May Honey Logo May Honey
Previous Next

၁၆။ သန္ဓေပြောင်း စတော်ဘယ်ရီ

နာရီဝက်လောက် ပြေးပြီးသည့်အခါ လင်းချင်း၏ အရှိန်သည် အခြားအဆင့်တစ်ခုသို့ ရောက်သွားသည်။ သို့သော်လည်း သူမကတော့ သတိမထားမိပေ။ သူမသည် ရင်ထဲတွင် ပြည့်သလိုဖြစ်လာသော်လည်း စတော်ဘယ်ရီခင်းသို့ ရောက်မှရပ်တော့သည်။ ဒါက သူမအရမ်းမြန်လို့လား အရမ်းဝေးဝေးသွားမိလို့လားတော့ မသိပေ။ သို့သော်လည်း ဒါကသူမခန္ဓာကိုယ်ကို မထိခိုက်စေသဖြင့် လျစ်လျူရှုထားခြင်းသာ။ သူမသည် ပြွတ်သိပ်ပြီး သန်စွမ်းနေသည့် စတော်ဘယ်ရီခင်းအစွန်းတွင်ရပ်လိုက်သည်။    ‘ဘယ်သူမှ ဒီနေရာကို မတွေ့တာလား? အသီးတွေက သန္ဓေပြောင်းလို့လား?’

အခုကမ္ဘာပျက်ကပ်ခေတ်တွင် ၆၀နှင့်၇၀ ရာခိုင်နှုန်းသော အပင်တို့သည် သေကုန်ကြခြင်း သို့မဟုတ် သန္ဓေပြောင်းခြင်းတို့ ဖြစ်ကုန်ကြသည်။ ပုံမှန်အားဖြင့် သန္ဓေပြောင်းအပင်တို့သည် အဆိပ်ရှိခြင်း သို့မဟုတ် လူသားစားခြင်းတို့ ဖြစ်လာသည်။ သန္ဓေပြောင်းအကောင်များလိုပင် အပင်များသည်လည်း သေစေနိုင်သည့် လူသတ်သမားတို့ ဖြစ်လာကြသည်။ ထို့ကြောင့် သက်ရှိလူသားများသည် အပင်ပေါများသည့် နေရာများဖြစ်သည့် ပန်းခြံ၊ တောင်နှင့် သစ်တောများကို ရှောင်ကျဉ်လာကြတော့သည်။

လင်းချင်း၏အရှေ့က စတော်ဘယ်ရီအခင်း၏ အရွက်နှင့် အမြစ်တို့သည် ပုံမှန်အပင်များ၏ သုံးဆ၊လေးဆလောက်ကို ကြီးမားနေကြသည်။ ထူးဆန်းသည့် အစိမ်းရောင်နှင့်အတူ အနီပျောက်တို့ဖြင့် ဒီအခင်းထဲမှ ပုပ်သိုးအနံ့တို့က ထွက်လာသည်။ ဒီလိုစတော်ဘယ်ရီတို့၏ ပုံစံကြောင့် ကမ္ဘာပျက်ကပ်တွင် ရှင်သန်တို့မှာ မြင်သည်နှင့် မြည်းကြည့်ဖို့ ဝေးစွ။ အနားတောင် ကပ်၍မည် မဟုတ်ပေ။

လင်းချင်းသည် စတော်ဘယ်ရီတို့၏ အရောင်ကို မမြင်ရသော်လည်း ပုံစံကိုကြည့်ကာ ပုံမှန်မဟုတ်ကြောင့်း ခန့်မှန်းမိသည်။ သူမသည် စတော်ဘယ်ရီတို့မှ ပုပ်နေသည့်အနံ့ကို ရသည့်အခါ ခနလောက် ခေါင်းရှုပ်သွားသည်။ စားလို့ရမည့်ပုံမပေါ်သော်လည်း သူမ၏အာရုံအရတော့ စတော်ဘယ်ရီတွေက အဆိပ်မရှိဘူးဟု ထင်နေမိသည်။

