၈။ မကောင်းတာလုပ်နေတဲ့မိန်းမ
ကြွက်သားက သူမကို နည်းနည်းအဆာပြေစေသော်လည်း ဗိုက်ဆာနေသေးသည်။ ‘အသားထပ်စားချင်သေးတယ်!’
ဒီလိုတွေးပြီးနောက် အနံ့ခံကြည့်လိုက်သည်။ အနံ့တစ်ခုက ခပ်ဝေးဝေးကနေ ပျံ့နေသည်။ ‘ဒါကစားရတဲ့ဟာ!’
သူမသည် မနေနိုင်တော့ဘဲ ထိုအနံ့နောက်ကို လိုက်တော့သည်။ သူမသည် သစ်တောထဲကိုတိုးဝင်လာသည့်အခါ မြက်တောထဲသို့ရောက်လာသည်။ မြက်ပင်တွေက တစ်မီတာလောက်အထိ ရှည်လျားနေကာ သူမ၏ပေါင်လောက်ရောက်နေသည်။
ထိုမြက်ခင်းသို့ရောက်သည့်အခါ အနံ့ကပိုပြင်းလာသည်။ သို့သော်လည်း တစ်နေရာသို့ ရောက်သည့်အခါ အနံ့ကပျောက်သွားသည်။ သူမသည် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူမ၏ခြေထောက်အောက်တွင် တစ်ခုခုရှိနေကြောင်း ခံစားမိလိုက်သည်။
သူမသည် ငုံ့ထိုင်လိုက်ပြီးနောက် မြက်ပင်ရင်းများကို လိုက်ကြည့်ကာ မြက်မပေါက်သည့်နေရာကို ရှာလိုက်သည်။ ထိုနေရာ၏ မြေကြီးမှာ ပျော့နေသည်။ အောက်တွင် အပေါက်ရှိနေပုံရသဖြင့် ယုန်တွင်းဖြစ်လောက်သည်။
သူမသည် အများကြီးတွေးမနေဘဲ တူးလိုက်သည်။ သူမ၏လက်သည်းအသစ်များသည် ကျွင်းတူးရာတွင် အလွန်အသုံးဝင်နေပြန်သည်။ ဒီလက်သည်းတွေက ဇွန်ဘီခေါင်းကို ဖောက်နိုင်သဖြင့် မြေကြီးတူးရာမှာ အခက်အခဲသိပ်မရှိပေ။
သူမတူးသည့်ကျွင်းသည် ယုန်တွင်းအပေါက်နှင့် ဆက်သွားအောင် မြန်နိုင်သမျှမြန်မြန် မြေကြီးကိုတူးလေသည်။ မိနစ်အနည်းငယ်ကြာသည့်အခါ တစ်မီတာလောက် သူမတူးပြီးသွားပြီ။ သူမမြေတူးနေသည့်အချိန်တွင် မီးခိုးရောင်အရာတစ်ခုက ကျွင်းထဲမှ ထွက်လာလေသည်။
ကံကောင်းစွာဖြင့် လင်းချင်း၏လှုပ်ရှားမှုမှာ လျှင်မြန်သည်။ မီးခိုးရောင် သတ္တဝါထွက်လာသည်နှင့် လက်သည်းများဖြင့် ထိုအမွေးပွအကောင်ကို ဖမ်းလိုက်သည်။
သူမသည် မိထားသည့် အကောင်ကို သေချာကြည့်လိုက်သည်။
‘ဝိုး!ယုန်အကြီးကြီးပဲ!’
ထိုယုန်သည် သာမန်ယုန်တို့နှင့် မတူတော့သလို နှစ်ဆလောက် ပိုကြီးထွားနေကာ တောခွေးပေါက်လောက်ကို ကြီးလေသည်။ လင်းချင်းသည် ဒီမီးခိုးရောင်ယုန်ကို ကြည့်ကာ တွေးမိသည်။ ‘ဒါကမှ တစ်နပ်စာပဲ!’
