May Honey Logo May Honey
Previous Next

၁၂။ ဇွန်ဘီတွေအကြား ဆက်သွယ်ခြင်း

လင်းချင်းက ဇွန်ဘီများကို အော်နေသော်လည်း ဘာအဖြေကိုမှ တုံ့ပြန်မှုအနေဖြင့် မရပေ။ သူမသည် အခြေခံညွှန်ကြားချက်များကို သိသော်လည်း ဘာမေးခွန်းကိုမှ ပြန်မဖြေတက်သည့် နွားနှင့် စကားသွားပြောနေရသလို ခံစားလာရသည်။ ဇွန်ဘီများနှင့် ဆက်သွယ်ဖို့ နည်းလမ်းကို ရှိပုံမရပေ။ ဒါကိုနားလည်သွားသည့်အခါ သက်ပြင်းချကာ ထွက်လာသည်။

‘ဗိုက်ဆာတယ်. . .’   ရုတ်တရက် ထိုအတွေးက သူမ၏ခေါင်းထဲတွင် ကြားလာသည်။   ‘ဗိုက်ဆာတယ်. . .ဗိုက်ဆာတယ်. . .ဗိုက်ဆာတယ်’

သူမ၏ခေါင်းသည် ကိုက်လာသည်။ ထိုအရာက သူမနိုးလာချိန်တုန်းက မူလကိုယ်၏ မှတ်ညဏ်များကို ရတုန်းကလိုဖြစ်သည်။ သူမသည် ဟိုနေ့ကလိုလို တနေ့ကလိုလို မှတ်ညဏ်တွေကို ပြန်မှတ်မိလာသည်။ သို့သော်လည်း သိပ်အများကြီးမဟုတ်၍ ခေါင်းကိုက်တာကလည်း တဖြည်းဖြည်း သက်သာလာသည်။

ထို့နောက် သူမခေါင်းထောင်နိုင်သည့်အခါ အရင်ဆုံးတွေးမိခြင်းက   ‘ဘယ်ကောင်က ဗိုက်ဆာနေတာလဲ?’

ထို့နောက်တွင် ထိုအတွေးသံက ပေါ်လာပြန်သည်။   ‘ဗိုက်ဆာတယ်. . .ဗိုက်ဆာတယ်’

လင်းချင်းက သေချာအာရုံစိုက်ပြီး နားထောင်ကြည့်သည့်အခါ အခြားမဟုတ် သူမ၏အရှေ့က ဇွန်ဘီကောင်ဆီမှ ဖြစ်သည်။

“ဂါး”   လင်းချင်းက ထိုဇွန်ဘီအား မအော်ဘဲ မနေနိုင်ပေ။ သူမမေးလိုက်သည်က ‘နင်ဗိုက်ဆာနေတာလား?’

ထိုဇွန်ဘီက သူမအားပြန်ကြည့်ကာ “ဂါး”   ထိုဇွန်ဘီဖြေသည်က ‘ဗိုက်ဆာတယ်’

“ဂါး”   လင်းချင်းက ထပ်မေးလိုက်သည်မှာ ‘ဒီအနားမှာ လူသားရှိလား?’

ဒီတစ်ခါတော့ ဇွန်ဘီသည် ဘာမှပြန်မဖြေဘဲ လင်းချင်းအား နားမလည်သလို ကြည့်နေသည်။ 

သူမသည် သက်ပြင်းချကာ ဇွန်ဘီအား ထွက်သွားဖို့ လက်ပြလိုက်သည်။ ထိုအခါ ဇွန်ဘီက ချက်ချင်းလှည့်ထွက်သွားသည်။

လင်းချင်းသည် လူများကို တွေ့မလားဟု၍ ဒီနေရာတွင် ရှာကြည့်နေသေးသည်။ သို့သော်လည်း မတွေ့၍ သူမပြန်ကာနီးတွင် သူမ၏ခေါင်းထဲမှာ အော်သံတစ်ခုပေါ်လာသဖြင့် ကြောင်အသွားသည်။   ‘ဒီအော်သံက ဘယ်ကထွက်လာတာလဲ?’

သူမသည် ဘယ်ညာကြည့်သော်လည်း ငိုနေသည့် ဘယ်ကလေးကိုမှ မမြင်ရပေ။

“ဝါး. . .ဝူး. . .”   နောက်ထပ် ကလေးငိုသံက ထွက်ပေါ်လာသည့်အခါ လင်းချင်းသည် အမှုအယာပြောင်းသွားကာ စိတ်ထဲမှ ‘ဝင်’ဟု ပြောလိုက်သည်။ ထိုအခါ အဆောက်အအုံ၏ထောင့်မှ သူမပျောက်ကွယ်သွားသည်။

လင်းချင်းသည် သူမ၏နယ်မြေထဲသို့ ရောက်လျှင်ရောက်ချင်း ခေါင်းထဲတွင် ကြားနေရသည်က တကယ်အသံအဖြစ် ထွက်လာသည်။

