၁၀။ ဇွန်ဘီတွေကြမ်းပြီ
လင်းချင်းက ဒီစိတ်ထဲက စေခိုင်းလိုက်သည့်အခါ ဇွန်ဘီများက ရူးသွပ်နေသလို ပိုသောင်းကြမ်းလာကြသည်။ သူတို့တွေက ဒီလူသုံးယောက်ကို အတင်းတိုက်ခိုက်ကြသည်။
"ဘာဖြစ်တာလဲ? ဒီဇွန်ဘီတွေက ရုတ်တရက်ကြီး ရူးလာသလိုပဲ!" ထိုနှစ်ယောက်သည် ရူးသွပ်စွာဖြင့် အတင်းတိုက်ခိုက်လာသည့် ဇွန်ဘီများကို ပြန်လည်ခုခံရင်းဖြင့် အလုပ်များလာသည်။
တံခါးဖွင့်ပြီးသည်နှင့် လင်းယုံးသည် အနောက်က ပုံမှန်မဟုတ်သည့်အခြေအနေကြောင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ကိုစားချင်စိတ်ပြင်းပြစွာဖြင့် အရူးလိုဝိုင်းနေသည့် ဇွန်ဘီများကို တွေ့လိုက်ရသည်။ ထို့နောက် တိုက်ခိုက်နေသည့် ဇွန်ဘီများကို သူကိုယ်တိုင်ပါ ဝင်ခုခံရတော့သည်။
လင်းချင်းသည် သူမ၏ ဇွန်ဘီမျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ဖြစ်သမျှကို ကြည့်နေကာ အခြေအနေကို နားမလည်သေးပေ။ 'ဇွန်ဘီတွေက ဘာဖြစ်လို့ ရူးလာတာလဲ?'
သူမသည် ဇွန်ဘီများက ထိုသုံးယောက်ကို တိုက်နေသည်ကိုကြည့်ရင်း အတွေးရလာသည်။ သူမသည် အမှောင်ထဲကနေ ထွက်လာကာ အခြားဇွန်ဘီများဖြင့် ဝင်ရောလိုက်သည်။
အစက ဇွန်ဘီများသည် ဒီနေရာတွင် နှစ်ရာလောက်တောင် မရှိသော်လည်း ဘာမှန်းမသိရသည့် အကြောင်းအရင်းကြောင့် ပိုများလာသည်။
"ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်လို့ ဇွန်ဘီတွေက ပိုကြမ်းလာတာလဲ?" လင်းယုံးသည် သူ့အားဝိုင်းကိုက်ရန်လုပ်နေသည့် ဇွန်ဘီများကို မီးဖြင့်တိုက်ရင်း မေးလိုက်သည်။
လျူဟုန်ရှီသည်လည်း တစ်စထက်တစ်စများလာသည့် ဇွန်ဘီများကို ရင်ဆိုင်းရင်း ချွေးများကျလာကာ ပြန်အော်သည်။ "မသိဘူး! ရုတ်တရက်ကြီး ရူးလာသလိုပဲ!"
သူတို့သုံးယောက်၏ စွမ်းအားသည် အဆင့်အမြင့်ကြီး မဟုတ်သောကြောင့် တိုးလာသမျှ ဇွန်ဘီတိုင်းကို ရှင်းမနေနိုင်ကြတော့။
နောက်ဆုံးတွင်တော့ လျူဟုန်ရှီသည် အနည်းငယ်စိတ်ထင့်လာပြီး "မဖြစ်တော့ဘူး။ ဇွန်ဘီတွေက ပိုများလာတယ်။ ငါတို့လည်း ပင်ပန်းလာတော့မယ်။ အခုဆုတ်မှ ဖြစ်မယ်။ မဟုတ်ရင် ဇွန်ဘီအစားခံရလိမ့်မယ်"
လင်းချင်းမှာ ဇွန်ဘီအုပ်ကို အကာအကွယ်ယူကာ တံခါးအနားသို့ တဖြည်းဖြည်းချင်း ကပ်လာသည်။
သူတို့သုံးယောက်သည် ဇွန်ဘီများကြောင့် ထိုအခန်းကိုလက်လျော့ကာ ပြန်ဆုတ်နေကြကြောင်းကို သူမမြင်ရသည်။ သူတို့သည် နောက်ကိုဆုတ်ရင်း ပြန်တိုက်နေကြသော်လည်း ဇွန်ဘီများက သူတို့နောက်သို့ သဲသဲမဲမဲလိုက်ဆဲပင်။
လင်းချင်းသည် တံခါးကို အားသုံးကာ တွန်းဖွင့်ကြည့်သည်။ အနီးနားက ဇွန်ဘီနှစ်ကောင်သည် သူမတံခါးဖွင့်သံကြားသည့်အခါ သူတို့၏ မီးခိုးရောင်ဖျော့ဖျော့မျက်လုံးများဖြင့် လင်းချင်းအား ထူးဆန်းသလို လှည့်ကြည့်ကြသည်။
လင်းချင်း၏ အနံ့ခံအာရုံသည် အခြားဇွန်ဘီများထက် ပိုကောင်းသဖြင့် အထဲမှ အနံ့တစ်ခုကို ဖျော့တော့စွာ ရလိုက်သည်။ သူမ၏အနားက ဇွန်ဘီများက တံခါးနားကို လာချင်ကြောင်း တွေ့သည့်အခါ လင်းချင်းသည် ဝိညာဥ်စွမ်းအားသုံးပြီး နောက်ဆုတ်ရန် ဒေါတကြီး အော်လိုက်သည်။ "ဂါး!"
