၉။ ရန်သူရုတ်တရက် ပေါ်လာပြီ
ကုန်သိုလှောင်ရုံတစ်ခု၏ အမိုးထက်တွင် အရပ်ခြောက်ပေကျော်သည့် ယောက်ျားတစ်ယောက်ဟာ ရုပ်ဖျက်ထားသည့် စစ်ဝတ်စုံဖြင့် မှောင်မည်းနေသည့် ကောင်းကင်ကို မော့ကြည့်နေသည်။
ထိုအချိန်တွင် ဒီလိုစစ်ဝတ်စုံဖြင့် နောက်ယောက်ျားတစ်ယောက်က သူ့ဘေးသို့ ရောက်လာကာ “မင်းဒီမှာရှိမယ်လို့ ထင်သားပဲ။ လင်းလင်းကို စိတ်ပူနေတာ ငါသိပါတယ်။ ဒါပင်မယ့် မင်းအနားမယူတာ ကြာနေပြီ။ ခနလောက် သွားနားလိုက်ပါလားကွာ။ ကလေးကို ရှာမတွေ့ခင် အားကုန်နေဦးမယ်”
“လင်လင်းရှင်ဦးမလား ငါမသိရသေးဘူး! အဲ့ဒါကို ဘယ်လိုလုပ်ပြီး ငါအိပ်ပျော်မှာလဲ? အကုန်ငါ့အမှားပါ။ ငါသတိမထားမိလိုက်လို့ အဲ့ဒီမိန်းမက လင်းလင်းကို ခေါ်သွားတာ” ဝူချောင်းယွဲ့၏ ခန့်ညားသည့် မျက်နှာသည် ညို့မှိုင်းနေသည်။ သူ့၏လှပသည့် မျက်လုံးများသည် စိတ်ပူမှု၊ နောင်တ၊ နာကျင်မှုတို့နှင့်အတူ သတ်ချင်စိတ်က အရမ်းပြင်းပြနေသည်။
ရှောင့်ယွင့်လုံသည် သူ့ပုခုံးကို ပုတ်လိုက်ကာ “စိတ်မပူပါနဲ့ လင်းလင်းကိုယ်ပေါ်မှာ ယွဲ့ထားခဲ့တဲ့ အစေ့က မသေသေးဘူးဆိုတော့ အသက်ရှင်သေးတယ်။ ငါတို့ကြိုးကြိုးစားစားရှာပေးပြီး မင်းဆီကို သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်”
ဝူချန်းယွဲ့၏ မျက်နှာထားသည် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေကာ နားထင်မှာ သွေးကြောတွေ ထောင်ထလာပြီး သွားကိုကြိတ်ကာ “ငါအဲ့ဒီမိန်းမကို သတ်ပစ်မှာ! လင်းလင်းသာ တစ်ခုခုဖြစ်ကြည့် တစ်စစီကို ပိုင်းပစ်လိုက်မယ်!!!”