“ဝူး. . .ဝါး. . .ဝါး”   ကလေးမလေးသည် နိုးလာသည့်အခါ ဘယ်ကိုမှန်းမသိ သူမတစ်ယောက်တည်း ရောက်နေသဖြင့် စောင်ခြုံထဲမှ ထထိုင်နေကာ ငိုနေသည်။ သူမငို၍ သိပ်မကြာသေးခင်မှာပဲ ကြောက်ဖို့ကောင်းသည့် ဇွန်ဘီက ပေါ်လာသဖြင့် လန့်သွားကာ ပါးစပ်လေးကို အမြန်ပိတ်လိုက်သည်။

လင်းချင်းမှာလည်း မျက်လုံးဖွင့်ဖွင့်ချင်း တစ်ကိုယ်လုံး ဆိုးဆိုးဝါးဝါးတုန်ရီနေသည့် ကလေးမလေးကို မြင်လိုက်ရသည်။ သူမသည် ငိုချင်နေသော်လည်း ပါးစပ်လေးကို ပိတ်ကာ အသံမထွက်အောင် ထိန်းကာ လင်းချင်းလျှောက်လာသည်ကို ကြည့်နေသည်။

‘စားဖို့လာနေပြီ! စားတော့မှာပဲ! အစားခံရတော့မယ်!’   ကလေးမလေးသည် သေမတက်ကြောက်နေသော်လည်း ဒီတစ်ခါတော့ မေ့လဲမသွားပေ။

လင်းချင်းသည် ကလေးမလေး၏ အနံ့အသက်ကြောင့် စားချင်စိတ်ပေါက်လာသည်။ သို့သော်လည်း တစ်ချိန်တည်းတွင် စိတ်ကိုဖတ်လိုက်နိုင်သည်။ သူမသည် ဝူယွဲ့လင်းက ပါးစပ်လေးကိုပိတ်ကာ နည်းနည်းတောင် မလှုပ်ရဲဘဲ တောင့်ခဲစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

လင်းချင်းက လမ်းလျှောက်လာသည့်အခါ ဝူယွဲ့လင်းသည် ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ကာ ခေါင်းကိုငုံထားလိုက်သည်။   ‘ဖေဖေ . . .သမီးတော့ အစားခံရတော့မယ်. . . ဖေဖေ သမီးကိုလာကယ်ပါဦး ဖေဖေရေ. . .’

လင်းချင်းသည် ထိုကလေးမလေး၏ အတွေးများကို ခေါင်းထဲတွင် ကြားနေရသည့်အခါ အနားသို့ သွားမနေတော့ဘဲ နယ်မြေထဲက ထွက်လာတော့သည်။

ခနလောက်ကြာသည့်အခါ ဝူယွဲ့လင်းသည် သူမဘာမှမဖြစ်ကြောင်းကို သိသွားသည်။    ‘ဇွန်ဘီက မစားသေးဘူးလား?’   သူမသည် ခေါင်းကိုမရဲတရဲဖြင့် မော့ကြည့်လိုက်သည့်အခါ ဇွန်ဘီကို မတွေ့တော့ပေ။ 

ဝူယွဲ့လင်းသည် အမြန်ထကာ ဟိုဟိုဒီဒီကြည့်လိုက်သော်လည်း ဇွန်ဘီအား မတွေ့ပေ။
‘ဇွန်ဘီဘယ်မှာလဲ? ဘယ်ရောက်သွားတာလဲ? ခုနတုန်းက စားဖို့ရပ်နေတာ’

သူမသည် သေချာကြည့်သော်လည်း ဇွန်ဘီကိုမတွေ့မှ သက်ပြင်းချနိုင်သည်။ ထို့နောက်တွင်တော့ ငိုတော့မတက် နှုတ်ခမ်းလေးက စူထော်သွားသည်။   ‘ဒီမှာ ဘယ်သူမှလည်း မရှိဘူး။ ကြောက်ဖို့ ကောင်းလိုက်တာ ဖေဖေဘယ်မှာလဲ? ဘာဖြစ်လို့ သမီးကို လာမရှာတာလဲ? ဖေဖေနဲ့တွေ့ချင်တယ် ဖေဖေ. . .’  
လင်းချင်းသည် နယ်မြေက ထွက်လာသည့်အခါ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နာရီမရှိသောကြောင့် အချိန်ကိုမသိသော်လည်း ကြယ်ရောင်ကိုကြည့်သည့်အခါ မနက်၄နာရီလောက် ရှိနေပြီ ဖြစ်သည်။

သူမသည် ပတ်ဝန်းကိုကြည့်သည့်အခါ အရမ်းမြင့်မားသည့် အဆောက်အအုံတစ်ခုကို မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းနက်များက တောက်ပသွားကာ ထိုအဆောက်အအုံဆီသို့ ပြေးသွားသည်။ သူမသည် ကြောင်တစ်ကောင်လို ပေါ့ပါးစွာ သွားသဖြင့် သူမ၏အဝတ်တို့ကို ဖြတ်တိုက်သွားသည့် လေသံအပြင် ဘာအသံမှ မထွက်ပေ။

