'ထွက်! ငါအခုပြန်ထွက်ချင်တယ်!' ရလဒ်အနေဖြင့် သူမ၏မျက်လုံးရှေ့တွင် အလင်းရောင်များဖြတ်ပြေးသွားသည်။ ဘာဖြစ်နေလဲမသိခင်မှာ သူမသည် မှောင်မဲနေသည့်အခန်းထဲသို့ ပြန်ရောက်လာသည်။
ထိုနေရာက တကယ့်ကို လျို့ဝှက်ဆန်းကျယ်လွန်းသည်။ ဒါကိုသူမသိလျှင်သိချင်း စိတ်လှုပ်ရှားလာသည်။ သူမတွင် မှော်ဆန်သည့်နေရာတစ်ခု ပိုင်နေခြင်းက သူမအားမယုံကြည်နိုင် ဖြစ်စေသည်။
'ငါပြန်ဝင်ချင်တယ်' သူမစိတ်ထဲက ရေရွတ်လိုက်သည့်အခါ ထိုနေရာသို့ ပြန်ရောက်သွားသည်။
'ဂါး!!!' လင်းချင်းသည် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။ သို့သော်လည်း ထိုအသံက နားဝင်ချိုမနေသဖြင့် သူမသည်ပါးစပ်ကိုအမြန်ပိတ်ကာ နောက်ထပ်အသံမပြုရဲတော့ပေ။
သူမသည် အခုဗိုက်အရမ်းဆာနေသော်လည်း ဒီနေရာတွင် မြက်နှင့်ရေအပြင် ဘာမှမရှိပေ။ 'ငါမြက်တွေကိုတော့ စားလို့မရလောက်ဘူးမလား?'
သူမရေချိုးခဲ့သည့် ရေကန်ကို တစ်ချက်သွားကြည့်သော်လည်း ထိုကြည်လင်သည့်ရေထဲတွင် ငါးတစ်ကောင်မှ မရှိပေ။
ခနတွေးပြီးသည့်အခါ သူမသည် စိတ်ထဲမှ 'ထွက်'ဟု ရေရွတ်လိုက်သည်။ ထို့နောက် အခန်းထဲသို့ ပြန်ရောက်လာသည်။
သူမသည် ဗိုက်အရမ်းဆာနေသော်လည်း ဒီလူကိုတော့ မစားချင်ပေ။ ထို့ကြောင့် တခြားအစာရှာရန် ထွက်ရလိမ့်မည်။ ဒီလူကို ထားခဲ့ပါက တခြားဇွန်ဘီက စားသွားမလား သူမစိတ်ပူရသေးသည်။ 'နှိုးလိုက်ရင် ကောင်းမလား? ဒါပေမယ့် သူလည်း ဇွန်ဘီ ဖြစ်လာတော့မှာပဲမလား? သေရင်အပုပ်နံထွက်လာပြီး ဇွန်ဘီအဖြစ် ကို့ရို့ကားယားထလျှောက်တော့မှာ'
လင်းချင်းက ဒီလူကိုတစ်ချက်ကြည့်ကာ အသက်ရှင်နိုင်မည်ဟု မထင်ပေ။ ထို့ကြောင့် သူမထားခဲ့ရန်သာ ဆုံးဖြတ်လိုက်သည်။ 'ထားလိုက်ပါတော့! ကိုယ့်ကိုယ်ကိုပဲ အရင်စောင့်ရှောက်ရမယ်'
သူမသည် အခုဇွန်ဘီဖြစ်နေကာ ဘာလုပ်ရမလဲမသိ ဖြစ်နေသည်။ လုထန်ယု၏ မှတ်ညဏ်အရဆိုလျှင် စွမ်းအားရှင်လူသားများသည် ဇွန်ဘီကို အမဲလိုက်ကြသည်။
လွန်ခဲ့သောငါးနှစ်က ကပ်ဆိုးကြီးပြီးသည့်အခါ ရှင်ကျန်ခဲ့သည့် လူသားများသည် လူနေမှုဘဝအသစ်နှင့် အသားကျလာကြသည်။ သူတို့သည် ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်ကာ စွမ်းရည်များ နိုးထလာနိုင်ကြသည်။ စွမ်းရည်များနိုးထလာခြင်းက အရမ်းခက်ခဲကာ တစ်သိန်းလျှင် တစ်ယောက်သာ အလိုအလျောက် နိုးထပြီးသား ဖြစ်နိုင်သည်။ အခုလိုငါးနှစ်အကြာတွင်တော့ ကမ္ဘာသစ်တွင် သဘာဝလွန်စွမ်းရည်များရှိကြောင်းကို ရှာဖွေ့တွေ့ရှိလာကြပြီ။
