“မြန်မြန်!. . . ဇွန်ဘီတွေ အများကြီးပဲ. . .ဘယ်ဘက်ကိုကြည့်!”
“ဒီဘက်ကပိတ်ထားတယ်. . .ထွက်လို့မရဘူး!”
“အား!”
“လင်းယု!”
“အဲ့ဒီကိုမသွားနဲ့! လင်းယုလက်မှာ ဇွန်ဘီကြောင့် ဒဏ်ရာရသွားပြီ. . .”
“မလာနဲ့! ကပ္ပတိန် ကျွန်တော်ဇွန်ဘီမဖြစ်ပါရစေနဲ့. . .ဟာ. . .အခုသတ်လိုက်ပါတော့. . .ကပ္ပတိန်!”
“လင်းယု! လင်းယု!”
တိုက်ပွဲအခြေအနေက ပြောင်းလဲသွားသည်။ လူများအား ဇွန်ဘီတို့က ဝိုင်းထားကြသည်။
“ကပ္ပတိန်. . .ကျွန်တော့်ရဲ့ ညီမလေးကို စောင့်ရှောက်ပေးပါ. . .”
“မဟုတ်ဘူး! လင်းယု အဲ့ဒီကို မသွားနဲ့! မင်းသေသွားရင် လင်းယန်က ဘယ်လိုလုပ်မလဲ?”
ထိုအချိန် လင်းချင်းမှာတော့ ဘာကိုမှမကြားဘဲ သူမစိတ်ထဲတွင် စကားတစ်ခွန်းကိုသာ ရေရွတ်နေသည်။ ‘ဗိုက်ဆာတယ်. . .ဗိုက်တွေ အရမ်းကိုဆာနေပြီ’
ထိုစကားသည် သူမ၏စိတ်ထဲတွင်သာမက ဦးနှောက်ထဲတွင်ပါ ထွက်ပေါ်နေသည်။ ထို့ကြောင့် လင်းချင်းမှာ ခေါင်းတောင်ကိုက်ချင်လာသလို ဖြစ်နေတော့သည်။ သူမသည် အံကိုကြိတ်ကာ မနည်းထရန် ကြိုးစားရတော့သည်။
“ကပ္ပတိန်. . .သွားပါတော့! ကျွန်တော်ကာပေးထားမယ်။ ကျွန်တော့်အတွက် ကျည်တစ်ထောင့်ချန်ထားတယ်။ အခုသွားကြတော့!” လင်းယုက သေနတ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ဇွန်ဘီခေါင်းများကို ချိန်ပစ်ရင်း ကပ္ပတိန်လီကျန်းကို အော်ပြောလိုက်သည်။
သို့သော်လည်း လီကျန်းသည် တွေဝေနေသည်။ “မဟုတ်ဘူး လင်းယု! ငါတို့လာခဲ့တဲ့သူအတိုင်း ပြန်ကြရအောင်။ မင်းကို မချန်ထားခဲ့ဘူး” သူက ငြင်းနေသည်။
လင်းယုက ပြန်အော်ပြောသည်။ “ကပ္ပတိန် ဇွန်ဘီတွေက အများကြီးပဲ။ လူတိုင်းပြန်နိုင်မှာ မဟုတ်ဘူး။ ကာပစ်ပေးဖို့ ကျန်ခဲ့မှ ဖြစ်မယ်။ ကျွန်တော်လည်း ပိုးကူးခံရနေပြီးပြီ။ ဇွန်ဘီဖြစ်မဖြစ်ကို ကိုယ့်ဟာကိုယ်ရှင်းလိုက်မယ်။ အကုန်လုံးအတွက် ကျွန်တော်ကျန်နေခဲ့ပါရစေ”
“ဂါး!!!” လင်းချင်းသည် သူမပြန်ကောင်းလာသည့်အခါ တစ်ရက်ကုန်သွားပြီ။
မြေကြီးပေါ်တွင်လဲနေကာ ကောင်းကင်ကိုကြည့်ရင်း ဒီမှာဘယ်လောက်ကြာအောင် လှဲနေမိသလဲ တွေးနေမိသည်။ ထို့နောက် ဗိုက်ကဆာလာသည်။ သို့သော်လည်း သူမဗိုက်ကိုလက်ဖြင့် ကိုင်ကြည့်သည့်အခါ အပေါက်ကြီးဖြစ်သည်။
သူမဆွံ့အသွားပြီ။ ‘ဟင်! အစာအိမ်လည်းမရှိဘဲ ဗိုက်ကဆာနိုင်သေးတယ်လား?’
