May Honey Logo May Honey
Previous Next

၂၀။ ခိုးခံရသည့်သားကောင်

သဘာဝလွန်စွမ်းအင်ရှိသည့် လူသားတို့၏ လက်ဆက်သည့်အသားများသည် အရသာရှိစွာ ချိုသလို သူတို့၏အမြူတေသည်လည်း ဇွန်ဘီတွေလို မဟုတ်ဘဲ သန့်စင်လှသည်။ ဇွန်ဘီတွေလို လူသားများသည်လည်း ဇွန်ဘီအမြူတေများ ရှာကြသည်။ စခန်းတွင် အကျိုးရှိဆုံးအလုပ်သည် ဇွန်ဘီအမဲလိုက်ခြင်းသာ ဖြစ်သည်။

လင်းချင်းက အဆင့်သုံးဇွန်ဘီသည် ဒီလောက်အားနည်းလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ့၏တိုက်ခိုက်မှုသည် ရိုးရှင်းကာ ကြမ်းတမ်းသော်လည်း လျှင်မြန်စွာ ပွဲသိမ်းသွားခဲ့သည်။ 

ဇွန်ဘီအမြူတေမှ စွမ်းအင်များသည် သူမ၏ကိုယ်ထဲရောက်လာသော်လည်း ဗိုက်ဆာခြင်းကိုတော့ မထိန်းပေးနိုင်ပေ။ သူမစားချင်သေးသည်။
‘အသားစားချင်တယ်! အသား! အသား!’
သူမ၏ခေါင်းထဲတွင် ဒီအတွေးများဖြင့်ပြည့်နေစဉ်တွင် အသိညဏ်ရှိဇွန်ဘီကို တစ်ချက်ကြည့်ကာ လှည့်ထွက်လာခဲ့သည်။

. . .

ကောင်းကင်ကြီးမှာ လင်းလာသလို ပတ်ဝန်းကျင်သည်လည်း ရှင်းလင်းလာပြီ။ သူမသည် အရောင်များကို မခွဲခြားနိုင်သော်လည်း အလင်းရောင်အပြောင်းအလဲကိုတော့ သိနိုင်သေးသည်။ ရုတ်တရက် အသိညဏ်ရှိဇွန်ဘီပေါ်လာပြီးသည့်နောက် လင်းချင်းသည် မောင်းနိုင်သည့်ကား ရှာဖွေရန် ဆက်သွားခဲ့သည်။

သူမထွက်သွားပြီး သိပ်မကြာခင်တွင်ပဲ လူအချို့က ထိုနေရာသို့ ရောက်လာကာ သူတို့၏မျက်နှာများသည် အံ့သြမှုဖြင့် ရှုပ်ထွေးကုန်ကြသည်။

“သေသွားပြီလား? ဘယ်လိုဖြစ်တာလဲ?”   လျူဟုန်ရှီက မြေပြင်ပေါ်က အလောင်းကိုကြည့်ကာ အံ့သြနေသည်။ ကျန်သည့်နှစ်ယောက်ကတော့ မျက်နှာပျက်စွာ ဇွန်ဘီအလောင်းကို စစ်ဆေးကြည့်နေသည်။

လင်းယုံးက ဇွန်ဘီကိုကြည့်ကာ ပွင့်နေသည့်ခေါင်းကို လက်ညိုးထိုးပြရင်း   “တခြားအသိညဏ်ရှိတဲ့ဇွန်ဘီက သတ်သွားတာ။ ဒဏ်ရာအစွန်းတွေက ကြမ်းတမ်းနေတော့ လက်ဗလာနဲ့ ထိုးခွဲသွားတာ။ အဆင့်သုံး ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အသိညဏ်ရှိဇွန်ဘီပဲ ဒါမျိုးကို လုပ်နိုင်မှာ”  
လျန်ချောင်ယန်က မျက်မှောင်ကျုံ့ကာ ခေါင်းငြိမ့်သည်။ 

လျူဟုန်ရှီ၏ မျက်နှာသည် မည်းသည်းနေကာ   “ဒီအကောင်ကို ငါတို့လိုက်နေတာ ကြာလှနေပြီ။ အခုတော့ တခြားဇွန်ဘီက သတ်သွားပြီ! ငါတို့ကြိုးစားသမျှက အလကားပဲ”