သူမ၏လက်ထဲက ယုန်ကလည်း အတော်သန်မာသည်။ သူမလက်ထဲမှလွတ်ရန် အားကုန်သုံးကာ ခြေဖြင့်ကန်နေသည်။ သို့သော်လည်း သူမ၏လက်သည်းတို့က ယုန်အမွေးတွေကို ဖြတ်၍ အသားကို ထိုးစိုက်ထားနှင့်ပြီဖြစ်သည်။ ယုန်ကတွန်းကန်နေသေးသဖြင့် လင်းချင်းသည် စိတ်မရှည်တော့ဘဲ ပါးစပ်ဟကာ အစွယ်ထုတ်ပြီးနောက် ယုန်လည်ပင်းကို ခဲလိုက်တော့သည်။
နာရီဝက်လောက်ကြာသည့်အခါ လင်းချင်းသည် ပါးစပ်ကိုသုတ်ကာ သူမ၏လက်ထဲက ယုန်မွေးတွေကို ကြည့်နေသည်။ ဒီယုန်မွေးတွေကို သူမ၏နေရာလွတ်ထဲမှာ သိမ်းရမလား သူမတွေးမိသည်။ ထို့ကြောင့် ယုန်မွေးတွေကိုကြည့်ကာ စကားတစ်ခွန်း စိတ်ထဲကရွတ်လိုက်သည်။ ‘သိမ်း!’ ထိုစကားဆုံးသည်နှင့် အမွေးတွေက သူမ၏လက်ထဲကနေ လေထဲမှာ ပျောက်ကွယ်သွားသည်။
‘ဝင်!’
သူမလည်းပျောက်ကွယ်သွားကာ သူမ၏မြက်ခင်းပြင်လေးတွင် ပေါ်လာသည်။ သူမအထဲကို ဝင်လာရသည့်အကြောင်းမှာ ယုန်မွေးရှိမရှိလာစစ်တာ ဖြစ်သည်။ ယုန်မွေးတို့က တကယ်လည်း ဒီမှာရှိနေသည်။ သူမထင်သလို ဒီနေရာလွတ်သည် ပစ္စည်းသိမ်းရသည်။ သူမကိုယ်တိုင်အထဲဝင်ပြီး သိမ်းနေစရာမလိုဘဲ ဒီတိုင်းထိလိုက်ရုံဖြင့် ရသည်။
သူမသည် ပြန်ထွက်လာကာ ပြန်လှည့်တော့မလို့ လုပ်ချိန်မှာ ယုန်တွင်းထဲက အသံတစ်ချို့ထွက်လာသဖြင့် သူမရပ်လိုက်သည်။
‘ယုန်ပေါက်တွေပါ အထဲမှာရှိနေသေးတာလား?’
ထိုအတွေးဖြင့် သူမသည် မနေနိုင်တော့ဘဲ ထိုင်ချလိုက်ကာ ကျွင်းထဲသို့ လက်နှိုက်လိုက်သည်။ ရုတ်တရက် သူမ၏လက်ကစူးသွားသဖြင့် ယုန်သေးတစ်ကောင်က သူမလက်ကို ကိုက်ထားကြောင်း တွေ့လိုက်ရသည်။ ထိုယုန်သည် လက်ကိုကိုက်ကာ ခြေဖြင့်ကန်နေသည်။ လင်းချင်းက ငါးဖမ်းသလိုမျိုး သူမ၏လက်ချောင်းကို သုံးကာ ယုန်တစ်ကောင်ရလိုက်သဖြင့် ဆွံ့အနေသည်။
ထို့နောက် ယုန်ကိုတခြားလက်ထဲသို့ ထည့်လိုက်ကာ ‘သိမ်း!’ ဤသို့ဖြင့် ယုန်ပေါက်သည်လည်း သူမနေရာလွတ်ထဲသို့ ရောက်သွားသည်။
ထို့နောက် သူမသည် မိနစ်အချို့ကြာသည့်အထိ ကျွင်းထဲသို့ လက်နှိုက်ကာ ရှာကြည့်သော်လည်း ဘာကိုမှ မတွေ့ပေ။ ထို့ကြောင့် သက်ပြင်းချကာ ကောင်းကင်ကိုမော့ကြည့်ပြီးနောက် ပြန်လှည့်လာသည်။
ဗိုက်ဝသွားပြီ ဖြစ်သောကြောင့်လားမသိ လုထန်ယု၏မှတ်ညဏ်တို့က သူမထံတွင် ထပ်ပေါ်လာနေပြန်သည်။ ထိုမပြည့်စုံသည့် မှတ်ညဏ်များကို လက်ခံနေစဉ် သူမခေါင်းကိုက်လာသည်။ သို့သော်လည်း အရင်တစ်ခါကလောက်တော့ မဆိုးဝါးပေ။