ကမ္ဘာပျက်ခေတ်ကြီးတွင် မုဒိန်းမှုနှင့် အုပ်စုဖွဲ့ကာ မုဒိန်းကျင့်မှုလို ဆိုးဝါးသည့်အရာများက အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည်။ အမျိုးသမီးများသည် ရှားပါးကာ အချို့ယောက်ျားများသည် သူ့တို့စိတ်ကိုမထိန်းနိုင်သဖြင့် အားသုံးကာ ဖြစ်တက်သည်။ ဒီကမ္ဘာတွင် အင်အားသည်သာ စည်းမျဉ်းဖြစ်သည်။ လူတိုင်းသည် ပြောရေးဆိုရေးရှိဖို့အတွက် ကိုယ့်အင်အားကိုသာ မှီခိုရသည်။
သို့သော်လည်း သူကတော့ မိန်းမတစ်ယောက်ဆီမှာ မုဒိန်းကျင့်ခံရသည်။ ဒါကိုတွေးလေလေ ဝူချန်းယွဲ့မျာ သတ်ချင်စိတ်ပိုပြင်းလာလေလေဖြစ်သည်။ သို့သော်လည်း သူမသိသည်က သူသတ်ချင်နေသည့် မိန်းမသည် ဇွန်ဘီအစာဖြစ်သွားကာ အခြားဝိညာဉ်တစ်ခုက ဝင်လာပြီး ဇွန်ဘီတစ်ကောင် ဖြစ်နေပြီ။
“အဲ့ဒီမိန်းမ ဝေးဝေးကို မရောက်ပါဘူး။ ဒီမြို့ထဲမှာပဲ ရှိဦးမှာပါ။ ငါတို့ရှာတွေ့မှာပါ” ရှောင်ယွင့်လုံက ပြောသည်။
ထိုအချိန်မှာ မြို့တစ်ဖက်တွင် လင်းချင်းသည် အရင်ကိုယ်၏ မှတ်ညဏ်များအရ ကလေးမလေးကို ဖွက်ထားသည့် နေရာကို ရှာနေသည်။ သူမသည် စွန့်ပစ်ထားသည့် သိုလှောင်ရုံသို့ ရောက်သည့်အခါ တံခါးနားတွင် အနံ့ခံကြည့်သည်။ သို့သော် ဘာကိုမှ အာရုံမခံမိပေ။
ဒါသည် ရေခဲရိုက်အသားများ သိမ်းရန်အတွက် အသုံးပြုသည့် သိုလှောင်ရုံဖြစ်သည်။ လျှပ်စစ်မီးမရတော့သဖြင့် ကမ္ဘာပျက်ကစကလေးက စွန့်ပစ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ဒီအဆောက်အဦးသည် ခိုင်ခံလွန်းသဖြင့် သာမန်ဇွန်ဘီများ ဖျက်စီးကာ ဝင်ရောက်၍ မရနိုင်ပေ။
ပြီးတော့လည်း လေလုံနေသေးသည်။ ထို့ကြောင့် လင်းချင်းသည် ကလေးမလေးမှာ ရက်တွေအကြာကြီးနေရတော့ အသက်ရှုကြပ်ပြီး သေသွားပြီလား စိတ်ပူလာသည်။
တံခါးဝတွင်ရပ်လျှက် သူမ၏ဇွန်ဘီမျက်ခုံးများကို ကျုံ့ထားမိကာ သူမ၏အိတ်ကပ်ထဲမှ သော့ကိုရှာလေသည်။ သို့သော်လည်း မတွေ့ပေ။ ‘သော့မရှိဘဲ ဘယ်လိုလုပ်ပြီးတော့ ဖွင့်ပေးရမလဲ?’
စိုးရိမ်နေသည့် လင်းချင်းသည် ဖြတ်သွားဖြတ်လာ ဇွန်ဘီများကို လျစ်လျူရှုကာ တံခါးဝတွင် စက်ဝိုင်းလို ပတ်လျှောက်နေမိသည်။ ညပိုင်းတွင် ဇွန်ဘီတွေက ပိုကြောက်ဖို့ကောင်းသော်လည်း မြင်နေကြသွားသည့်အခါ သူမကြောက်နေခြင်း မရှိတော့ပေ။
လင်းချင်းသည် နှစ်ပတ်လောက် ပတ်လျှောက်ပြီးသည့်အခါ သူမ၏နက်မှောင်တောက်ပြောင်သည့် လက်သည်းများကိုကြည့်ပြီး တံခါးကို ပြန်ကြည့်လိုက်သည်။ ‘လက်သည်းတွေနဲ့ ဖွင့်လို့ရလောက်မယ်မလား? သာမန်လူက သော့မရှိရင် ဖွင့်မရတော့ပင်မယ့် ငါကသာမန်လူမှ မဟုတ်တော့တာ’
သူမသည် လက်ကိုမြှောက်ကာ တံခါးကို လက်သည်းဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း မပေါက်။ သူမသည် လက်သည်းများဖြင့် ကုတ်ခြစ်နေသည်။ နောက်ဆုံးတွင်တော့ အားဘယ်လောက်ထည့်ထည့် တံခါးသည် ပွင့်မလာပေ။
ထိုအခါ လင်းချင်းသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ဒေါသထွက်ထွက်ဖြင့် ခေါင်းကိုကုတ်နေမိသည်။ ‘ဘယ်လိုလုပ်ရမလဲ? တံခါးမှဖွင့်မရတာ။ ဒီမှာ ပြတင်းပေါက်တွေလည်း ရှိမနေဘူး’
ထိုအချိန်တွင် အသံတစ်ခုကို သူမခပ်တိုးတိုး ကြားလိုက်ရသည်။ “ဒီလမ်းပဲ။ သူတို့တွေ မတွေ့ခင် ကလေးကို ငါတို့အမြန်ရှာရအောင်!”