ထိုအဆောက်အအုံသည် အထပ်၄၀ရှိသည်။ ဓာတ်လှေကားမရှိသောကြောင့် လှေကားမှနေသာ သူမတက်ရတော့သည်။ ဇွန်ဘီများသည် သူမအနားသို့ ရောက်လာသည်နှင့် ရှောင်ပေးခြင်း သို့မဟုတ် လှည့်ကြည့်ကာ ထွက်ပြေးခြင်းတို့ လုပ်ကြသည်။

သာမန်ဇွန်ဘီများသည် လှေကားအတက်အဆင်း မလုပ်နိုင်ပေ။ သူတို့၏ အရိုးအဆစ်များသည် တောင့်နေသေးသောကြောင့် မလုပ်နိင်ပေ။ အဆင့်မြင့်များသာ လင်းချင်းလိုမျိုး ပြေးလွှားခြင်းနှင့် အတက်အဆင်းကို ပြုလုပ်နိုင်သည်။ 

ဇွန်ဘီများ၏ ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလွန်နှေးကွေးသည်။ ညဏ်မရှိသည့် ဇွန်ဘီများသည် အစာစားချင်သည့်စိတ်သာရှိ၍ အနည်းငယ်လောက်သာ တိုးတက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လုထန်ယု၏ မှတ်ညဏ်များအရ အဆင့်မြင့်ဇွန်ဘီများကို မမြင်ဖူးခဲ့ခြင်း ဖြစ်သည်။

အဆင့်တစ်နှင့် နှစ်များသည် ညဏ်မရှိကြသေးပေ။ သူတို့သည် လူသားစားချင်စိတ်သာရှိသည့် တရွတ်တိုက်သွားနေသည့် အကောင်တို့သာ ဖြစ်သည်။ သုံးနှင့်အထက်မှသာ အသိစိတ်ရှိလာတာ ဖြစ်သည်။

အဆင့်တစ်နှင့်နှစ်ကို ဖြတ်သန်းဖို့အတွက် သာမန်ဇွန်ဘီတစ်ကောင်သည် လူသားများ၏ အသားနှင့်သွေးပမာဏအများကို လိုအပ်သည်။ ထို့အတူ အဆင့်သုံးထက် ပိုမြင့်ဖို့ဆိုလျှင် ပို၍ခက်ခဲသွားမည် ဖြစ်သည်။ တစ်ရာတွင် တစ်ကောင်မှ အဆင့်သုံးကို ကျော်ဖြတ်နိုင်ကြတာ မဟုတ်ပေ။

သို့သော်လည်း လင်းချင်းကတော့ မျက်လုံးဖွင့်လျှင်ဖွင့်ချင်း အဆင့်သုံးသို့ ရောက်နေပြီဖြစ်သည်။ အခုဆိုလျှင် အဆင့်၄ကိုတောင် ချိုးဖြတ်နိုင်တော့မတက် ဖြစ်နေပြီ။ သူမတွင် ဝိညာဉ်နှင့် မှတ်ညဏ်များရှိသလို အသိစိတ်ကလည်း ရှိနေသေးသည်။

သို့သော်လည်း လှေကားတက်ရခြင်းကို ဇွန်ဘီဖြစ်နေသည့်အခါတောင်မှ သူမမကြိုက်ပေ။ သူမသည် တစ်ထပ်ပြီးတစ်ထပ်တက်နေရင်း ခေါင်းမူးလာသည်။ သူမသည် ပင်ပန်းခြင်း သို့မဟုတ် အသက်မရှုနိုင်ခြင်း သို့မဟုတ် လူသားတွေလို နှလုံးမှာ ပေါက်ကွဲမတက်ဖြစ်နေခြင်းတို့ မရှိသော်လည်း သူမသည် မူးဝေနေသည်။ အထပ်အများကြီး တက်ပြီးသည့်ခါ သူမ၏ရင်ဘတ်သည် တင်းကြပ်လာသည်။

‘ဟာ ငါကဇွန်ဘီမလား? ဘာဖြစ်လို့ မူးပြီးရင်ဘတ်တွေက တင်းနေရတာလဲ? ဇွန်ဘီအဖြစ် ပျော်ပျော်ရွှင်ရွှင်လေး ငါနေလို့မရဘူးလား?’
သူမသည် အထပ်၂၀သို့ ရောက်သည့်အခါ ပြတင်းပေါက်နားတွင် အနားယူနေရင်းက အပြစ်တင်နေမိသည်။ ဒီအမြင့်ကနေ သူမသည် လက်ရှိဖြစ်နေသည်တို့ကို ကောင်းကောင်းမြင်ရပြီ။

Previous Chapter 12 of 20 Next