May Honey Logo May Honey
Previous Next

၁၃။ လေထဲကအနံ့

လင်းချင်းက ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်သည်။ လူသားတို့၏အမြင်အရဆိုလျှင် အမှောင်ထုကြီးသာ ဖြစ်သည်။ အဆောက်အအုံများ၊ အပင်များနှင့် မြေပြင်ရှိအရာအားလုံးသည် ခပ်မှိန်မှိန်အလင်းရောင်အောက်တွင် အရိပ်တို့လောက်သာ မြင်ရသည်။ 

သို့သော်လည်း လင်းချင်းကတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ဇွန်ဘီတွေက အဖြူအမဲသာ မြင်ရသော်လည်း သူမကတော့ သာမန်ဇွန်ဘီများနှင့် အနည်းငယ်ကွဲပြားသည်။ သူမ၏ မျက်ဝန်းနက်များသည် ညအမှောင်ထဲတွင် ပို၍တောက်ပနေသည်။

သူမ၏မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ပြတင်းပေါက်မှ ဒီနေရာတစ်ဝိုက်ကို ကြည့်လိုက်သည်။ သို့သော်လည်း အလင်းတစ်စမှ မတွေ့ရပေ။ ဒီလူတွေက သူတို့အား အာရုံစိုက်မှုသိပ်မရစေရန် သတိထားနေကြပုံရသည်။

အချိန်ကြာမြင့်စွာ ရှာပြီးသည်တောင်မှ သူမဘာကိုမှ မတွေ့သဖြင့် သူမ၏ရှာပုံရှာနည်းကို ပြောင်းရန်အတွေးရသွားကာ မျက်လုံးမှာ လက်သွားသည်။ သူမသည် မေးကိုမော့ကာ မျက်လုံးကိုမှိတ်၍ လေထဲတွင် ထပ်ခါထပ်ခါ အနံ့ခံကြည့်သည်။ သူမသည် အခုခွေးများထက်တောင် အနံ့ခံအာရုံကောင်းနေသလို ခံစားရသည်။ သူမသည် ခြေဖျားထောက်လိုက် ချလိုက်ဖြင့် အနံ့ခံကြည့်သည့်အခါ သူမသည် ထူးခြားသည့်အရာတစ်ခုကို အနံ့ရသည်။

သူမရသည့်အနံ့များထဲတွင် အပြင်းဆုံးက ဇွန်ဘီကိုယ်များမှ ပုတ်သိုးနေသည့်အနံ့တို့သာ။ သူမသည် အပင်အနံ့များနှင့် အခြားတိရစ္ဆာန်အနံ့များကိုလည်း ခပ်ဖျော့ဖျော့ရသေးသည်။ အခုတော့ သူမသည် လူသားနှင့် ဇွန်ဘီတို့၏ အနံ့ကို ကွဲကွဲပြားပြား သိနေပြီ။ သို့သော်လည်း အကွာအဝေး ဘယ်လောက်အထိ အနံ့ခံနိုင်သလဲကိုတော့ မသိသေးပေ။ သူမသည် အဆောက်အအုံအမြင့်ပေါ်ကနေ လူသားအနံ့ကို ရှာဖွေနေသည်။

သူမသည် အလျှော့မပေးချင်သောကြောင့် ထိုအထပ်ရှိ ပြတင်းပေါက်တိုင်းကနေ အနံ့လိုက်ခံကြည့်သည်။ ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ကာ အနံ့ခံတောင်နေလေသည်။ သို့သော်လည်း လူသားတို့ကို လုံးဝကို မခံစားမိသေးပေ။

လင်းချင်းသည် အနည်းငယ် စိတ်ရှုပ်လာပြီ။
‘အဲ့ဒီယောက်ျားက သူ့သမီးကိုရှာဖို့ လူတွေမလွှတ်ဘူးလား? ငါဘာဖြစ်လို့ ဒီနေရာမှာ ဘယ်သူကိုမှ မတွေ့သေးတာလဲ?’

