၁၈။ အသိညဏ်ရှိဇွန်ဘီ
ဝူလင်းယွဲ့ကို ပြန်ကြည့်နေရင်းဖြင့် လင်းချင်းသည် စတော်ဘယ်ရီသီးကိုသာ ဝါးစားနေသည်။ စတော်ဘယ်ရီသီးသည် သူမ၏ပါးစပ်ထဲတွင် ပျော်ကြနေသည်။ ဝမ်းနည်းစရာက ဒီအရသာကို သူမမသိရသလို ဗိုက်ကလည်း ဒီလောက်နဲ့ မကျေနပ်ပေ။ ထိုအခါ သူမသည် ဆက်မစားတော့ဘဲ ကိုက်ထားသည်ကို မြက်ခင်းပေါ်သို့ လွှတ်ပစ်လိုက်သည်။
သူမသည် ဝူယွဲ့လင်း၏လက်ထဲက သူမပေးထားသည့် အရုပ်ကိုကြည့်ပြီးနောက် သူမအား အနားသို့လာရန် လက်ယက်ပြလိုက်သည်။ သို့သော်လည်း သူမကို လက်ယက်ပြကာ ခေါ်နေသည့် လင်းချင်းကို မြင်သည်နှင့် ဝူယွဲ့လင်းသည် လှည့်ပြေးတော့သည်။
လင်းချင်းသည် သက်ပြင်းချလိုက်သည်။
‘ကလေးမလေးက အနားကိုမလာတော့လည်း ငါ့ဟာငါပဲ ပျော်စရာရှာရတော့မှာပေါ့’
သူမထပ်ကြည့်လိုက်သည့်အခါ ဝူယွဲ့လင်းသည် မြက်ခင်းထဲတွင် ထိုင်ချကာ ပုန်းနေသည်။
‘အဲ့ဒီကလေးမလေးက ပိုးကောင်တွေ ဘာတွေတော့ မကြောက်လောက်ဘူးမလား?’
လင်းချင်းသည် မြက်ထူထူများရှိသည့်နေရာသို့ လှည့်သွားလိုက်ကာ မြက်ရှည်ရှည်များကို ခူးလိုက်သည်။ ထိုမြက်များသည် သန္ဓေပြောင်းသွားပါက လူတို့၏အသားအရည်ကို ထိခိုက်ကာ ရှစေနိုင်သည်။ သို့သော်လည်း သူမကတော့ ဇွန်ဘီဖြစ်သဖြင့် ဒီမြက်က မထိခိုက်စေပေ။
ထိုမြက်ခူးပြီးသည့်အခါ သူမသည် ဖားရုပ်၊ ဘောလုံး၊ လိပ်ပြာနှင့် အခြားလက်ဝတ်တန်ဆာသေးသေးလေးများကို ခေါက်ကာ ပြုလုပ်သည်။ ပြီးသွားသည်နှင့် မြက်တောထဲကနေ သူမအား ချောင်းကြည့်နေသည့် ဝူယွဲ့လင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏နယ်မြေမှ ပြန်လာတော့သည်။
ဒီနယ်မြေက ဘယ်လိုဖြစ်လာသလဲ သူမမသိပေ။ သူမက ဒီကိုခေါ်ဆောင်ခံရခြင်းလား? သူမ၏ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသည်လား? လုထန်ယု၏ကိုယ်ထဲမှာ အရင်ထဲက ရှိနေသော်လည်း ဝင်မရခြင်းမျိုးလား? ဒီနယ်မြေ၏ လုပ်ဆောင်ချက်များကို သေချာမသိသော်လည်း သိုလှောင်ကာ စိုက်ပျိုးနိုင်သည်ကိုတော့ သူမသိသေးသည်။
လင်းချင်းသည် နယ်မြေထဲက ထွက်လာသည့်အခါ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အခုဆိုလျှင် မိုးလင်းသွားပြီဖြစ်သည်။ သူမသည် မပင်ပန်းသောကြောင့် အိပ်စရာမလိုသလို ခံစားလိုက်ရသည်။ ‘ဇွန်ဘီတွေက အိပ်ဖို့မလိုဘူးမလား? မြို့ထဲမှာ ညသန်းခေါင်ကြီး လျှောက်သွားနေတဲ့ တခြားဇွန်ဘီတွေကို ကြည့်မယ်ဆိုရင်တော့ ဒါကမှန်သလိုပဲ’
စတော်ဘယ်ရီခင်းသည် မြို့နှင့်သိပ်မဝေးသဖြင့် ဇွန်ဘီတို့က လျှောက်သွားနေနိုင်သည်။ ဇွန်ဘီတို့သည် အစုလိုက်မဟုတ်ဘဲ ပြန့်ကျဲနေတာမျိုး ဖြစ်သည်။
သူမသည် တောင်တိမ်ကျွန်းစခန်းသို့ ဘယ်လိုမြန်မြန်သွားရမလဲ တွေးကြည့်နေသည်။ ‘ဟုတ်သား! မောင်းလို့ရမယ့်ယာဉ်တစ်ခုခု ရှာရမယ်! ဒီအစီအစဉ်ကို မေ့သွားတာပဲ။ အစာရှာရတာနဲ့ ဝူယွဲ့လင်းကို စိတ်ပူနေရတာနဲ့ပဲ။ ဗိုက်ပြည့်ပြီဆိုတော့ ကားရှာဖို့ လုပ်ရမယ်’