လုထန်ယုတို့၏စခန်းတွင် လူရာကျော်ရှိသော်လည်း လူဦးရည်မှာ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။ သဘာဝလွန်စွမ်းအားရှင် ၃ဦးရှိသော်လည်း သူတို့က သူတို့တာဝန်မဟုတ်ဟုထင်ကာ စခန်းရှိလူများကို ကယ်ဆယ်မပေးကြပေ။ စွမ်းရည်ရှိခြင်းဖြင့် သူတို့သည် ဘဝင်မြင့်ကာ ပျော်ရွှင်စွာနေကြပြီး သာမန်လူတို့ကတော့ သူတို့အား အထင်ကြီးအားကျရုံသာ။
အခုလိုခေတ်ပျက်ကြီးထဲမှာ နေ့တိုင်းလူသေနေကြသည်။ ထို့ကြောင့် အသက်ရှင်သန်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်သည်။ ထို့အခါ အားနည်သူများသည် အားကြီးသူများအတွက် တက်နင်းခံရသည့် ပုရွက်ဆိတ်လို ဖြစ်တည်မှုမျိုးသာ ဖြစ်နေသည်။
နောက်ပိုင်းတွင်တော့ အာဏာရှိသည့် စွမ်းအားရှင်များနှင့် အားကောင်းသည့် စစ်တပ်တို့က အခြေစိုက်စခန်းများ တည်ထောင်သည်။ စွမ်းအာရှင်များ ထွက်ပေါ်လာလေလေ အခြေစိုက်စခန်းများ ကြီးမားလာလေလေဖြစ်ကာ စခန်းရှိနေထိုင်သူများက ဇွန်ဘီသုတ်သင်ရေးတာဝန်ကို ထမ်းရွက်ကြတော့သည်။ စခန်းတွင် ရှားပါးသည့် အစာအဟာရများကို ဇွန်ဘီခေါင်းဖြင့် လဲလှယ်နိုင်သည်။
လူသားများသည် တိုးတက်လာသော်လည်း ဇွန်ဘီများက မထူးခြားပေ။ ငါးနှစ်ကြာလာသည့်အခါ စခန်းများက ကြီးလာကာ လူများပြားလာသည်။ ဝိညာဉ်မဲ့ကာ နှေးတိနှေးတုံ ဒီဇွန်ဘီတွေကတော့ ပပျောက်မသွားသေးသော်လည်း ဒီအတိုင်းဆက်သွားလျှင် ဆယ်စုနှစ်အချို့အတွင်း ဇွန်ဘီတွေက ရှင်းလင်းခံရနိုင်သည်။
လင်းချင်းထွက်သွားပြီး သိပ်မကြာခင်တွင် အခန်းထဲက လင်းယုမှာ နိုးလာသည်။ သူသည် ဇဝေဇဝါဖြင့် အမှောင်ထဲတွင်ထိုင်လိုက်ကာ အပြင်ဘက်က မှောင်နေသည့် ညနေခင်းကို ကြည့်နေမိသည်။ ထို့နောက် အပြင်သို့ လျှောက်ထွက်လာသည်။ 'ငါဘာဖြစ်သွားတာလဲ? ဒီအခန်းထဲမှာ ငါ့ဟာငါအလုံပိတ်ထားတာပါ။ ဇွန်ဘီဖြစ်တော့မှာမလို့ ကြွက်သားတွေ တောင့်တင်းလာပြီး မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး။ နောက်ပြီးတော့. . .ငါအိပ်ပျော်သွားတယ်။ ဘယ်တော့မှ ပြန်မနိုးတော့ဘူးတောင် ထင်နေခဲ့တာ။ ဇွန်ဘီဖြစ်သွားရင် ငါ့ကိုမြင်တဲ့လူက နဖူးကိုသေနတ်နဲ့ ပစ်သတ်မှာပဲ! ဒါပေမယ့်. . . ဘာဖြစ်နေတာလဲ? ငါသရဲဖြစ်သွားတာလား?'
လင်းယုက သူ့လက်ကိုသူ ကိုက်ကြည့်သည်။ "အား! နာတယ်! ခပ်ပြင်းပြင်းကိုက်ချလိုက်တာဖြစ်သောကြောင့် အလိုအလျောက်ပင် နောက်လက်တစ်ဖက်က ထိုလက်ကိုအုပ်ကိုင်ထားမိသည်။
'ဘာဖြစ်တာလဲ? ငါမသေဘူးလား!' လင်းယုက သူ့ကိုယ်သူကြည့်ကာ အံ့သြသွားသည်။ သူ့ခန္ဓာကိုယ်သည် တောင့်တင်းမနေပေ။ အပြင်သို့ လမ်းလျှောက်လာသည့်အခါ သွက်လက်နေဆဲဖြစ်သည်။
ထို့နောက် သူ့ခါးကဓားမြောင်ကိုထုတ်ကာ လက်ကိုခြစ်လိုက်သည်။ "ဟင်?"