"ဂါး. . .ဂါး. . .အူ. . .အူး. . ." သူမ၏အော်သံကြောင့် အနားက ဇွန်ဘီများသည် အသံသိမ်ဝင်စွာ အော်ရင်း ကုတ်ချောင်းကုတ်ချောင်းဖြင့် ထွက်သွားကြတော့သည်။
လင်းချင်းသည် ဒီအခြေအနေကို မြင်သည့်အခါ ထူးဆန်းသလို ဖြစ်သွားသည်။ သို့သော်လည်း ဒါကိုမစဥ်းစားနိုင်သေးဘဲ ကလေးမလေးကိုသာ အရင်သွားကြည့်ချင်သည်။
သူမသည် အသက်ရှိသည့်အနံ့ကြောင့် လူရှိကြောင်း သေချာသိလိုက်သည်။ တံခါးဖွင့်ဝင်ပြီးသည့်အခါ အခြားဇွန်ဘီဝင်မှာစိုး၍ တံခါးကိုပြန်ပိတ်လိုက်သည်။ သာမန်လူဆိုလျှင် ကိုယ့်လက်ကိုတောင် မမြင်နိုင်သည့် မှောင်မှောင်ကြီး ဖြစ်သော်လည်း လင်းချင်းအတွက်ကတော့ ရှင်းရှင်းလင်းလင်း မြင်ရသည်။
ထိုအထဲတွင် အကန့်များစွာရှိနေသည်။ သူမသည် အနံ့အနောက်ကိုလိုက်၍ရှာသည််အခါ ထောင့်တစ်ခုတွင် တစ်ခုခုရှိနေကြောင်း တွေ့လိုက်သည်။ သူမသည် ထိုထောင့်ကို ရောက်လာသည့်အခါ အစာစားချင်စိတ်သည် ပိုပြင်းပြလာတော့သည်။ 'စားချင်တယ်! အသားစားချင်တယ်! သွေးသောက်ချင်တယ်!'
