ထူးဆန်းသည့် ပတ်ဝန်းကျင်က လင်းချင်းအား လှောင်ပြောင်နေသလိုပင်။ သူမသည် စိတ်ရှုပ်စွာဖြင့် ချာချာလည်ကြည့်နေမိသည်။ 'ငါအိပ်မက်မက်နေတာပဲနေမှာ။ အိပ်မက်မက်နေတာပဲ ဖြစ်မယ်'
သူမသည် ဗိုက်အပေါက်ကြီးကို ငုံ့ကြည့်လိုက်ပြန်သည်။ 'ဗိုက်ကြီးက ဒီလိုပေါက်နေတာတောင် ငါအသိရှိသေးတယ်လား? ပြီးတော့ ခုနက ငါ့ဆီက ဘာသံကြီး ထွက်သွားတာလဲ?'
သူမသည် ရူးတော့မလို ခံစားနေရသည်။ သူမဖျားနေသောကြောင့် ဆေးသောက်ကာ အိပ်လိုက်ခြင်းကို မှတ်မိသေးသည်။ နိုးလာတော့ ကမ္ဘာကြီးက ဒီလိုဖြစ်နေပြီ။ 'ဟုတ်တယ် အိပ်မက်မက်နေတာပဲ ဖြစ်မှာ။ အိပ်မက်ပါပဲ'
လင်းချင်းသည် သူမကိုယ်သူမ ပြန်နှစ်သိမ့်နေသည်။ 'ဆေးသောက်ပြီး အိပ်ပျော်နေတာက မနိုးသေးတာပဲ ဖြစ်မှာပါ။ မဟုတ်ရင် ဒီလိုဖြစ်နေတာတောင် ငါကဘာမှမခံစားရဘဲ ဘယ်နေမလဲ?'
ထိုအချိန်တွင်ပဲ ခေါင်းကကိုက်လာကာ သူမနှင့်မရင်းနှီးသည့် မှတ်ညဏ်တွေက ထွက်လာတော့သည်။ ခေါင်းမှာ ပေါက်ထွက်မတက် ကိုက်ခဲလာကာ မျက်နှာသည် ရှုံ့တွသွားပြီး သူမအော်ဟစ်လိုက်သည်။ "ဂါး!"
ထို့နောက်တွင်တော့ မြေကြီးပေါ်သို့ သူမလဲကျသွားတော့သည်။
ထိုမှတ်ညဏ်ထဲတွင် သာမန်ချစ်ဖို့ကောင်းသည့် ကလေးသေးသေးလေးမှ အမျိုးသမီးတစ်ယောက် ဖြစ်သွားသည်။ ထိုအမျိုးသမီး၏ မူကြိုမှ တက္ကသိုလ်တက်သည့်အထိ မှတ်ညဏ်တွေကို သူမရလိုက်သည်။ ထိုအမျိုးသမီးသည် လုထန်ယုဖြစ်ကာ သူမသည် စိတ်ကူးယဉ်ခဲ့သည့် တက္ကသိုလ်သို့ တက်ခွင့်ရသည်။ သို့သော်လည်း တက္ကသိုလ်စတက်သည့်နေ့တွင် ကမ္ဘာကြီးက ပြောင်းလဲသွားသည်။
အတန်းထဲတွင် သူမကိုယ်သူမ မိတ်ဆက်တော့သည့်အခါ လူတိုင်းက သူမအား စိတ်ဝင်စားစွာ ငေးနေကြသည်။ သို့သော်လည်း ခုံပေါ်တွင် မလှုပ်မယှက် မှောက်အိပ်နေသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။
အတန်းဖော်များက ဘယ်လောက်လှုပ်နှိုးနှိုး ထိုကောင်မလေးက နိုးမလာပေ။ တစ်ယောက်က စိတ်မရှည်စွာဖြင့် ခုံကိုကန်ချသည့်တိုင် နိုးမလာ။ ထိုအခါ ဆရာမသည် ယောက်ျားလေးနှစ်ယောက်အား သူမကိုဆေးခန်းသို့ သယ်ခိုင်းရတော့သည်။ သို့သော်လည်း အခန်းဝသို့ရောက်သော် ထိုကောင်မလေးသည် မျက်လုံးပွင့်လာသည်။
သူမ၏ မျက်လုံးများက မီးခိုးရောင်ဖျော့ဖျော့ဖြစ်နေသည်။ သူမသည် ဘာစကားမှမပြောဘဲ သူမကိုသယ်ပေးသည့် ယောက်ျားလေး၏ လည်ပင်းကို ကိုက်ခဲတော့သည်။
အော်ဟစ်သံများက တစ်ခန်းလုံးထွက်လာသည်။
