီး ထိုနေရာက သူအနားယူသည်နေရာ ဖြစ်လိမ့်မည်။

မော့ဟန်က သူရုံးခန်းကို ဒီကောင်မလေး လျှောက်ကြည့်နေသည်ကို ဘယ်လိုမှမနေဘဲ သူ့အလုပ်စားပွဲတွင်ထိုင်ကာ မနက်ဖြန်တရားရုံအတွက် စာရွက်စာတမ်းများကို ပြင်ဆင်နေသည်။
“ဒီနေ့အလုပ်ရှုပ်နေတယ်။ ဒီမှာခနနေဦး။ အလုပ်လက်စသတ်ပြီးတာနဲ့ အိမ်ကိုအတူပြန်ကြတာပေါ့”

သူမနားရသည့်နေရာမှာ ဧည့်ခန်းမှနေ ဒီရုံးခန်းထဲသို့ ရောက်ရှိလာသည်ကို သတိထားမိသည့်အခါ ရှုချင်းရီက စိတ်နည်းနည်းညစ်သွားသည်။ တစ်နေ့လုံး သူမဗိုက်ဆာနေတာဖြစ်သောကြောင့် မေ့လဲတော့မတက်တောင် ဖြစ်နေလေပြီ။

“ဟိုဟာလေ . . .မုန့်မှာပေးလို့ ရမလား?”
ရှုချင်းရီက မနေနိုင်တော့ဘဲ မေးသည်။

မော့ဟန်က ခေါင်းမော့ကာ သူမ၏ သနားစဖွယ်မျက်လုံးလေးတွေကိုကြည့်ရင်း ဆိတ်ဆိတ်နေသည်။ ထိုအခါ သူမကဆက်ပြောသည်။
“အခုအထိ တနေ့လုံး ဘာမှမစားရသေးတော့ တကယ်ဆာနေတာ”

သူ့အတွင်းရေးမှူးကို ဖုန်းဆက်ကာ
“မုန့်မှာပြီး ငါ့ရုံးခန်းထဲကို ယူလာခဲ့”

အလုပ်လုပ်နေရင်းဖြစ်သော သူ့အတွင်းရေးမှူးသည် အံ့သြသွားသည်။ သူ့ဆရာက ဘယ်တုန်းကမှ မုန့်မှာဖူးသည်မရှိပဲ။
“ဟုတ်ကဲ့ . . .ဘာများမှာပေးရမလဲ?”

မော့ဟန်က ဖုန်းကိုမျှော်လင့်တကြီးကြည့်နေသည့် ရှုချင်းရီကို လှမ်းကြည့်ကာ နုးညံ့စွာမေးသည်။
“ညီမလေး ဘာစားချင်လဲ?”

ဗိုက်ဆာနေသည့် တစ်ယောက်ကတော့ ဘာကိုမှသတိမပြုနိုင်ဘဲ
“ဘာပဲဖြစ်ဖြစ်ရတယ်။ များလေကောင်းလေပဲ”

မော့ဟန်က သူ့အတွင်းရေးမှူးကို ပြန်ပြောလိုက်သည်။
“မင်းမှာချင်တာမှာလိုက်။ များတဲ့ဟာတော့ ဖြစ်ရင်ပြီးရောကွာ”

Previous Chapter 30 of 30 Next