May Honey Logo May Honey
Previous Next

၄။ သန်မာတဲ့ လက်သည်းတွေ

ထိုအနံအနားသို့ရောက်လေလေ ဇွန်ဘီများကို ပိုတွေ့ရလေလေဖြစ်သည်။ ပိတ်ထားသည့် အခန်းရှေ့သို့ရောက်သည့်အခါ အထဲကအနံက ပိုပြင်းလာသည်။ သို့သော်လည်း ဇွန်ဘီအုပ်ကြီးက တံခါးဝတွင်အုံခဲနေသည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း. . . လင်းချင်းသည် တစ်လှမ်းချင်းသာ ပုံမှန်လျှောက်လာရင်း ခြေလှမ်းအရေအတွက်ကို စိတ်ထဲကရည်တွက်နေသည်။ ခြေလှမ်း ငါးရာလောက် လျှောက်ပြီးသည့်အခါ ဇွန်ဘီအုပ်ကြီးက ပိုထူလာသည်။ သူမသည် နံစော်နေသည့် ဇွန်ဘီများဖြင့် မထိချင်သဖြင့် ဟိန်းဟောက်လိုက်သည်။    "ဂါး ဂါး"   သူမသည် ဇွန်ဘီအုပ်ကြီးထဲတွင် မနည်းတိုးဝင်ရင်း ဟိန်းဟောက်နေသည်။

'တောက်! ဒီခြေတွေလက်တွေကတော့ ငါ့စိတ်အတိုင်း လိုက်မပါကြဘူး!!!'   သူမသည် ပိုဒေါသထွက်လာကာ အကျယ်ကြီးအော်တော့သည်။   "ဂါး ဂါး"   သူမပြောသည်က "ငါစိတ်တိုလာပြီနော်!"

သူမ၏နောက်ဆုံးအော်သံက ပိုအသံကျယ်သဖြင့် ဇွန်ဘီများက သူတို့ကိုရန်စသည်ထင်ကာ သူမအား လှည့်ကြည့်လာကြသည်။   "ဂါး!!!!!"   အကုန်လုံးက တစ်ပြိုင်တည်း ပြန်လှည့်အော်သည်။

'ဘာလဲ! နင်တို့က ငါနဲ့ချချင်တာလား?'   လင်းချင်းသည် ရုပ်ဆိုးပန်းဆိုးဇွန်ဘီများအား ကြည့်ကာ ပြန်အော်လိုက်သည်။ ထို့နောက် သူမ၏အနားက ဇွန်ဘီတစ်ကောင်အား လက်သည်းဖြင့် ကုတ်ပစ်လိုက်သည်။  
ဘာကြောင့်မှန်းမသိ သူမတိုက်ခိုက်ချင်သည်နှင့်တစ်ပြိုင်နက် လက်များသည် လှုပ်ရှားရသွက်လာသည်။ ဘာဖြစ်နေသလဲ သူမသတိထားမိသည့်အခါတွင် သူမ၏လက်သည် ဇွန်ဘီခေါင်းကို ဖောက်ဝင်နေသည်။    'ဘာလဲ! ငါ့လက်သည်းတွေက သံမဏိလား ကျောက်တုံးလားဟ! ဇွန်ဘီခေါင်းကို အလွယ်လေးဖောက်ဝင်သွားတယ်'   သူမသည် လက်ကိုပြန်ထုတ်ကာ တအံ့တသြကြည့်နေမိသည်။

"ဂါး!"   အနားက ဇွန်ဘီများမှာ ဒါကိုမြင်သော် အန္တရာယ်အငွေ့အသက်ကို  ခံစားလိုက်ရပြီး နောက်ကိုဆုတ်ကြလေပြီ။

သေချာအောင်သိချင်သည့် လင်းချင်းကတော့ အနားကဇွန်ဘီတစ်ကောင်၏ ခေါင်းကို ဘယ်ဘက်လက်ဖြင့် ဖမ်းလိုက်သည်။ သူမထင်သလိုပင် လက်သည်းတို့က ဦးခေါင်းခွံကို လွယ်ကူစွာ ဖောက်ဝင်သွားသည်။ ထို့နောက် သူမအားထည့်ကာ ဖျစ်ညှစ်လိုက်သည်။ ထိုအခါ ဇွန်ဘီခေါင်းသည် နှစ်ခြမ်းကွဲကာ ပြုတ်ကျသွားတော့သည်။

