၁၅။ အရှိန်မြင့်လာခြင်း
လင်းချင်းက လက်မလျှော့ချင်သေးပေ။ သူမ၏လက်ထဲကအရာများကို ဝူယွဲ့လင်း၏ လက်ထဲသို့ ကမ်းပေးနေရင်း စကားထပ်ပြောသည်။
“ဟာ? ဟာ?”
သူမခေါ်သည်က ‘လင်းလင်း? လင်းလင်း?’
ထိုအချိန်တွင် ဝူယွဲ့လင်း၏ အမူအရာက ပြောင်းလဲသွားသည်။ ထိုကလေးမလေးက ခနရပ်သွားကာ လင်းချင်းလက်ထဲမှ ပုစဉ်းအရုပ်လေးကို ငေးကြည့်နေရင်းမှ လင်းချင်းအ၏ အနောက်က ဘာမှမရှိသည့်နေရာသို့ ကြည့်လာသည်။
သူမ၏အမူအရာကို မြင်ရသည့်အခါ လင်းချင်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မျက်လုံးများ တောက်လာသည်။
“ဟာ ဂါး?”
သူမသည် ထူးဆန်းသည့် အသံများလုပ်ကာ ထပ်ပြောပြန်သည်။ သူမပြောသည်က ‘ပြောတာကို ကြားရလား လင်းလင်း?’
လင်းချင်း၏အသံထွက်လာပြီးနောက် ဝူယွဲ့လင်းသည် ခုနက အမူအရာတိုင်း တောင့်ခဲသွားပြန်သည်။ သို့သော်လည်း ထူးဆန်းသည်က သူမသည် ဘာမှမပြော ဘာမှမတွေးဘဲ လင်းချင်းကိုသာ ကြောင်အလျှက် ကြည့်နေသည်။
လင်းချင်းမှာ စိတ်ရှုပ်နေလေပြီ။ ‘ကြားတာလား? မကြားရတာလား? ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ? ငါ့အသံက ကြောက်ဖို့ ကောင်းလို့လား?’
လုထန်ယု၏ မှတ်ညဏ်များအရ ဒီကလေးမလေးသည် စကားပြောခဲသည့် အနေအေးသော ကလေးမဖြစ်သည်။ သူမ၏ အဖေကလွဲ၍ ဘယ်သူ့အနားမှလည်း ကပ်နေတာမျိုး မရှိပေ။ လုထန်ယုက ဝူချန်းယွဲ့ခေါ်သည်ဟု အကြောင်းပြကာ ဒီကလေးမလေးကို ခေါ်ထုတ်လာသည်။ လူကွယ်ရာ ရောက်သည်နှင့် ကလေးမလေးအား မေ့အောင်ရိုက်ပြီး ခိုးလာခြင်း ဖြစ်သည်။ စခန်းခေါင်းဆောင်၏ သမီးကို လွယ်လွယ်ကူကူ ပြန်ပေးဆွဲလာနိုင်ခြင်း အကြောင်းမှာ လုထန်ယု၏ နောက်ကွယ်တွင် တခြားစခန်းခေါင်းဆောင်၏ အကူအညီရှိနေသောကြောင့်ပင်။
ဝူယွဲ့လင်းသည် တောင့်ခဲနေရာမှ သတိအပြည့်ဖြင့် လင်းချင်းကို ကြည့်လာသည်။ လင်းချင်း၏လက်ထဲမှ ပုစဉ်းရုပ်ကိုလည်း သူမမြင်နေရသေးသည်။ ကလေးမလေးက အရုပ်ကို အာရုံစိုက်နေသည့်အခါ လင်းချင်းက ဒီအခွင့်အရေးကို အသုံးချကာ အနားသို့ ကပ်ပေးလိုက်သည်။