‘သူ့မိသားစုကို ရှာမတွေ့ရင် ဒီကလေးမလေးကို ငါပဲခေါ်ထားလိုက်ရမလား?’   လင်းချင်းသည် အတွေးများနေရပြီ။ အခု သူမက ဇွန်ဘီဖြစ်လို့ ဘယ်လောက်ဆာဆာ သေတော့မသွားနိုင်ပေ။ သို့သော်လည်း သူမ၏နယ်မြေထဲက ကလေးမလေးကတော့ ငါးနှစ်လောက်သာ ရှိသေးသည့် သက်ရှိလူသားဖြစ်သည်။ လူသားတွေက အစာစားဖို့ လိုအပ်သည်။ အထူးသဖြင့် ကလေးများပင်။ သူမသေချာ ဂရုမစိုက်နိုင်ပါက ကလေးမလေးသည် ဖျားသွားနိုင်သည်။ ဒီလိုဆိုရင် ပိုဒုက္ခရောက်လိမ့်မည်။

ကလေးမလေး၏ အကြောင်းကို တွေးနေရင်း လင်းချင်းသည် ဘာငိုသံမှ မကြားရတော့သည်ကို သတိရသွားသည်။    ‘မတော်တဆ ဘာများဖြစ်သွားပါလိမ့်?’

ဒီလိုအတွေးဝင်လာသည်နှင့် လင်းချင်းသည် သူမ၏နယ်မြေထဲသို့ ချက်ချင်းဝင်လိုက်သည်။ အလင်းရောင်တွေက ဖြတ်ပြေးသွားပြီးနောက် မြူဆိုင်းကာ တိတ်ဆိတ်နေသည့် နယ်မြေထဲသို့ ရောက်ရှိလာသည်။ 

ဝူယွဲ့လင်း၏ ကိုယ်လုံးလေးသည် စောင်ခြုံထဲတွင် ကွေးနေခြင်းကို မြင်လိုက်ရသည်။ လင်းချင်းသည် ရင်လေးသွားကာ အမြန်ပြေးသွားလိုက်သည်။ သူမ၏ စားချင်စိတ်ကိုထိန်းကာ ကလေးမလေး၏ ဘေးနားတွင် ထိုင်ချလိုက်သည်။ ကလေးမလေး၏ မျက်နှာနှင့် နှုတ်ခမ်းတို့သည် ဖြူဖပ်နေကာ မျက်တွင်းများ ချောင်ကျကာ ညိုမည်းနေသည်။

လင်းချင်းက ကလေးမလေး၏ နဖူးကို ထိဖို့လုပ်လိုက်စဉ် တောက်ပသည့် အနက်ရောင်လက်သည်းများကြောင့် ရပ်သွားသည်။ ဇွန်ဘီတို့၏ သွားနှင့်လက်သည်းများသည် ပိုးရှိသည်။ သူမ၏လက်သည်းမှ ပိုးသည် သာမန်ဇွန်ဘီများထက် ပိုအဆိပ်ပြင်းလောက်မည်။    ‘ကလေးမလေးကို ငါဒီတိုင်း မထိရဲဘူး!’

ထို့ကြောင့် သူမသည် လက်သည်းများကို ဘယ်လိုသိမ်းရမလဲ တွေးနေမိသည်။ ထိုအချိန်တွင် သူမ၏လက်ချောင်းအရိုးများမှ ထူးဆန်းသည့် ခံစားမှုတစ်ခုကို ရလိုက်သည်။ သူမကြည့်နေစဉ်တွင်ပဲ လက်သည်းများသည် တဖြည်းဖြည်းတိုသွားကာ သာမန်လူသား၏ လက်သည်းကဲ့သို့ ဖြစ်သွားတော့သည်။

သူမသည် လက်ချောင်းများကို တအံ့တသြကြည့်ပြီးနောက် အခြားလက်တစ်ဖက်ကို ကြည့်လိုက်သည်။ ထိုလက်တွင် လက်သည်းများက နက်မှောင်တောက်ပနေဆဲပင်။
‘လက်သည်းတွေက ငါ့အတွေးအတိုင်း ပြောင်းနိုင်တယ်လား?’

သူမသည် ဒီမသေချာသည့် အတွေးဖြင့် လက်သည်းရှည်များဖြင့် လက်ကိုစိုက်ကြည့်ကာ စိတ်ထဲမှ   ‘လက်သည်းတွေ တိုသွားစမ်း! ပြန်သိမ်းလိုက်တော့!’

သူမထင်သလိုပင် လက်သည်းများက သာမန်လူလိုဖြစ်သွားသည်။ လက်သည်းတွေ တိုသွားမှသာ လင်းချင်းသည် ကလေးမလေး၏ နဖူးကို ထိရဲတော့သည်။ ကလေးမလေး၏ အသားအရည်သည် ကျန်းမာသည့်ကလေးလို မဟုတ်ဘဲ အေးစက်နေသည်။ 

လင်းချင်းသည် မျက်မှောင်ကျုံကာ လက်ကိုပြန်ရုတ်လိုက်သည်။ သူမလက်မှ အအေးဓာတ်ကြောင့်လားမသိ ကလေးမလေးသည် မျက်လုံးပွင့်လာသည်။   ‘မကောင်းတော့ဘူး!’