နောက်ယောက်ျားလေးသည် အကိုက်ခံရသည့် တစ်ယောက်ကို ထိုကောင်မလေးဆီမှ အတင်းဆွဲထုတ်သည်။ သို့သော်လည်း ထိုယောက်ျားနှစ်ယောက်အားသည် ထိုကောင်မလေးအားကို မမှီပေ။ သူတို့သည် ကူကယ်ရာမဲ့စွာ ကြည့်ပဲနေနိုင်ခဲ့သည်။
ဒီလိုအဖြစ်များက တစ်မြို့လုံးဖြစ်လာကာ အစိုးရနှင့်ရဲဌာနက အာရုံစိုက်ရသည့်အထိ ဖြစ်လာသည်။ ထိုနေ့တွင် ရဲနှင့်စစ်တပ်တို့ပေါင်းကာ တိုက်ခိုက်မှုများကို လိုက်ရှင်းခဲ့ရသည်။
ထိုညတွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်ကာ အိပ်မောကြကုန်သည်။ နောက်နေ့တွင် ကမ္ဘာကြီးပျက်စီးသွားသည်ကို နိုးလာမှသိကြသည်။
လူ၃၀%သာ နိုးလာကြကာ ကျန်သည့် ၇၀%သည် လူသားစားချင်စိတ်ပဲရှိသည့် ဇွန်ဘီများဖြစ်သွားကြတော့သည်။
ထိုမှတ်ညဏ်များက ပျံ့ကျဲနေသော်လည်း လင်းချင်းမှာ မနည်းဆက်စပ်ယူလိုက်ရသည်။ ထို့အတူ တစ်ချိုအရာတွေက ပျောက်နေသော်လည်း သေချာသည်တစ်ခုက . . . သူမအကြောင်း ဟုတ်မနေပေ။ မှတ်ညဏ်ထဲကသူသည် လုထန်ယုဆိုသည့် အမျိုးသမီးဖြစ်သည်။ နောက်သိလိုက်ရသည့်တစ်ချက်မှာ ကမ္ဘာပျက်ကပ်ဖြစ်နေသည်မှာ ၅နှစ်ရှိသွားလေပြီ။
ကမ္ဘာပျက်ကပ်သည် သူမဆေးသောက်၍ အိပ်လိုက်သည့်ညတွင် ဖြစ်လာသည်။ ဇွန်ဘီဖြစ်ကာ တွေ့သမျှလူကို လိုက်ကိုက်နေကြသေည်။ နိုးထလာသူများကတော့ သန်မာလာကြသလို ကျန်သည့်သူတို့က သဘာဝလွန်စွမ်းရည်များ နိုးထလာကြသည်။
လုထန်ယုသည် အသက်၂၃ရှိသည်။ သူမ၏မှတ်ညဏ်တွေအရ သူမသည် ဇွန်ဘီမဖြစ်သလို အစွမ်းလည်းမနိုးသည့် သာမန်သူဖြစ်သည်။ ဒီလိုကမ္ဘာပျက်ကပ်ကြီးတွင် သူမသည် လုံးဝကို ခုခံကာကွယ်နိုင်စွမ်းမရှိ ဖြစ်နေခဲ့သည်။
ထို့ကြောင့် ရှင်သန်ဖို့အတွက် သူမ၏ကိုယ်နှင့် အလဲအလှယ်လုပ်ကာ ဇယားရှုပ်တော့သည်။ ကံကောင်းသည်က သူမသည်ရုပ်ကလေးလည်း လှသည်။ ကမ္ဘာပျက်ကပ်တွင် စခန်းတစ်ခု၌ အမျိုးသမီးများက ၇%သာ ရှိသည်။ အမျိုးသမီးက ရှားပါးသည့်အထဲတွင် သူမလိုလှပသူက နာမည်ကြီးလာသည်။
ကလေးတည်းက အကြံအစီကောင်းသည့် သူမသည် ဒီလိုအန္တရာယ်များကာ ပျက်စီးနေသည့် လောကတွင် ညစ်တီးညစ်ပတ် လှည့်ကွက်များဖြင့် လူများကို ကစားတော့သည်။
လင်းချင်းမှာ လုထန်ယု၏ မှတ်ညဏ်အများစုကို ရနေသည်။ သို့သော်လည်း အကုန်တော့မဟုတ်ပေ။ အခုတလော သူမဘာလုပ်ခဲ့သလဲ ဆိုတာကိုတော့ သူမမမှတ်မိသေးပေ။ ဒီမှတ်ညဏ်တွေကြောင့် လင်းချင်းမှာ စိတ်ရှုပ်သွားရသည်။ သူမကိုယ်သူမ လင်းချင်းလား? လုထန်ယုလား မသဲကွဲတော့ပေ။