ထိုမှတ်ညဏ်များတွင် စစ်သားတစ်စုက မီးပုံတစ်ခုဘေးတွင် ပေါ်လာသည်။ လုထန်ယုကလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် လေးငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်က သူမ၏ဘေးတွင် အမြဲပါနေတက်သည်။
မပြည့်စုံသည့် မှတ်ညဏ်များသည် နောက်တစ်ခုပြောင်း ပေါ်လာပြန်သည်။ အခန်းတစ်ခန်း၏ မြင်ကွင်းဖြစ်သွားကာ ကလေးမလေး၏ ခြေလက်များကို ကြိုးတုပ်ထားပြီး ပါးစပ်ကို တိတ်ကပ်ထားသည်။ ကလေးမလေး၏ မျက်လုံးတောက်တောက်လေးများသည် ကြောက်လန့်မှုဖြင့် ပြည့်နေသည်။ ထိုကြိုးတုပ်နေသူကတော့ အခြားသူမဟုတ် လုထန်ယုကိုယ်တိုင်သာ။
လင်းချင်းသည် အခုမှမှတ်မိသွားတော့သည်။ အရင်တုန်းက မှတ်ညဏ်တွေက အစီအရီပြန်ရနေပြီဖြစ်သော်လည်း လွန်ခဲ့တဲ့ ၆လတုန်းက လုထန်ယုလဘာတွေ လုပ်ခဲ့သလဲ သူမမမှတ်မိသေးတာ ဖြစ်သည်။ အခုတော့ သူမစိုးရိမ်လာပြီ။ ‘ကလေးမလေးက ရှင်ရော ရှင်သေးရဲ့လား? အခုဆိုရင် ၃ရက် ၄ရက်လောက် အဆာအငတ်ခံပြီး ဖမ်းခံထားရတာ။ သေသွားရင်တော့ ဒုက္ခပါပဲ’
ဒါကိုတွေးမိသည့်အခါ လင်းချင်းသည် လုထန်ယုအား အထင်သေးကာ စိတ်ပျက်မိသွားသည်။ ‘ဒီမိန်းမက တကယ်တစ်ကိုယ်ကောင်းဆန်တာပဲ! မကောင်းတဲ့ ခွေးမ! ဇွန်ဘီအကိုက်ခံရပြီး သေသွားတာ နည်းတောင်နည်းသေးတယ်!’
ဤသို့ဖြင့် ညနက်ပိုင်းတွင် ဇွန်ဘီတစ်ကောင်သည် ဂါဝန်ဖားဖားကြီးဖြင့် ပြေးလွှားနေရတော့သည်။
လင်းချင်း၏ အမြန်ပြေးနေရခြင်းမှာ ကလေးမလေးကို စိတ်ပူ၍ဖြစ်သည်။ ကလေးမလေး၏နေရာသည် သူမနှင့်သိပ်မဝေးသော်လည်း ဇွန်ဘီခြေထောက်တွေက ထင်သလို မြန်မြန်ပြေးလို့မရ ဖြစ်နေသည်။ သို့သော် ကောင်းသည့်တစ်ချက်မှာ ဇွန်ဘီဖြစ်နေသ၍ မမောပန်းတော့ပေ။
သူမ၏နှလုံးသည် မကုန်တော့သလို အသက်လည်းမရှုသဖြင့် ပြေးနေသည့်အခါ ဘာကိုမှ မခံစားရပေ။ သူမသည် ငါးမိုင်လောက် ပြေးပြီးသော်လည်း ပြေးနေသည့်သူ မဟုတ်သလို မမောပေ။ သို့သော်လည်း ကလေးမလေးနှင့် ပတ်သက်သည့် မှတ်ညဏ်တွေက ပေါ်နေသဖြင့် ခေါင်းကတော့ နည်းနည်းမူးလာသည်။
ထိုပုံရိပ်တွေထဲတွင် သူမ၏အောက်မှ အဝတ်ဗလာဖြင့် လူတစ်ယောက်ပါသည်။ ထိုလူသည် နာကျည်းနေသည့် မျက်လုံးများဖြင့် မိန်းကလေးလိုဖွေးဉနေသည့်အသားအရည်မှာ ကြွက်သားများအပြည့်ဖြင့် ကြည့်ကောင်းသော်လည်း. . .