ကားမော်ဒယ်မျိုးစုံကို SZခရိုင်တွင် စွန့်ပစ်ထားသော်လည်း မောင်းလို့ရမရ သူမမသိပေ။ ဓာတ်ဆီဆိုင်များကလည်း ပိတ်ထားခြင်းမှာ ကြာပြီဖြစ်သောကြောင့် ဘယ်မှာသွားရှာရမလဲက မေးခွန်းတစ်ခုပေ။
သူမသည် ပေါက်နေသည့် ဗိုက်ကိုထိလိုက်သည်။ သာမန်လူဖြစ်ပါက သူမ၏အခြေအနေသည် သေမတက်နာကျင်နေမှာ ဖြစ်သည်။ ကံကောင်းသည်က ဇွန်ဘီဖြစ်နေသဖြင့် ခန္ဓာကိုယ်က နာကျင်မှုများကို မခံစားရပေ။
သူမသည် နှာခေါင်းကို တရှုံ့ရှုံဖြင့် အစားအသောက်အနံ့ကို ခံကြည့်သော်လည်း ဘာအနံ့မှမရပေ။ သူမသက်ပြင်းချကာ လိုက်သာရှာရတော့သည်။ သူမသည် အစာရှာမတွေ့ပါက သေလောက်အောင် ဆာမည်မဟုတ်သော်လည်း ဆာနေသည့်စိတ်ကြီးက အဆင်မပြေပေ။
‘စားလို့ရလောက်မယ့် နောက်ကြွက်တစ်ကောင်လောက် ရရင်တောင် အဆင်ပြေပါတယ်’
သူမသည် သွားရင်းလာရင်း ဝူချန်းယွဲ့နှင့် သူ့လူများကို ရှာနိုင်ကာ ကလေးမလေးအား ပြန်အပ်လို့ ရနိုင်သည်။ ထို့ကြောင့် ကလေးမလေးကို သူမပူနေစရာ မလိုတော့ပေ။ စတော်ဘယ်ရီခင်းကနေ မြို့ထဲသို့ လျှောက်လာသည်။ သို့သော်လည်း ခနအကြာတွင် သူမ၏နားတို့က အသံတစ်ခုကြောင့် လှုပ်သွားကာ လမ်းလျှောက်ခြင်းကို ရပ်လိုက်သည်။
ထို့နောက် စက်ရုံအနားသို့ ထပ်လျှောက်ကာ ခုန်ဝင်လိုက်သည်။ သူမသည် ဒူးတစ်ဖက်ကိုထောင်ပြီး ဒူးတစ်ဖက်နှင့် လက်တစ်ဖက်ကို ထောက်ကာ ကျသွားသည်။ သူမသည် သတိအပြည့်ဖြင့် နှစ်ထပ်စက်ရုံအပေါ်မှ သူမကိုခုန်အုပ်ရန်ချောင်းနေသည့် အကောင်ကြီးကို စိုက်ကြည့်လိုက်သည်။
ထိုအကောင်သည် လူနှင့်တူလွန်းသည်။ ထို့ကြောင့် ပုံစံအရဆိုလျှင် အဆင့်မြင့် ဇွန်ဘီဖြစ်လိမ့်မည်။ မူလရုပ်သွင်ပျောက်နေသော်လည်း လူလိုအသွင်တော့ ရှိသေးသည်။ မျက်လုံးများသည် မျက်သားအဖြူမရှိဘဲ လင်းချင်းလို မည်းနက်နေသည်။ ထိုအနက်ရောင်မျက်လုံးတို့က ထူးဆန်းသည့်လောဘဖြင့် ဖြစ်နေသည်။
နှာခေါင်းကတော့ လူလိုရှိသေးသော်လည်း ပါးစပ်သည် နားရွက်နှစ်ဖက်အနားသို့ ရောက်အောင်ကို ပွင့်ကာပြဲနေသည်။ ထိုပါးစပ်ပြဲကြီးထဲမှ ပုပ်သိုးနေသည့် အံထဲမှထွက်နေသည့် သွားရှည်ရှည်ကြီးတို့ကို လင်းချင်းက မြင်နေရသည်။ ညစ်ပတ်ကာ နံ့စော်သည့် သွားရည်တို့ကလည်း ပါးစပ်ပြဲကြီးမှ စီးကျနေသည်။
ထိုဇွန်ဘီသည် ကွေးကောက်နေသည့် ခြေထောက်တစ်စုံပေါ်တွင် ရပ်နေသည်။ သူ့ကျောသည် အလွန်တရာကုန်းနေကာ ရင်ဘတ်မှ အစွယ်လိုမျိုး လက်သည်းတို့ဖြင့် လက်သီးက ထွက်နေသည်။ ထိုအကောင်ကြီးသည် လင်းချင်းအား သူ့သားကောင်လိုမျိုး လောဘအပြည့်ဖြင့် မျက်လုံးများဖြင့် အမဲလိုက်ဟန်ပြုနေသည်။
အသွင်အပြင်ကို ကြည့်ချင်းဖြင့် ဒါသည် အဆင့်မြင့်ဇွန်ဘီဖြစ်ကြောင်း လင်းချင်းသိလိုက်သည်။ ‘ဘာဖြစ်လို့ ဒီဇွန်ဘီက ငါ့ကိုတိုက်ဖို့လုပ်နေတာလဲ?’