လင်းယုံး၏မျက်နှာသည်လည်း ဒေါသဖြင့် ပျက်ယွင်းနေကာ ဘာစကားမှ မပြောနိုင်တော့ပေ။

“ဒါက ဒီနယ်မြေရဲ့ အဆင့်သုံးဇွန်ဘီကို။ အသစ်လာတဲ့သူက ဒီနယ်မြေကို သိမ်းလိုက်ပြီလား?”   လျန်ချင်းယန်က စိတ်ရှုပ်စွာဖြင့် မေးသည်။

အဆင့်မြင့်ဇွန်ဘီတိုင်းတွင် နယ်နမိတ်ရှိကြသည်။ အဆင့်သုံးဇွန်ဘီသည် ပိုင်ရှင်မဲ့နယ်မြေကို ရှာဖွေကာ သိမ်းပိုက်ပြီးနောက် သူ့နယ်မြေဟု ကြေညာကြသည်။ အခြားအဆင့်သုံးဇွန်ဘီက ဒီနေရာတွင် အပြီးအပိုင်နေထိုင်ချင်ပါက ပိုင်ရှင်အဆင့်သုံးဇွန်ဘီကို မောင်းထုတ်ရန် လိုအပ်သည်။ 

အားနည်းသူများသည် သန်မာသူများ၏ သားကောင်ဖြစ်ကြသည်။ ဒါသည် ဒီကမ္ဘာ၏ အခြေခံကျသော စည်းမျည်းဖြစ်သည်။ သန်မာသူများက ရှင်သန်ကြကာ အားနည်းသူများကတော့ သေဆုံးလိမ့်မည်။ 

ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီနှစ်ကောင်က နယ်မြေအတွက် တိုက်ခိုက်ကြပါက အားနည်းသူသည် မပြေးနိုင်လျှင် သေဆုံးရလိမ့်မည်။ ထို့ကြောင့် အသစ်ရောက်လာသူသည် အဆင့်မြင့်ဇွန်ဘီ ဖြစ်ပါက ပိုင်ရှင်ဇွန်ဘီသည် မောင်းထုတ်ခံရမည်က သံသယဝင်စရာမလိုပေ။

“ဒီဇွန်ဘီက သဘာဝလွန်စွမ်းအားကြောင့် ဒဏ်ရာရထားတာမဟုတ်ဘူး။ ပတ်ဝန်းကျင်မှာလည်း စွမ်းအားသုံးသွားတဲ့ အရိပ်အယောင်လုံးဝမရှိဘူး။ ဒါပင်မယ့် အဲ့ဒီဇွန်ဘီက ခေါင်းကိုဖောက်သွားတာက အတော်ထူးဆန်းတယ်”   လင်းယုံးကပြောသည်။

အခြားနှစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လင်းယုံးပြောသလိုပင် ပတ်ဝန်းကျင်သည် သဘာဝလွန်အစွမ်းကြောင့် ပျက်စီးနေခြင်းမျိုး မရှိပေ။ ဇွန်ဘီ၏ကိုယ်တွင်လည်း ဒီလိုစွမ်းအင်မျိုး မရှိပေ။ ဒီဇွန်ဘီသည် တစ်ချက်တည်းဖြင့် အသတ်ခံရခြင်းပင်။ သို့သော်လည်း သဘာဝလွန်စွမ်းအင်မရှိသည့် အဲ့ဒီဇွန်ဘီက ဒါကိုဘယ်လိုလုပ်နိုင်ခြင်းလဲ?

ထို့အပြင် သေဆုံးသွားသည့် ဒီဇွန်ဘီသည် အဆင့်လေးကို ချိုးဖောက်ခံနီးဖြစ်သည်။ အဆင့်သုံးဇွန်ဘီများထဲတွင် အဆင့်လေးဖြစ်တော့မည့် ဇွန်ဘီသည် သဘာဝလွန်စွမ်းအင် မရှိသေးခြင်းသာ။ ဒါကို အခြားအဆင့်သုံးဇွန်ဘီက အလွယ်လေး သတ်သွားခဲ့သည်လား?