သူမသည် ခေါင်းရှုပ်သွားသော်လည်း စတော်ဘယ်ရီခင်းထဲသို့ ဆင်းဖို့ကို တွေဝေမနေပေ။ သူမသည် ခြေထောက်အောက်က စတော်ဘယ်ရီခင်းထဲမှ ကြီးမားကာ မှည့်နေသည့် စတော်ဘယ်ရီတစ်လုံးကို ကုန်းပြီးခူးလိုက်ကာ နှာခေါင်းနားသို့ကပ်၍ အနံ့ခံကြည့်သည်။ အနံ့အသက်က မကောင်းသော်လည်း မှည့်သည့်အနံ့ရှိနေသေးသည်။ ဒီအနံ့နှစ်ခုပေါင်းလိုက်တော့ ထူးဆန်းသွားကာ သူမ၏နှာခေါင်းတောင် ယားချင်လာသူည်။

သူမသည် စတော်ဘယ်ရီကိုဖယ်၍ နှာခေါင်းကို နောက်လက်တစ်ဖက်ဖြင့် ပွတ်ရင်း စားရမရတွေးနေမိသည်။ ရုတ်တရက်ပဲ သူမနယ်မြေထဲကို ထည့်ခဲ့ဖူးသည့် ယုန်ပေါက်နှင့် ကြွက်ပေါက်တို့ကို သတိရသွားသည်။ ထို့နောက် စတော်ဘယ်ရီခင်းထဲမှ သစ်တော်သီးအရွယ် စတော်ဘယ်ရီကို ကိုင်ထားသည့် ဇွန်ဘီသည် ရုတ်ချင်းပျောက်ကွယ်သွားသည်။

ရင်းနှီးသည့် အလင်းရောင်တို့က ဖြတ်ပြေးသွားပြီးနောက် သူမသည် ရောက်လာသည်နှင့် ကလေးမလေးကို ရှာလိုက်သည်။ ထင်သလိုပင် ကလေးမလေးက ကျုံ့ကျုံ့လေး အရင်နေရာတွင်ပဲ ထိုင်နေသည်။

‘နိုးနေသေးသားပဲ!’
လင်းချင်းက အနည်းငယ် အံ့သြသွားသည်။

ဝူယွဲ့လင်းသည် စောင်လေးကို ခြုံထားကာ လင်းချင်းပေးထားသည့် အရုပ်လေးဖြင့် ဆော့နေသည်။ ထို့ကြောင့် လင်းချင်း၏ ရုတ်တရက်ပေါ်လာခြင်းကို သူမအာရုံမရပေ။ ထိုကလေးမလေးသည် ခေါင်းလေးငုံ့၍ မြက်ပုစဉ်းရုပ်လေးဖြင့် ကစားနေခြင်းကို ကြည့်ရသည်မှာ ဝဝကစ်ကစ်အလုံးလေး တစ်လုံးလိုပင်။

ထို့ကြောင့် လင်းချင်းသည် ကလေးမလေးကို မနှောင့်ယှက်ဘဲ မြက်ခင်းကို သေချာအာရုံစိုက် နားထောင်ကြည့်သည်။ ထင်သလိုပင် အခြားအသံလေးတွေက ရှိနေသေးသည်။ လေမတိုက်သောကြောင့် မြက်ပင်တို့က ယိမ်းနွဲ့လှုပ်ရှာစရာ အကြောင်းမရှိပေ။ ဝူယွဲ့လင်းသည် လင်းချင်းထွက်သွားတုန်းက ကြောက်နေမိသည်မှာ ဒီနေရာက တိတ်ဆိတ်လွန်းသောကြောင့်ပင်။

လင်းချင်းသည် အသက်ရှုအောင့်ကာ ထိုအသံလေးတွေထွက်ရာသို့ အမြန်လျှောက်သွားသည်။ သူမကိုယ်၏ လုပ်ဆောင်ချက်များက ရပ်တန့်နေသောကြောင့် အသက်ရှုစရာမလိုသောကြောင့် အကျင့်ဟောင်းများက ပြင်ရခက်တက်သည်။ သူမသည် မြက်ခင်းပေါ်တွင် ဖွဖွလေး လျှောက်သွားသဖြင့် ခြေလှမ်းတိုင်းတွင် အသံမရှိကာ မြက်ခင်းတွင်လည်း ဘာသက်ရောက်မှုမှ မရှိပေ။ 