နောက်ထပ်မြင်ကွင်းက သူမ၏စိတ်ထဲမှာ ပေါ်လာပြန်သည်။ ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်သည် သဘာလွန်အစွမ်းရှိကာ တာဝန်ထမ်းဆောင်နေကြသည်။ သက်လက်ပိုင်းသူသည် တဏှာမျက်လုံးများရှိကာ လူငယ်ယောက်ျားက သန်မာပြီး အမျိုးသမီးမှာတော့ ရေခဲလို အေးစက်လွန်းသည်။
ထိုမြင်ကွင်းက ပျောက်ကွယ်သွားကာ သန်မာသည့် ယောက်ျားက လုထန်ယုကို လက်သီးဖြင့် ထိုးလိုက်ကာ အမျိုးသမီးက ရေခဲဖြင့် သူမ၏ပုခုံးသို့ ပစ်လိုက်ချိန်တွင် သက်လက်ပိုင်းလူကြီးက အေးစက်စွာဖြင့် စကားပြောနေသည်။ လုထန်ယုသည် သူမမသေခင်ကလို အကျယ်ကြီး အော်ခဲ့သည်။
လင်းချင်းက ဒါကိုပြန်မှတ်မိသည့်အခါ ဝဠ်လည်သည်ဟုပဲ ယူဆသည်။ လုထန်ယုသည် လူအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့သဖြင့် နောက်ဆုံးတွင်တော့ သူမ၏အဖွဲ့သားများက သူမကိုပြန်သတ်သွားခဲ့သည်။
ဇွန်ဘီဖြစ်နေသည့် လင်းချင်းသည် အမှောင်ထဲတွင် ပြေးနေခြင်းအား ဘာကမှ မတားဆီးနိုင်ပေ။ ပြေးနေစဉ် ပေါ်လာသည့် မှတ်ညဏ်များအရ လုထန်ယုသည် ယောက်ျားတစ်ယောက်ကို မျက်စိကျနေသည့် အပျက်မဖြစ်သည်။ ထိုယောက်ျားကို ရဖို့အတွက် သူ့၏လေးငါးနှစ်အရွယ်သမီးလေးကို ပြန်ပေးဆွဲကာ မုဒိန်းကျင့်ခဲ့သည်။
‘ဘုရားရေ! ဒီမိန်းမက မသေခင် ဘာတွေလျှောက်လုပ်ခဲ့တာလဲ? တခြားယောက်ျားဆိုရင် မရဘူးလား? အဲ့ဒီယောက်ျားက အရမ်းအစွမ်းရှိပုံရတယ်!’
လင်းချင်းသည် စိတ်ထဲကနေ ဆုတောင်းနေမိသည်။ ‘ကျေးဇူးပြုပြီးတော့ အဲ့ဒီယောက်ျားနဲ့ မတိုးပါရစေနဲ့!!! ကလေးကို လျို့လျို့ဝှက်ဝှက်နဲ့ ပြန်ပို့ပေးမှာပါ! ကလေးက သေလားရှင်လား မသိသေးပင်မယ့်. . .ရူးချင်လာပြီ!!!’