လင်းချင်းက လန့်သွားကာ စိတ်ထဲတွင် အော်ဟစ်ရင်း အနောက်သို့ ငါးမီတာလောက် ဆုတ်လိုက်ရသည်။ ဒါကလည်း ခုနတုန်းက ကလေးမလေးက သူမကိုမြင်လျှင် ကြောက်ငိုလိုက်သောကြောင့် ဒီလိုလုပ်မိတာ ဖြစ်သည်။   ‘အခုနိုးလာတာ ငါ့ကိုမြင်ရင် သေမတက် ကြောက်ဦးမှာမလား?’

ကလေးမလေးသည် မျက်လုံးပွင့်လာသည်နှင့် ဟိုဟိုဒီဒီကြည့်သည်။ လင်းချင်းကို မြင်လိုက်သည့်အခါ လုံးဝနိုးသွားသည်။ သူမ၏ ကြီးမားကာ ရွှန်းလဲ့နေသည့် မျက်လုံးလေးများသည် လင်းချင်းကို ကြောက်လန့်တကြား ကြည့်နေသည်။ သို့သော်လည်း ဒီတစ်ခါ မငိုတော့ဘဲ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။

ငါးမီတာအကွာမှ လင်းချင်းသည် ကလေးမလေးအား ကူကယ်ရာမဲ့စွာ ငေးကြည့်နေမိသည်။ သူမသည် အမြဲတမ်း ကလေးများနှင့်ဆိုလျှင် ဒီလိုပင်။ ဒီအရွယ်ကလေးများသည် ညဏ်နည်းသေးကာ ကိုယ်လိုချင်တာကိုသာသိသည့် လောက၏ အာရုံနောက်စရာလေးများ ဖြစ်သည်။ ချော့ဖို့လည်း ခက်ခဲသည်။ ပိုဆိုးလာလျှင် ငိုသံများက နားကန်းမတက် ဖြစ်လာလိမ့်မည်။ ငိုယိုနေသည့် ကလေးများသည် သူမသည်းမခံနိုင်ဆုံးသာ။

‘ပြန်လာပြီ! ပြန်လာပြီ! စားဖို့ပြန်လာပြီ. . .ဒီဇွန်ဘီက စားတော့မှာပဲ. . .ဝူး. . .ဖေဖေရေ! ဖေဖေ ဘယ်မှာလဲ? လာကယ်ပါဦး! လင်းလင်းကို လာကယ်ပါ! ဘာဖြစ်လို့ လင်းလင်းကို လာမကယ်သေးတာလဲလို့?’

လင်းချင်းသည် ကလေးမလေး၏ ကြောက်ရွံ့ကာ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အပျက်သဘောခံစားချက်များကို ရနေစဉ်တွင် အတွေးများကိုပါ ကြားနေရသည်။  
ထိုခံစားချက်များက တဖြည်းဖြည်း အားပျော့လာသည်။   ‘သေတော့မှာပဲ. . .ဖေဖေ. . .အစားခံရတော့မယ်. . .ဖေဖေ. . .’

‘ဖေဖေ. . .ဖေဖေ. . .’

‘ဖေဖေ. . .’

လင်းချင်းသည် ကလေးမလေး၏ မျက်လုံးများက အရောင်ဖျော့လာသည်ကို မြင်လိုက်ရသည်။   ‘ဘယ်လိုလုပ်ရမလဲ? ဘယ်လိုလုပ်ရမလဲ?’   လင်းချင်းသည် အာရုံနောက်လာကာ ခေါင်းကိုသာ ကုတ်နေမိသည်။ ထိုကလေးမလေးက အစားခံရတော့မည်ဟု ယုံကြည်ကာ အသက်ရှင်ချင်စိတ်ပျောက်နေသည်ကို ခံစားရသည်။

အကယ်၍ လင်းချင်းက နယ်မြေကနေ ထွက်လာပါက ကလေးမလေးသည် နည်းနည်းသက်သာလာမည် ဖြစ်သည်။ သို့သော်လည်း ဒါကတော့ ဖြေရှင်းချက်ကောင်း မဟုတ်ပေ။ ကလေးမလေးသည် အစာမစားရသည်က ရက်ချီနေပြီဖြစ်သောကြောင့် မေ့တော့မတက် ဖြစ်နေပြီ။ အခုတော့ သူမသည် ရှင်ချင်စိတ်ပါ ပျောက်နေပြီ ဖြစ်သောကြောင့် ကိုယ်ကသိပ်မခံနိုင်တော့ပေ။
Previous Chapter 13 of 20 Next