ကံကောင်းစွာဖြင့် ခေါင်းကိုက်နေချိန် ခေါင်းထဲမှ အအေးဓာတ်တစ်ခုထွက်လာပြီး မှတ်ညဏ်များပေါ်နေခြင်းကို ရပ်လိုက်ကာ သူမကိုယ်သူမ လုထန်ယုဟု မခံစားရတော့ပေ။ လင်းချင်းက အဝတ်တွေမှာ သူမကိုယ်ကိုမလုံမလဲ ဖြစ်နေသည်ကို တွေ့လိုက်သည်။ ခေါင်းကိုငုံ့လိုက်ကာ ဗိုက်အပေါက်ကြီးကို ကြည့်လိုက်သည်။ ဇွန်ဘီအစားခံရသည့် ရင်သားများရောအပါအဝင်ပင်။
လင်းချင်းမှာ ငိုချင်နေသော်လည်း မျက်ရည်များက ထွက်မလာပေ။ သေချာသည်ကတော့ သူမသည် တခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ရောက်နေပြီ။ သူမ၏ ခန္ဓာကိုယ်ကရော ဘယ်လိုဖြစ်နေပြီလဲ သူမသိချင်နေသည်။ လူသားစားချင်တာပဲသိသည့် ဇွန်ဘီတစ်ကောင် ဖြစ်ရင်ဖြစ်နေနိုင်သည်။
'သွားပါပြီ! ပြန်ရှင်လာရရင် အနည်းဆုံးတော့ ငါ့ကိုရှင်နေတဲ့သူကိုယ်ထဲ ထည့်ပါတော့လား! ကျားဖြစ်ဖြစ် မဖြစ်ဖြစ် ကြီးကြီး ငယ်ငယ်ပေါ့! အခုတော့ အစားခံရတဲ့ ဇွန်ဘီကိုယ်က ဘာသဘောလဲ? အပြည့်အဝကိုယ်လေးတော့ ငါလည်းလိုချင်တာပေါ့!' သူမရင်ထဲတွင် အော်ဟစ်နေပြီ။
စိတ်ဓာတ်ကျစွာဖြင့် လင်းချင်းမှာ ကောင်းကင်ကိုကြည့်ကာ အော်လိုက်သည်။ "ဂါး!"
အနားရှိဇွန်ဘီများသည် သူမရှိနေကြောင်းကို သတိထားမိသွားသည်။ ထို့နောက် ထူးဆန်းစွာဖြင့် သူမနှင့်ဝေးရာကို ရှောင်သွားကြတော့သည်။
လင်းချင်းသည် မြေကြီးပေါ်တွင် လှဲနေကာ အကြီးအကျယ်ကို စိတ်ရှုပ်နေသည်။
လုထန်ယု၏ မှတ်ညဏ်တွေအရ သူမလုပ်ခဲ့သမျှနှင့် ကမ္ဘာကြီး၏ အပြောင်းအလဲများကို သူမလေ့လာလိုက်ရသည်။ မှတ်ညဏ်တွေက မစုံလင်သော်လည်း လင်းချင်းသည် လုထန်ယုက စခန်းတွင် အဆိုးဆုံးဖြစ်ကြောင်းတော့ ခန့်မှန်းမိပါသည်။ သူမသည် အိပ်ရာထက်တွင် လူပေါင်းစုံထံမှ တန်ဖိုးကြီးပစ္စည်းများကို သိမ်းကာ အပြစ်မဲ့သူအများအပြားကို သေဆုံးစေသည်။ သို့သော်လည်း လှပသည့် အမျိုးသမီးများက အရင်ကလိုပဲ အခုကမ္ဘာပျက်ဘေးမှာ နာမည်ရဆဲပင်။
ငါးနှစ်. . .ငါးနှစ်တောင် ကြာသွားပြီ။ စခန်းကလူတိုင်းသည် လုထန်ယုမှာ အတွက်အချက်ကောင်းကာ ယုတ်မာသည့် အပျက်မမှန်း သိကုန်ကြသည်။
သို့သော်လည်း လင်းချင်းနားမလည်နိုင်သည်က ဘာဖြစ်လို့ ဒီနေ့မှ သူများကိုယ်ထဲတွင် သူမနိုးလာသလဲ ဆိုသည်ကိုပင်။ 'ငါ့မိသားစုတွေ ဘာဖြစ်နေပြီလဲ? သူငယ်ချင်းတွေကရော? အသက်ရှင်သေးကြလား? မဟုတ်ဘူး! ငါဒီလိုနေလို့မရဘူး။ အမေ၊ အကိုကြီး၊ ယောင်းမ၊ ညီမလေးနဲ့ တခြားသူတွေကို သွားရှာရမယ်! သူတို့ဘယ်လိုဖြစ်ကုန်ပြီလဲ ငါသိရမှဖြစ်မယ်။ စွမ်းအားတွေ နိုးထလာလား? သာမန်ပဲလား? ဇွန်ဘီဖြစ်ကုန်ပြီလား?'