အမှောင်ထဲမှာ သေချာမမြင်ရသောကြောင့် ဒဏ်ရာကိုလျက်ကြည့်လိုက်သည်။ 'သံဓာတ်နဲ့ ငန်ကျိကျိ. . .ဒါသွေးအရသာပါပဲ!'
ပိုးကူးခံရမှန်း သူ့ကိုယ်သူသေချာသိခဲ့သော်လည်း အခုတော့ စိတ်ရှုပ်နေပြီ။ 'ငါသေတော့မလို တောင့်ခဲနေခဲ့တာ။ ဒါပေမယ့် အခုဘယ်လိုဖြစ်တာလဲ? ကျန်းမာတဲ့လူလို သွေးကလည်း လတ်ဆက်နေသေးတယ်'
သူ့ကိုယ်၏ အပြောင်းအလဲများကို လင်းယုက အံ့သြနေချိန်မှာ လင်းချင်းကတော့ အဝေးကိုရောက်နေလေပြီ။
'ဗိုက်ဆာတယ်!' လင်းချင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ ကြယ်များကို တွေ့ရသည်။ လကိုမတွေ့ရသောကြောင့် လအစသို့မဟုတ်လကုန် ရက်ဖြစ်မည်ဟု ထင်လိုက်သည်။ ကြယ်ရောင်အောက်မှာ သူမ၏မြင်ကွင်းက ပြတ်သားနေသည်။
'အစာရှာမှဖြစ်မယ်!' သို့သော်လည်း ဇွန်ဘီများက လူသားအပြင် ဘာစားသေးလဲ သူမမသိပေ။ လူသားစားရသည့်အရာတွေက သူမအတွက် စားမရတော့။ ထို့ကြောင့် ဘာလုပ်ရမလဲမသိ ဖြစ်နေသည်။
ညအမှောင်ထဲတွင် အကုန်ရှင်းလင်းစွာ မြင်ရသည့် လင်းချင်းမှာ သူမစားရမည်ထင်တာကို ရှာဖွေနေသည်။ ထို့အပြင် တစ်နေရာရာမှာ ရှင်နေဦးမည်ဟု မျှော်လင့်ရသည့် သူမ၏မိသားစုကိုလည်း လိုက်ရှာရဦးမည်။
သူမသည် ပတ်ဝန်းကျင်ကိုလေ့လာရင်း လုထန်ယု၏ မှတ်ညဏ်တွေအရ ဘယ်ကိုရောက်နေသလဲ သိလိုက်သည်။ လုထန်ယုတို့သည် ဟွားရှစခန်းသို့ သွားနေခဲ့ကြတာဖြစ်သည်။ သူမ၏မြို့က အခုဆိုလျှင် တောင်ဘက်တိမ်ကျွန်းစခန်း ဖြစ်နေပြီ ဖြစ်သောကြောင့် နောက်ကြောင်းပြန်လှည့်ကာ တောင်ဘက်သို့ သွားရမည်။
ထိုတိမ်ကျွန်းသည် အခုရောက်နေသည့်နေရာနှင့် မိုင်ထောင်ချီဝေးသည်။ မြေပုံရော ကားရောမရှိဘဲ သူမဘယ်လိုသွားရမလဲ မသိဖြစ်နေသည်။ 'ဇွန်ဘီတစ်ကောင်က ဒါတွေကို ဘယ်လိုလုပ်ရှာရမှာလဲ?'
ခနတွေးပြီးသည့်အခါ သူမသည် အနီးဆုံး ဟွားရှစခန်းရှိရာမြို့သို့ သွားရန်ဆုံးဖြတ်လိုက်သည်။ ထိုစခန်းတွင် လူတွေရှိမည်။ လူတွေနှင့်တွေ့ပါက ကားနှင့်မြေပုံရဖို့လမ်းစတော့ ရလာလိမ့်မည်။
ညအချိန်သည် ဇွန်ဘီများက အော်ဟစ်က ယိမ်းယိုင်စွာဖြင့် လျှောက်သွားခြင်းဖြင့် ပြည့်နှက်နေသည်။ လင်းချင်းမှာ သူမကိုယ်တိုင် ဇွန်ဘီဖြစ်နေသော်လည်း ညပိုင်းကြီးမှာ ဇွန်ဘီများ ယိမ်းထိုးသွားလာနေခြင်းကို မြင်ရသည်မှာ နည်းနည်းတော့ လန့်နေမိသေးသည်။
'ကြည့်ပါများလာရင် ငါ့မျက်လုံးက အသားကျသွားမှာပါ! ကြည့်ပါများရင် အသားကျလာမှာပါ! ကြည့်ပါများရင် အသားကျလာမှာ!' လင်းချင်းသည် ဒီအတွေးများကို စိတ်ထဲမှာ ရွတ်ဆိုရင်း သူမကိုယ်သူမအားပေးကာ မြောက်ဘက်ကမြို့သို့ သွားနေသည်။