လင်းချင်းက ထချင်သော်လည်း သူမ၏ကိုယ်က သူမအမိန့်ကို မနာခံပေ။ ‘သေပါတော့! ဇွန်ဘီဘဝက ခက်ခဲလိုက်တာ! ဗိုက်ဆာနေတာကို ဘယ်လိုလုပ်ရမလဲ? တကယ်ကြီး တစ်ခုခုကို စားမှဖြစ်တော့မယ်။ မိသားစုကိုရှာချင်ပင်မယ့် ငါ့အားကို စားဖိုအတွက် ချန်ထားရဦးမယ်’
လင်းချင်းသည် အနံ့ကိုခံကြည့်သည့်အခါ ချိုမြန်သည့်အနံတစ်ခုက လေထဲပင် ရလိုက်သည်။
သူမသည် ခေါင်းကိုငုံ့ကာ သူမကိုယ်သူမ ပြန်ကြည့်ရင်း အဝတ်ဟောင်းကို ဆွဲဖြန့်နေသည်။ ‘အင်း. . .ဒီအဝတ်စုတ်က ငါ့ကိုယ်ကိုမဖုံးနိုင်တော့ဘူးပဲ။ ငါအရင်ဆုံး အဝတ်ရှာဖို့ လိုနေပြီ’
‘ငါအခု ဇွန်ဘီဖြစ်နေပြီ။ ငါဘယ်လို ရှေ့ဆက်ရမလဲ? လူသားစားရမလား? မဖြစ်နိုင်ဘူး ဒါပင်မယ့်လည်း လူသားမစားရင် ငါငတ်သေတော့မှာပဲ။ လူသားမဟုတ်ဘဲ တခြားအကောင်တွေကို စားရင်ရလောက်တယ်မလား?’
လင်းချင်းသည် လမ်းလျှောက်ရန် ခြေလှမ်းလှမ်းလိုက်သည့်အခါ သူမခြေတွေလက်တွေက အရမ်းလေးနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ပုံမှန်အတိုင်း လမ်းလျှောက်ဖို့က မလွယ်ကူပေ။ သူမသည် အနားရှိ ကုန်တိုက်ကို တစ်လှမ်းချင်း သွားရတော့သည်။
ဒီလိုကမ္ဘာပျက်နေသည်က ငါးနှစ်ရှိနေပြီ။ လင်းချင်းသည် သူမမိသားစုက ဒီလိုကပ်ဘေးမှာ ဆက်ရှင်နိုင်ဦးမလား မသိပေ။ အိမ်ကိုပြန်ရှာချင်သော်လည်း ဒီအခြေအနေတွင် အိမ်ပြန်လမ်းရှာဖို့က ခက်ခဲသည်။ အင်တာနက်နှင့် ဖုန်းလိုင်းများကလည်း ပျက်စီးနေသဖြင့် လင်းချင်းသည် စိတ်ပိုညစ်လာသည်။ သူမသည် ဇွန်ဘီများအနားတွင် သွားလာရင်း သူမကိုယ်သူမ သတိရှိသေးသည့် ဇွန်ဘီဖြစ်ရခြင်းက ကောင်းသည်ဟု ခံစားလာရသည်။ အနည်းဆုံးတော့ သူမဖြည်းဖြည်းချင်း သွားလာနေလည်း သူမကိုဘယ်သူကမှ လာမစားကြပေ။
အိမ်ပြန်ဖို့အတွက် သူမကားတစ်စီးရှာရမည်။ သို့သော်လည်း အခုတော့ အဝတ်ရှာဖို့က ပိုအရေးကြီးနေသည်။ သူမသည် ကုန်တိုက်မှာ ပတ်သတ်ရှာသော်လည်း ဝတ်လို့ရမည်အရာတစ်ခုမှမရှိပေ။ ချည်စတစ်စတောင် ရှိမနေခြင်းဖြစ်သည်။
ပိုစိတ်တိုစရာကောင်းသည်က သူမကိုယ်ကြီးသည် ပိုလေးလာခြင်းဖြစ်သည်။ ‘ထူးဆန်းလိုက်တာ! ဇွန်ဘီတွေလည်း မောတက်တယ်လား?’
လင်းချင်းသည် အပေါက်ဝတွင် ထိုင်နေရင်း မေးခွန်းအပြည့်ဖြင့် ကောင်းကင်ကို ငေးကြည့်နေမိသည်။ သူမအရှေ့က သွားလာနေသည့် ဇွန်ဘီများကိုကြည့်ရင်း သူမအတွေးတစ်ခုရသွားသည်။ ‘ဒီဇွန်ဘီတွေဆီက ငါအဝတ်ဌားဝတ်လို့ ရသားပဲ!’
ထိုအတွေးဖြင့် သူမမျက်လုံးများသည် ဂါဝန်ရှည်ဝတ်ထားသည့် ဇွန်ဘီမတစ်ယောက်ဆီတွင် ရပ်သွားကာ သူမထံသို့ သွားလိုက်သည်။
“ဂါး. . .ဂါး. . .ဂါး” သူမပြောသည်က “ဟဲ့ ဟိုတစ်ယောက် ခနလေး”
ထိုဇွန်ဘီမသည် ကျိုးနေသည့် လည်ပင်းဖြင့် လင်းချင်းကို လှည့်ကြည့်လာသည်။ “ဂါး?”