ထိုခေါင်းကွဲသံနှင့်အတူ လင်းချင်းက ငုံ့ကြည့်လိုက်သည့်အခါ လက်ထိပ်အရွယ် ငွေရောင်ကျောက်တစ်ခုက ဇွန်ဘီခေါင်းထဲတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။ သူမသည် တအံ့တသြငေးကြည့်ပြီးနောက် သူမကောက်ယူထား၍ ရမလား ကြည့်လိုက်သည်။

သူမ၏ ဒူးတွေက ထပ်ပြီးတော့ ကွေးရခက်နေပြန်ပြီ! သို့သော်လည်း ခါးကကုန်းရနိုင်သေးသည်။ သူမသည် ၉၀°လောက် ခါးကိုကုန်းကာ မရမကကုန်းကောက်ယူလိုက်ပြီးမှ သက်ပြင်းချနိုင်သည်။ သူမသတိမထားမိသည်က သူမကျောက်ကို ကုန်းကောက်နေစဉ်မှာ အနားကဇွန်ဘီတိုင်း သူမနှင့်ဝေးရာကို ရှောင်သွားကြခြင်းပင်။

သူမသည် ကျောက်ကို လက်သည်းဖြင့်ထိကြည့်အခါ ထိုအထဲမှ အနွေးဓာတ်ကို ခံစားရသည်။ သူမသာ သာမန်ဇွန်ဘီဖြစ်ပါက ဒီကျောက်ကြောင့် ပြာကျသွားနိုင်သည်ကိုလည်း သူမမှာ မသိပါပေ။  
သို့သော်လည်း သူမသည် ဘာမှဖြစ်မသွားပေ။ သူမသည် ကျောက်ကိုသေချာမြင်ရရန် လက်သည်းဖြင့် တောက်ထိနေရင်း မျက်နှာအနားသို့ကပ်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်အလင်းသည် လက်သည်းထဲသို့ ဝင်သွားကာ ထိုကျောက်သည် အငွေ့ပျံပျောက်သွားတော့သည်။

လင်းချင်းသည် တစ်ကိုယ်လုံး နွေးထွေးသွားမှုကို ခံစားရသည်။   'ဟမ်? ဘာဖြစ်သွားတာလဲ?'   သူမ၏ အနက်ရောင်လက်သည်းများကို မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်သည်။ သို့သော်လည်း အဖြေမရှာတက်သဖြင့် လက်လျော့လိုက်သည်။

ထို့နောက် အနံထွက်လာသည့် တံခါးကိုကြည့်လိုက်သည်။ ထိုအခါ သူမ၏အနားတွင် ရှင်းလင်းနေပြီး  ခုနတုန်းက ဇွန်ဘီအုပ်ကြီးသည် သူမနှင့် ၇မီတာ ၈မီတာ  အကွာကသာ နေကြတော့သည်။

သူမသည် ထိုဇွန်ဘီများကို ဇဝေဇဝါဖြင့် ကြည့်ပြီးနောက် တံခါးဆီသွားကာ ဖွင့်ကြည့်သည်။ သို့သော်လည်း အထဲက ချက်ချထားသဖြင့် ဖွင့်မရပေ။ တံခါးကို အလူမီနီယံသတ္တုစပ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ တံခါးနှင့် သူမ၏လက်သည်း ဘယ်ဟာက ပိုမာမလဲ သိချင်သဖြင့် တံခါးကိုခြစ်ကြည့်ရာ ဆူညံသံတို့ ထွက်ပေါ်လာသည်။ တံခါးသော့ကိုကြည့်ပြီးနောက် တံခါးကိုခြစ်မရလျှင် ညဏ်ရှိစွာဖြင့် အခြားနည်းသုံးရသေးကြောင်း သိသွားသည်။ ထို့ကြောင့် ကုန်းကာ တံခါးသော့ကို သေချာကြည့်တော့သည်။

တံခါးသော့ကို သုံးသပ်နေတဲ့ ဇွန်ဘီ. . .သက်ရှိလူတစ်ယောက်သာ မြင်ရင် မျက်ခုံးပင့်တက်ကာ မျက်မှန်ပြုတ်ကျသွားနိုင်သည်။

လင်းချင်းသည် သော့ပေါက်ထဲသို့ လက်သည်းတစ်ချောင်းထည့်ကာ ဖွင့်ရန်ကြိုးစားသော်လည်း မရပေ။ သူမသည် ဒေါသထွက်လာကာ ပိတ်ထားသည့်တံခါးကို ရိုက်ချလိုက်သည်။   "ဒုန်း!"   လက်သည်းက တကယ်ကြီး တံခါးကိုဖောက်ဝင်သွားသည်!   'အဆင်ပြေသားပဲ!'  
သူမသည် လက်သည်းများကို အားကိုးကာ တံခါးကိုဆွဲဖွင့်ရန်လုပ်သည့်အခါ ပွင့်မလာပေ။ ထို့ကြောင့် အားထည့်ကာ လက်သည်းဝင်သည့် အပေါက်ကိုချဲ့၍ လက်တစ်ခုလုံးဝင်စာ ဖောက်လိုက်ရသည်။ ထို့နောက် လက်ထိုးထည့်ကာ အထဲကချက်ကို ဖွင့်လိုက်သည်။