ထို့ကြောင့် ထိုနေရာသို့ သူမရောက်သည့်အခါ လက်သီးတစ်လုံးစာ ယုန်တစ်ကောင်သည် သူမကိုကျောခိုင်းထားကာ မြက်များကို လောဘတကြီး အဝစားနေသည်။ ထိုယုန်သည် သူ့အနောက်က ဇွန်ဘီကို လုံးဝသတိမထားမိပေ။ လင်းချင်းသည် အနားသို့ကပ်သွားသည်။ စတော်ဘယ်ရီသီးကို ဘယ်လက်က ကိုင်ထားကာ ညာလက်ဖြင့် ယုန်ကို အမြန်ဖမ်းလိုက်သည်။ ယုန်သည် ရုတ်တရက် လန့်သွားကာ သူမ၏လက်ထဲမှ အော်ဟစ်ရင်း ရုန်းတော့သည်။ လင်းချင်းသည် ပြန်ရပ်လိုက်ကာ ယုန်ကိုလက်ကကိုင်ထားသည်။

ယုန်အော်သံက ဝူယွဲ့လင်း၏ အာရုံကို ဖမ်းစားသွားသဖြင့် သူမသည် လှည့်ကြည့်လာသည်။ ထိုအခါ ဇွန်ဘီတစ်ကောင်က ဒူးမြုပ်သည့် မြက်ခင်းထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် လင်းချင်းကို မြင်သည်နှင့် မျက်လုံးများတောက်သွားကာ အံ့သြသွားသည်။ လင်းချင်းက သူမကို သတ်ချင်စိတ်ရော စားချင်စိတ်ပါ မရှိသဖြင့် သူမသည် ကြောက်မနေတော့ပါ။

လင်းချင်းသည် ယုန်ကိုကိုင်ကာ ဝူယွဲ့လင်းဘက်သို့ မဟုတ်ဘဲ ကန်အနားက ရှင်းသည့်နေရာသို့ သွားလိုက်သည်။ ထို့နောက် တင်ပလ္လင်ခွေထိုင်လိုက်သည်။ ယုန်ကို အားမသုံးဘဲ ဒီတိုင်းကိုင်ထားလိုက်သည်။ ယုန်သည်လည်း သူမအားကြောင့် ပင်ပန်းသွားပုံရကာ ငြိမ်ငြိမ်လေး ရှိနေသည်။ 

လင်းချင်းသည် စတော်ဘယ်ရီသီးအား ယုန်အနားသို့ တိုးပေးကာ ဘယ်လိုတုံ့ပြန်မလဲ ကြည့်နေသည်။ ယုန်က မစားပါက သူမကိုယ်တိုင် အဆိပ်ရှိမရှိ အစမ်းစားကြည့်မှာ ဖြစ်သည်။ ယုန်သည် စတော်ဘယ်ရီ အနံ့ကြောင့် နှာခေါင်းက တရှုံ့ရှုံ့ဖြစ်လာကာ အနောက်သို့ ဆုတ်သွားသည်။ လင်းချင်းသည် စတော်ဘယ်ရီကိုဖဲ့ကာ ပါးစပ်ထဲအတင်းထည့် မကျွေးဘဲ အခြားအနံ့ရမရကို ခနစောင့်ကြည့်နေသည်။

သို့သော်လည်း ယုန်က အနံ့ရပုံမပေါ်ကာ ခေါင်းကိုလွှဲသွားသည်ကနေ ပြန်ကိုလှည့်မလာတော့ပေ။ ထို့ကြောင့် လင်းချင်းသည် ယုန်ကိုလက်ထဲတွင် ချုပ်ထားကာ စတော်ဘယ်ရီဖဲ့၍ ပါးစပ်ထဲသို့ အတင်းထည့်ကျွေးလိုက်ရတော့သည်။ ယုန်သည် ချုပ်ထားသဖြင့် ခြေထောက်ကို ကန်ကာရုန်းလို့သာ နေသည်။ စတော်ဘယ်ရီစားပြီး၍ တစ်မိနစ်လောက် ရှိသော်လည်း ယုန်သည် သေမည့်ပုံ မရှိပေ။

‘အဆိပ်သင့်ဖို့က ဘယ်လောက်ကြာမှာလဲ? ယုန်ကအခုတော့ ဘာမှမဖြစ်သေးဘူး။ နောက်မှ အဆိပ်သင့်တဲ့ လက္ခဏာတွေ ပြလာမှာလား?’
ဒီလိုတွေးပြီးနောက် လင်းချင်းသည် ယုန်ကို မြက်ခင်းထဲသို့ ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် နောက်သို့လှည့်လိုက်သည့်အခါ သုံးမီတာအကွာလောက်က သူမကို စပ်စုစွာဖြင့် ကြည့်နေသည့် ဝူယွဲ့လင်းကို တွေ့လိုက်ရတော့သည်။

Previous Chapter 16 of 20 Next