လင်းချင်းမှာ အဖြေမရှိပေ။ လုထန်ယု၏ မှတ်ညဏ်များထဲတွင် ဒီအကောင်ကြီးအား တစ်ခုခုလုပ်သေးလား သူမရှာကြည့်သော်လည်း မရှိပေ။ သို့သော်လည်း အဆင့်မြင့်ဇွန်ဘီများသည် သူတို့သန်မာရန် အဆင့်နိမ့်ဇွန်ဘီများ၏ အမြူတေကိုထုတ်ယူရန် တိုက်ခိုက်တက်သည်ကို သိလိုက်ရသည်။
လင်းချင်းသည် မေ့မျောနေသည့်လူကို ကယ်ရန်ကြိုးစားစဉ် ဇွန်ဘီတစ်ကောင်၏ခေါင်းကို ဖောက်ခြင်းအား သတိပြန်ရသွားသည်။ ထိုဇွန်ဘီခေါင်းထဲမှ ကျောက်သည် သူမလက်သည်းဖြင့် ထိုးကြည့်တုန်းက ပျောက်ကွယ်သွားခဲ့သည်။ ‘ငါစုပ်ယူလိုက်တာလား? မဖြစ်နိုင်တာ! ဒါဆိုရင် ဒီအဆင့်မြင့်ဇွန်ဘီက ငါ့ကိုသူ့အစာလို့ ထင်နေတာပဲ။ ငါ့ခေါင်းထဲက အမြူတေကို ဖောက်ထုတ်မလို့မလား?’
လင်းချင်းသည် စိတ်ထဲမှာ နှာခေါင်းရှုံ့မိလိုက်သည်။ ‘သေလောက်တဲ့ အန္တရယ်မကြုံဖူးသေးပင်မယ့်လည်း ငါက လူသားစားချင်စိတ်ကိုတောင် ထိန်းနိုင်တဲ့ အသိညဏ်ရှိတဲ့ ဇွန်ဘီဟဲ့။ ပြီးတော့ မနိုင်ရင် ထွက်ပြေးရတယ်။ ထွက်ပြေးမရရင် နယ်မြေထဲကို ဝင်ပုန်းရတယ်။ ဒီဇွန်ဘီက ငါ့နယ်မြေထဲအထိ လိုက်မှမလာနိုင်တာမလား?’
လင်းချင်းသည် အခြေခံအဆင့်သုံးပဲ ရှိသေးသလား မသိသေးသော်လည်း သူမရှေ့က အကောင်ကြီးကတော့ အဆင့်သုံးကိုဖြတ်ကာ အဆင့်လေးဝင်တော့မည် ဖြစ်သည်။ သူအဆင့်တက်ဖို့အတွက် လင်းချင်း၏အမြူတေကို သုံးချင်နေတာ ဖြစ်သည်။
အဆင့်သုံးရှိသည့် အမြူတေကို စုပ်ယူဖို့က လွယ်သော်လည်း ဆိုးကျိုးကတော့ အဆင့်လေးကို ရောက်ဖို့ရန် မလုံလောက်သေးပေ။ သို့သော်လည်း သဘာလွန်စွမ်းရည်မရှိသည့် အဆင့်သုံးဇွန်ဘီသည် အဆင့်လေးဇွန်ဘီကို မျက်စိကျနေရန် အရည်အချင်းတော့ မရှိပေ။ လမ်းဘေးတွင် အဆင့်လေးဇွန်ဘီ အမြူတေရှာဖို့ဆိုလျှင် ပိုတောင် မဖြစ်နိုင်သေးသည်။ ထို့ကြောင့် အဆင့်သုံးဇွန်ဘီသည် အခြားအဆင့်သုံးဇွန်ဘီ အမြူတေများ ရှာဖွေရန်သာ ဆုံးဖြတ်လိုက်ပုံရသည်။ အဆင့်တက်ရန်အတွက် လိုအပ်သည့် စွမ်းအင်အများကြီး ရှာဖွေရာတွင် အရည်အသွေးထက် အရည်အတွက်ကိုသာ ရှာဖွေနေသည်။
ထို့အပြင် လင်းချင်းသည် အဆင့်သုံးသို့တက်ခါစဖြစ်ကာ သူမ၏စွမ်းအင်က မတည်ငြိမ်သေးသည်ကို သူအာရုံခံရနေခြင်းကြောင့်လည်း ဖြစ်သည်။