တံခါးဖွင့်ပြီး ဝင်လိုက်သည်နှင့် နှာခေါင်းဝသို့ အနံကတိုးဝင်လာသည်။ အခန်းကမှောင်နေသော်လည်း သူမသည် အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အနံလာရာကို သူမကြည့်သည့်အခါတွင်တော့ မျက်မှောင်ကျုံ့သွားသည်။ ထိုအနံက လူတစ်ယောက်ဆီက ထွက်လာတာပင်!

ထိုလူက ကြမ်းပြင်ပေါ်တွင် လဲကျနေကာ ရှင်လား သေပြီလား မသိရပေ။ သူမအနားသို့ သွားကြည့်သည့်အခါ ဝက်သားကင်လိုအနံက ထွက်လာသဖြင့် သူမဗိုက်ပိုဆာလာသည်။ ထိုအနံကိုရှုရင်း သူမသည် လက်သည်းများဖြင့် ထိုလူအားထိုးဖောက်ရန် လုပ်နေမိသည်။ သို့သော်လည်း ခေါင်းကိုဖောက်စားခါနီးတွင် အသိပြန်ဝင်လာကာ လက်ကိုရုတ်လိုက်သည်။   'အမယ်လေး! ငါအခုလူသားစားမိတော့မလို့!'

သူမသည် ထိုလူ၏မျက်နှာကို လက်သည်းဖြင့် တို့ကြည့်သည့်အခါ အနွေးဓာတ်က ဝင်လာသည်။ လက်သည်းကို ပြန်ရုတ်သိမ်းကာ သူမအံ့သြသွားသည်။   'ဒီလူက မသေသေးဘူး! ဒါပင်မယ့် ငါမြင်ရသလောက် ဒီလူသည် ပိုးကူးစက်ခံရပြီးပြီ။ ဇွန်ဘီမဖြစ်သေးပင်မယ့် နှုတ်ခမ်းတွေက ပြာနေပြီ'

လင်းချင်းက ဒီလူဇွန်ဘီဖြစ်မဖြစ် တွေးနေစဉ်တွင် ခေါင်းက ပေါက်ကွဲမတက် ကိုက်လာပြန်သည်။   "ဂါး!"

သူမသည် ခေါင်းကိုမော့ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူမ၏မျက်ဝန်းနက်များက ပိုကြီးပြီးကျယ်လာကာ သွားအစွယ်တို့ကလည်း ရှည်ထွက်လာလေသည်။ သိပ်မကြာခင်မှာ သူမသည် ထိုလူအပေါ်သို့ မေ့လဲကျသွားသည်။  
ရုတ်တရက် သူမ၏အမြင်အာရုံတွင် အစိမ်းရောင်လှိုင်းတို့ကို မြင်လိုက်ရပြီးနောက် နှစ်ယောက်သား ပျောက်ကွယ်သွားကြသည်။ ထိုအခန်းထဲတွင် ဘယ်သူမှမရှိတော့ပေ။

လင်းချင်းသည် ခေါင်းမူးဝေစွာဖြင့် ပြန်နိုးလာသည့်အခါ မျက်လုံးပွင့်လျှင်ပွင့်ခြင်း အံ့သြသွားသည်။   'WTH! ဒါကဘယ်မှာလဲ? ဘာဖြစ်လို့ ငါမျက်လုံးပွင့်တိုင်း ထူးဆန်းတဲ့နေရာကို ရောက်နေတာလဲ?'   လင်းချင်းသည် သူမ၏မျက်ဝန်းနက်များဖြင့် တစ်ကိုယ်လုံးကိုပြန်ကြည့်သည်။ ဒါပေမယ့် စိတ်မကောင်းစွာပင် ပဲ့ရွဲ့နေသည့် ဒီခန္ဓာကိုယ်က မပြောင်းလဲပေ။ သူမဝတ်ထားသည့် မီးခိုးရောင်ဂါဝန်ကအစ မပြောင်းပေ။

သို့သော်လည်း. . .
Previous Chapter 4 of 20 Next