အခုတော့ ဝူယွဲ့လင်းသည် လင်းချင်းကို မကြောက်တော့ပေ။ သူမသည် ရုပ်ဆိုးကာ ရွံ့ဖို့ကောင်းသည့် ဇွန်ဘီများကို မြင်ဖူးသည်။ သို့သော်လည်း သူမ၏အရှေ့က ဒီဇွန်ဘီအမကြီးက သူမကို မစားသ၍ သူမကျန်သည်ကို ဂရုမစိုက်ပေ။ လင်းချင်းပေးနေသည့် မြက်ပုစဉ်းရုပ်လေးကို ကြည့်ကာ ဝူယွဲ့လင်းသည် ဘာလဲဆိုသည်ကို နားလည်သွားသည်။ ထို့ကြောင့် စောင်ခြုံထဲကနေ လက်ကလေးထွက်လာကာ အရုပ်ကို သတိအပြည့်ဖြင့် ယူလိုက်သည်။
ထို့နောက်တွင် လင်းချင်းသည် ရေကတော့ကိုလည်း ဝူယွဲ့လင်း၏ နှုတ်ခမ်းအနားသို့ ကပ်ပေးလိုက်သည်။ ရေက နည်းနည်းယိုကျနေပြီ ဖြစ်သောကြောင့် သောက်စေချင်ပြီ။ ထိုကလေးမလေးက မသောက်သော်လည်း ခေါင်းကိုတော့ မရှောင်လိုက်ပေ။ ထိုအခါ လင်းချင်းသည် ဒီတိုင်းကိုင်ပေးထားကာ မလှုပ်ရဲပေ။
စက္ကန့်နှစ်ဆယ်လောက် ကြာမှသာ ဝူယွဲ့လင်းဘက် လှုပ်လာသည်။ လင်းချင်းကိုင်ပေးထားသည့် ရေကတော့ကို နှုတ်ခမ်းဖြင့် ထိကပ်ကာ တစ်ငုံလောက် စသောက်ကြည့်သည်။ ထို့နောက် ရေက အနည်းငယ်ချိုနေသည်ကို သိသွားသည့်အခါ အကုန်သောက်တော့သည်။
ကလေးမလေးက ရေအကုန်သောက်ပြီးမှ ဇွန်ဘီတွေက ချွေးမထွက်သော်လည်း လင်းချင်းသည် နဖူးကို သုတ်လိုက်သည်။ လင်းချင်းက စိတ်ထဲကနေ ‘ဟူး. . .မင်းသမီးလေးက နောက်ဆုံးတော့ ရေကို သုံးဆောင်တောင်မူရှာပြီ! စိတ်မောလိုက်တာနော်!’
သို့သော်လည်း နောက်ပြဿနာတစ်ခုက ပေါ်လာပြန်သည်။ အခုအချိန်မှာ ကလေးမလေးက အဆာလွန်နေပြီ ဖြစ်သလို သောက်လိုက်သည့်ရေက နည်းသောကြောင့် ထပ်ဆာလာပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ရေတစ်ခွက် သွားခပ်တိုက်လိုက်ရသည်။ ရေကုန်မှသာ လင်းချင်းသည် စိတ်အေးသွား ခွက်ကိုပေးခဲ့ကာ နယ်မြေထဲမှ ထွက်လာသည်။
ဝူယွဲ့လင်းမှာတော့ သူမ၏မျက်စိရှေ့မှ လင်းချင်းပျောက်သွားသည့်အခါ မျက်လုံးပြူးသွားသည်။ ထို့ကြောင့် လင်းချင်းပျောက်သွားသည့်နေရာသို့သွားကာ ကျီးကန်းတောင်းမှောက်လိုက်ရှာသည်။ သို့သော်လည်း ဒီထူးဆန်းသည့် ဇွန်ဘီအမကြီးကို မတွေ့တော့ပေ။ ထိုနေရာတွင် သူမကလွဲ၍ ဘယ်သူမှ မရှိတော့ပေ။ ရုတ်တရက် ကြောက်စိတ်ဝင်သွားကာ မျက်လုံးကိုပြူးကျယ်၍ ရှာသော်လည်း မတွေ့ပေ။
‘ဇွန်ဘီအမကြီး မရှိတော့ဘူး!’
သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများသည် ရဲတက်လာသော်လည်း ငိုတော့မငိုပေ။ နှုတ်ခမ်းလေးကိုသာ ကိုက်နေရင်း လင်းချင်းပေးခဲ့သည့် မြက်ပုစဉ်းရုပ်လေးကို ကိုင်ထားကာ ကျုံ့ကျုံ့လေး ထိုင်ချလိုက်သည်။
လင်းချင်းပေးသည့် ရေသောက်ပြီးတည်းက ဆာလောင်ခြင်း မရှိတော့သည်ကို ဝူယွဲ့လင်းသည် သတိမထားမိပေ။ သူမ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည်လည်း လင်းချင်းထင်သလို မဆိုးဝါးဘဲ အားအနည်းငယ် ရှိလာပြီ ဖြစ်သည်။
လင်းချင်းသည် နယ်မြေထဲက ထွက်လာသည့်အခါ အဆောက်အအုံအမြင့်ကြီးထဲတွင် ပြန်ပေါ်လာသည်။ သူမသည် အနံ့ထပ်ခံကြည့်သည့်အခါ အနည်းငယ်ဝေးသည့်နေရာမှ သစ်သီးနံ့ကို ရလိုက်သည်။ ထို့နောက် လှေကားမှ ပြန်ဆင်းလာလေသည်။
လင်းချင်းသည် သူမ၏အနံ့ခံအာရုံက တဖြည်းဖြည်း ပိုကောင်းလာသည်ကို သတိထားမိလာသည်။ သူမသည် လှေကားမှ ပြေးဆင်းလာရင်း တွေးနေမိသည်။ ‘ဘုရားရေ! ငါခွေးဖြစ်လာပြီလား? ဇွန်ဘီတွေမှာ အသုံးဝင်တာတွေတော့ များသားပဲ’
သူမသည် ကလေးမလေးအတွက် အစာမြန်မြန် ရှာပေးချင်သည်။ ကလေးမလေးသာ သူမ၏အဖေဆီသို့ ပြန်မပို့ရသေးခင် သေသွားလို့ကတော့ သူမသည် ခွင့်မလွှတ်နိုင်စရာ အပြစ်သားဖြစ်သွားလိမ့်မည်။
ထိုအတွေးဖြင့် ခပ်မြန်မြန်ပြေးလိုက်သည်။ အစက သူမသည် တစ်ထစ်ချင်း ပြေးဆင်းနေသော်လည်း ခုန်ချကြည့်လိုက်သည့်အခါ လေတိုးသံနှင့်အတူ ခြေလှမ်းနည်းနည်းဖြင့် တစ်ထပ်စာကို မြန်မြန်ဆင်းသွားနိုင်သည်။ သူမ၏ အရှိန်မြင့်လာကြောင်းကို သတိထားမိသည့်အခါ သူမ၏ခြေလက်တို့သည် ပိုသန်လာကာ ပိုပေါ့ပါးလာကြောင်းကိုပါ သိလိုက်သည်။ သူမသည် ငါးထစ် ခြောက်ထစ်လောက်ကို အသာလေး ဆင်းနေတာ ဖြစ်သည်။ ဒီအချိန်တွင် သူမကိုယ်သူမ ပေါ့ပါးနေသဖြင့် ကြောင်လိုခံစားလိုက်ရသည်။ သူမသည် လှေကားတက်တုန်းက ကြာသော်လည်း အခုတော့ အမြန်ဆင်းလာခဲ့သည်။
ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ မှောင်နေဆဲ ဖြစ်သော်လည်း မကြာခင် မိုးလင်းတော့မည်ကို သူမသိသည်။ သူမသည် အသီးအနံ့ထွက်ရာသို့ လှည့်ကာ ဆက်ပြေးသည်။ လင်းချင်းသည် စိတ်ရှည်သည့်သူ မဟုတ်သဖြင့် လမ်းလျှောက်မည့်အစား ပြေးသာနေချင်သည်။ မပြေးနိုင်ပါက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်တက်သည်။
လင်းချင်းသည် အမှောင်ထဲတွင် ပြေးနေရင်း သူမဘယ်လောက်မြန်မြန် ပြေးနိုင်မလဲကိုပါ စမ်းကြည့်နေသည်။ သူမ၏မျက်လုံးများသည် လမ်းကိုပါ ကြည့်နေရင်း နားမှ လေတိုးသံကို နားထောင်နေသည်။
ဘယ်သူမှ မရှိ၍သာ တော်သေးသည်။ တစ်စုံတစ်ယောက် ရှိပါက သူမပြေးနေခြင်းကို မြင်လျှင် လန့်သွားနိုင်သည်။ သူမသည် လျှပ်စီးလိုပြေးနေကာ အိုလံပစ်အပြေးသမားတို့ ချိုးခဲ့သည့် စံချိန်ထက်ပင် သာနေသေးသည်။
သို့သော်လည်း လင်းချင်းက ဒါကိုမသိပေ။ သူမသိသည်က ပြေးလေလေ ပိုပျော်လာလေလေသာ။ သူမသည် ရပ်ဖို့အစီအစဉ်မရှိဘဲ ပြေးသာနေချင်နေတော့သည်။