ဒီအတွေးတွေပေါ်လာသည့်အခါ စိတ်ကို ချက်ချင်းပင် မနည်းပြန်ထိန်းလိုက်ရသည်။ ထို့နောက် ထိုင်ချလိုက်ကာ တစ်စုံတစ်ခုကိုပတ်ထားသည့် စောင်ထုတ်လေးကို လက်သည်းဖြင့် ဆွဲထုတ်လိုက်သည်။ စောင်ကိုဖွင့်လိုက်သည့်အခါ ချစ်စရာကောင်းသည့် မျက်နှာလေးက ထွက်ပေါ်လာသည်။ ထိုကလေးမလေးသည် မျက်လုံးမှိတ်ထားကာ နှုတ်ခမ်းတို့မှာ ခြောက်သွေ့ပြီး ကွဲအက်နေသည်။
သူမသည် ထိုကလေးမလေးကို ပွေ့ချီလိုက်ကာ မျက်နှာလေးကို ဖွဖွလေးထိကြည့်လိုက်သည်။ သူမသည် ဇွန်ဘီတစ်ကောင်မလို့ အပူချိန်မရှိတော့သော်လည်း အခြားအရာများ၏ အပူချိန်ကို ခံစားနိုင်သေးသည်။ ထို့ကြောင့် ဒီကလေးမလေး၏ အပူချိန်သည် အရမ်းနည်းနေကြောင်း သိသွားသည်။ ထိုကလေးမလေးက သွားတွေကြိတ်နေကာ မျက်လုံးပိတ်ထားလျှက် အသက်ရှုသံမှာ တိုးလျနေပြီ။ လင်းချင်းသည် ထိုကလေးမလေး၏ ရင်ဘတ်ကို နားဖြင့်ကပ်နားထောင်ကြည့်အခါ နှလုံးခုန်သံကအစ နှေးနေကြောင်း သိလိုက်ရသည်။
ထိုကလေးမလေးသည် မစားရမသောက်ရတာ ကြာသဖြင့် ဒီလိုဖြစ်နေကြောင်းကို သိလိုက်သည်။ လူကြီးတစ်ယောက်ဆိုလျှင် ၃ရက်လောက် ရေမသောက်ရလျှင်တောင် သေနိုင်သည်။ ကလေးဆိုလျှင်တော့ ပိုဆိုးလိမ့်မည်။ သို့သော်လည်း ဒီကလေးမလေးကတော့ အသက်မျော့မျော့လေး ရှိနေသေးသည်။
လုထန်ယု၏ မှတ်ညဏ်အရဆိုလျှင် ဒီကလေးမလေးတွင် စွမ်းအင်ရှိနေသည်။ စွမ်းအားသည် မများသေးသဖြင့် မထိန်းချုပ်တက်သေးသလို မတိုက်ခိုက်တက်သေးပေ။ သို့သော်လည်း ဒီစွမ်းအားက အစာမစားရေမသောက်ရတာတောင် သေမသွားရန်အတွက် ကာကွယ်ပေးထားပုံရသည်။
လင်းချင်းသည် ကလေးမလေးကို ချီလာကာ အပြင်သို့ထွက်လာသည်။ သို့သော် အပြင်သို့ရောက်သော် ဘာဆက်လုပ်ရမလဲ မသိတော့ပေ။ ကလေးမလေးသည် အစားမစားရ ရေမသောက်ရလျှင် သေသွားတော့မည်။ သူမသည် အနီးအနားတွင် ဘာများရှိမလဲဟု ရှာကြည့်သည်။ သို့သော်လည်း ရေက ဒီလိုနေရာတွင် ဘယ်ရှိမည်နည်း။
"ဂါး!!!" သူမပြောသည်မှာ 'နောက်ဆုတ်ကြစမ်း!' သူမ၏အသံကြောင့် အနားကိုလာရန်လုပ်နေသည် ပတ်ဝန်းကျင်က ဇွန်ဘီများသည် အနောက်သို့ ချက်ချင်းဆုတ်သွားသည်။
လင်းချင်းသည် ကလေးကိုချီရင်း စိတ်ထဲတွင် အာရုံစိုက်ကာ 'ဝင်!'
အလင်းရောင်သည် သူမ၏မျက်လုံးရှေ့တွင် ဖြတ်ပြေးသွားပြီးနောက် စွန့်ပစ်ထားသည့်လမ်းမပေါ်မှ သူမ၏မြက်ခင်းပြင်သို့ ရောက်လာသည်။ သို့သော်လည်း သူမ၏နယ်မြေသည် အနယ်ငယ်မှောင်နေကာ မြူဆိုင်းနေသည်။
သူမသည် ကလေးမလေးကို ရေကန်ဘေးသို့ အမြန်ချီသွားကာ မြက်ခင်းပြင်ပေါ်တွင် ချလိုက်သည်။ ထို့နောက် ရေကန်ဘေးက မြက်အချို့သည် အနည်းငယ်ကြီးကာ ရွက်ကြောပြန့်နေသဖြင့် ခူးကာ ခွက်လုပ်လိုက်သည်။ ထို့နောက် ကန်ထဲကရေကို ခပ်လိုက်ကာ ကလေးမလေး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် မေးရိုးကို လှုပ်ပေးကာ မြိုကျစေသည်။
ဒီကလေးမလေးသည် ဟိုယောက်ျား၏သမီး ၅နှစ်အရွယ် လင်းလင်း ဖြစ်ကြောင်းကို သူမသိသည်။