“သဘာဝလွန်အားရှိနေတဲ့ အဆင့်လေးဇွန်ဘီများလား?”   လျန်ချောင်ယန်က တွေဝေစွာဖြင့် ပြောသည်။

လင်းယုံးက ခေါင်းငြိမ့်ပြသည်။

လျူဟုန်ရှီသည် အံ့သြသွားကာ ပြောသည်။   “ဘာ! အဆင့်လေးဟုတ်လား? ငါတို့ဒီနားမှာ သွားလာနေတာပဲ ကြာလာနေပြီ။ အဆင့်လေးဇွန်ဘီကို တစ်ခါမှ မမြင်ဖူးတာ! မှားနေတာမလား?”

လျန်ချောင်ယန်က သူ့ကိုကြည့်ကာ   “အဆင့်သုံးဇွန်ဘီက ဒီလောက်လွယ်လွယ်ကူကူ သတ်နိုင်မယ်လို့ နင်ထင်နေတာလား? အဆင့်သုံးက သတ်နိုင်ရင်တောင်မှ အကြာကြီးနဲ့ ခက်ခက်ခဲခဲတိုက်ရမှာ။ ဒါပင်မယ့် ပတ်ဝန်းကျင်ကိုကြည့်ဦး။ အပျက်အစီးမှ သိပ်မရှိတာ။ တိုက်ပွဲကြီးဖြစ်ခဲ့တာနဲ့ဒီမှာတူလို့လား?”

လျူဟုန်ရှီသည် ဘာမှပြန်မဖြေနိုင်တော့ပေ။   ‘ဒီလိုဆိုတော့လည်း ဟုတ်သားပဲ။ အဆင့်သုံးက အဆင့်လေးနီးနေတဲ့ ဇွန်ဘီကို လွယ်လွယ်နဲ့ မြန်မြန်တိုက်နိုင်မှာမှ မဟုတ်တာ’

သို့သော်လည်း သူသည်အလျော့မပေးချင်ဘဲ ပြောသည်။   “ဒါဆိုရင် အခုငါတို့ဘာလုပ်မှာလဲ? အဆင့်လေးဇွန်ဘီကို လိုက်ရတော့မှာလား?”

သူ့စကားဆုံးသည်နှင့် ကျန်နှစ်ယောက်သည် ချက်ချင်းမျက်နှာများ မည်းသည်းကုန်ကြသည်။ သူတို့သည် ဒီဇွန်ဘီကို တစ်လလောက် စောင့်ကြည့်နေခဲ့ပြီးမှ တခြားဇွန်ဘီလက်ထဲသို့ ရောက်သွားသည်။ ရလဒ်က လက်မခံချင်စရာ သွေးအန်စရာကြီးပင်။

သို့သော်လည်း သူတို့၏လက်ရှိအစွမ်းဖြင့် အဆင့်လေးဇွန်ဘီကို မတိုက်ခိုက်နိုင်သေးပေ။ သူတို့သည် သဘာဝလွန်စွမ်းအင်ရှိကြကာ အဆင့်သုံးနှစ်ယောက်နှင့် အဆင့်လေးတစ်ယောက် ဖြစ်သည်။ သို့သော်လည်း အဲ့ဒီအဆင့်လေးဇွန်ဘီနှင့်တွေ့လျှင် သူတို့ခုခံနိုင်မည်တောင် မဟုတ်ပေ။

လူသားများသည် ဇွန်ဘီတို့လို အမြန်နှုန်းနှင့် အားအင်မရှိပေ။ ထပ်ပြောရလျှင် လူသားတို့၏ အမြန်နှင့် အားအင်တို့သည် ဇွန်ဘီတို့၏ သဘာဝအလျှောက်တုံ့ပြန်ခြင်းလောက်သာ ရှိသည်။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီသည် သာမန်သဘာဝလွန်စွမ်းအင်ရှိသူများကို တစ်ခါတည်းဖြင့် အလွယ်လေး သတ်ပစ်နိုင်သည်။

. . .

တစ်ဖက်တွင်တော့ လင်းချင်းသည် လမ်းဘေးမှာ စွန့်ပစ်ထားသည့် ကားများစွာကို တွေ့သော်လည်း မောင်းနှင်၍ရသည်မှာ  တစ်စီးတောင် ရှာမတွေ့ပေ။ ကားရော အစာပါ ရှာမရသဖြင့် လင်းချင်းသည် ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

ရုတ်တရက် သူမ၏နယ်မြေထဲမှ ယုန်ကို သတိရသွားသည်။   ‘ဟုတ်သား သန္ဓေပြောင်းစတော်ဘယ်ရီ ကျွေးထားတဲ့ယုန် အဆိပ်သင့်ပြီး သေပြီလားမသိဘူး?’