လင်းချင်းက ထိုဇွန်ဘီမ၏ မီးခိုးရောင်ဖျော့ဖျော့မျက်လုံးများကို သူမ၏မည်းနက်နေသည့် မျက်လုံးများဖြင့်ကြည့်ကာ ပြောသည်။ “ဂါး. . .ဂါး. . .ဂါး. . .” သူမပြောသည်က ‘ငါ့ကိုအဝတ်လေး ဌားမလား?’
“ဂါး?” ထိုဇွန်ဘီမသည် ညဏ်ရှိပုံမရပေ။ ထို့ကြောင့် သူမ၏ဆိုလိုရင်းကို နားမလည်။
လင်းချင်းက ဇွန်ဘီမ၏အနားသို့သွားကာ အဝတ်များကို ဆွဲချွတ်ရန် လုပ်လိုက်သည်။
“ဂါး!” လန့်သွားသည့် ဇွန်ဘီမသည် လင်းချင်းမျက်နှာသို့ လက်သည်းများဖြင့် ကုတ်ခြစ်ရန်လုပ်သည်။ လင်းချင်က ရှောင်လိုက်ကာ ထိုဇွန်ဘီမခေါင်းကို ဖြတ်ရိုက်လိုက်သည်။
‘ဂျွတ်!’ ကျိုးနေသည့် ထိုဇွန်ဘီမ၏ခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
‘ဟင်! အယ်. . .ဘယ်လိုလုပ်ပြီးတော့ ပြုတ်ကျသွားရတာတုန်း! ခုနတုန်းက ခေါင်းနဲ့ကိုယ်က ဆက်နေတယ်လေ’ လင်းချင်းသည် သူမလက်ကိုသူမပြန်ကြည့်မိသည်။ ‘ငါကပဲ အရမ်းသန်နေတာလား? သူ့ခေါင်းကပဲ မမြဲတာလား?’
“ဒီဇွန်ဘီမကတော့ ခုနက ကောင်းကောင်းပြောနေတုန်း နားထောင်လိုက်ပေါ့။ ဒီအမကြီးကိုများ လာအရင်စတိုက်ရဲတယ်လို့” လင်းချင်းသည် စိတ်တိုစွာဖြင့် ဇွန်ဘီခေါင်းပြတ်ကို ခြေဖြင့်ပိတ်ကန်လိုက်သည်။
“ဒုန်း!” ဇွန်ဘီမ၏ ကိုယ်ကြီးသည်လည်း ပြုတ်ကျသွားလေပြီ။
လင်းချင်းသည် ဇွန်ဘီကိုယ်ဘေးတွင် ကုန်းပြီးအဝတ်ချွတ်ရန် ကြိုးစားသည်။ ‘ဟာ! ငါ့ဒူးက ကွေးမရတော့ပြန်ဘူး’ နောက်ဆုံးတွင်တော့ သူမသည် ထိုင်ချကာ အဝတ်ကိုချွတ်တော့သည်။ သူမသည် ခါးကိုမနည်းကုန်းကာ အဝတ်ကိုချွတ်လေသည်။ ကံကောင်းသည်က သူမ၏လက်ချောင်းတွေမှာ ကပ်မနေပေ။ ခက်ခက်ခဲခဲဖြင့် လင်းချင်းသည် ဇွန်ဘီမ၏ ဖုန်အပြည့်ဖြင့် မီးခိုရောင်ဂါဝန်ကို ဝတ်လိုက်နိုင်သည်။ ထိုအခါမှ သူမသည် အနည်းငယ်ကြည့်ရှုကောင်းသွားတော့သည်။
ထိုအချိန်တွင် လင်းချင်းသည် ဆွဲဆောင်မှုရှိသည့်အနံတစ်ခုကို ရလိုက်သည်။ ‘ငါဗိုက်အရမ်းဆာနေပြီ။ ဒီအနံအနောက်ကိုလိုက်ပြီးတော့ စားရမရသွားကြည့်ရမယ်’
ခက်ခက်ခဲခဲပြန်ထပြီးသည့်အခါ လင်းချင်းသည် လေးလံနေသည့်ခြေထောက်များဖြင့် တစ်လှမ်းချင်း သွားတော့သည်။ သူမသည် နှေးနေသဖြင့် အမြန်လှုပ်ရှားကြည့်သည့်အခါ ခြေထောက်များက မရပေ။ အတင်းလုပ်သည့်အခါ ကြမ်းပြင်ပေါ်သို့ လဲကျပြန်သည်။