ထိုအတွေးဖြင့် သူမ၏နယ်မြေထဲသို့ ဝင်လာသည်။ နယ်မြေထဲသို့ ရောက်သည့်အခါ ဝူယွဲ့လင်းကို မမြင်ပေ။ ထို့နောက် အနံ့ခံကြည့်လိုက်သည့်အခါ ဝူယွဲ့လင်းရှိသေးကြောင်းကို သိလိုက်ရသည်။ လင်းချင်းသည် ဝူယွဲ့လင်းဆီသို့ မသွားဘဲ ယုန်အနံ့ကိုသာ ဆက်ခံ၍ မြက်တောထဲသို့ သွားသည်။

သူမသည် မျက်လုံးတောင် မပွင့်သေးသည့် ကြွက်ပေါက်လေးများ၏ အနံ့ကိုလည်း ရသည်။ သို့သော်လည်း ကြွက်ပေါက်လေးများ၏အနံ့သည် အလွန်ပျော့နေသဖြင့် သူမဆက်မရှာတော့ပေ။ ကြွက်ပေါက်လေးများသည်လည်း အလွန်မာကြသည်။ သူမဒီမှာထားခဲ့တာ ကြာပြီဖြစ်သော်လည်း အဆာလွန်ပြီး သေမသွားကြပေ။ လင်းချင်းသည် အခြားအစာရှာမတွေ့ပါက ဒီအမွေးမပေါက်သေးသည့် ကြွက်ပေါက်လေးများကို အဆာပြေစားဖို့ တွေးထားသည်။

သူမသည် ယုန်ရှိရာသို့ ရောက်သည့်အခါ ယုန်တွင်းကို မျှော်လင့်သလို တွေ့လိုက်ရသည်။   ‘မသေဘူးပဲ။ စတော်ဘယ်ရီသီးတွေက စားရတယ်ပေါ့’

လင်းချင်းသည် ပျော်ရွှင်စွာဖြင့် ရှေ့ခြေနှစ်ဖက်ဖြင့် ကျွင်းတူးနေသည့် ယုန်ကိုကြည့်နေလိုက်သည်။ ယုန်သည် တစ်ကျွင်းမက တူးမည့်ပုံရသည်။ ထိုယုန်သည် ကျွင်းကိုသာ တူးနေသဖြင့် သူ့အားကြည့်နေသည့် ဇွန်ဘီကို သတိမထားမိပေ။ 

လင်းချင်းက ခနစောင့်ကြည့်ပြီးနောက် စိတ်ပူမနေတော့ဘဲ ဝူယွဲ့လင်းဆီသို့ လျှောက်သွားသည်။ ဝူယွဲ့လင်းသည် ရေကန်ဘေးတွင် စောင်လေးခြုံကာ ကွေးကွေးလေး အိပ်နေခြင်း ဖြစ်သည်။

လင်းချင်းသည် သူမလုပ်ပေးထားသည့် မြက်ရုပ်လေးများက ကလေးမလေး၏အနားတွင် ဆော့ကစားထားသဖြင့် ပြန့်ကျဲနေသည်ကို မြင်ရသည့်အခါ သူမ၏တောင့်ခဲ့နေသည့် မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ သို့သော်လည်း သူမ၏အပြုံးက အခြားသူမြင်ပါက ကျောချမ်းစရာကောင်းသည်ကိုတော့ သူမမှာ မသိရှာပေ။

သူမသည် ဝူယွဲ့လင်းကို တစ်ချက်ကြည့်ပြီးနောက် သူမ၏နယ်မြေထဲက ထွက်လာခဲ့သည်။ သူမပျောက်ကွယ်သွားသည့်နေရာတွင် သူမပြန်ပေါ်လာသည်။ ထို့နောက် သူမသည် စတော်ဘယ်ရီအခင်းသို့ ဦးတည်က ပြေးတော့သည်။
Previous Chapter 20 of 20 Next