‘လူတွေလာနေပြီ!’ လင်းချင်းသည် ချက်ချင်းထကာ အမှောင်ထဲက တံခါးအကွယ်တစ်ခုမှာ ပုန်းနေလိုက်သည်။
မကြာခင်မှာ အသံတွေကို ကြားလာရသည်။ “ဟိုမိန်းမက ဒီကိုရောက်လာပြီလား?”
“သူဒီဘက်ကို လျှောက်လာတာ ငါတွေ့ဖူးတယ်။ ကလေးက ဒီမှာရှိမရှိတော့ ငါလည်းသေချာမသိဘူး”
“ငါတို့လည်း နေရာတော်တော်များများ ရှာပြီးပြီ။ အဲ့ဒီခွေးမက ကလေးကို ဘယ်မှာဖွက်ထားလဲ မသိဘူးကွာ?”
“သတ်လိုက်ပြီလား?”
“မဟုတ်ဘူး! ကလေးက မသေသေးဘူးလို့ သတင်းရတယ်။ ဝူချန်းယွဲ့က ကလေးကို ရှာနေသေးတာကို မင်းမမြင်ဘူးလား?”
“ဒါပင်မယ့်. . .”
“ဒါပင်မယ့်တွေ လုပ်မနေနဲ့။ လူတစ်ယောက်ကို ဖွက်လို့ရမယ့် နေရာမျိုးတွေ သွားရှာ”
လင်းချင်းက အမှောင်ထဲကနေ ထိုလူသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့က သာမန်လူတွေနှင့် လုံးဝမတူပေ။ သူတို့သည် လုထန်ယုကို သတ်သွားသည့် သဘာဝလွန်အစွမ်းရှိသူတို့နှင့် တူနေသည်။ လင်းချင်းသည် ဒီလူများက ဇွန်ဘီတွေကို ရှောင်ရှားကာ တစ်ခုခုကို လိုက်ရှာနေခြင်းကို ပုန်းရင်း ကြည့်နေသည်။
ဒီလူတွေက ကလေးမလေးကို လိုချင်နေမည်ဟု သူမမထင်ခဲ့ပေ။ ထို့နောက် ဘာဖြစ်လို့ လိုက်ရှာနေသလဲ ဆိုသည်ကိုလည်း သူမမသိပေ။ သို့သော်လည်း သူတို့တွေက လူကောင်းပုံတော့ မပေါ်ပေ။
သူတို့တွေက သူမအား မလုံခြုံသလို ခံစားရစေသည်။ သူတို့တွေက သူမထက် ပိုသန်ပုံရသဖြင့် သူမသည် ထွက်မချရဲဘဲ ငြိမ်ငြိမ်လေး ပုန်းနေတာ ဖြစ်သည်။ သူမသည် ကလေးကိုဖွက်ထားသည့် နေရာအနားသို့ ရောက်လာခြင်းကို ကြည့်နေသည်။
“ဟင်? ဒီမှာအခန်းတစ်ခုရှိတယ်” လျန်ချောင်ယန်က ခုနတုန်းက လင်းချင်းရပ်နေသည့် နေရာရှေ့သို့ ရောက်လာကာ ပြောသည်။
လင်းယုံးက မျက်လုံးများ တောက်သွားပြီး “ဒါက လူဖွက်ဖို့ အကောင်းဆုံးပဲ။ ဇွန်ဘီတွေ ဖျက်လို့မရဘူး”
“ဟိုမိန်းမက ကလေးကို ဒီမှာဖွက်ထားတာလား?” လျူဟုန်ရှီက မေးသည်။
သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဖြစ်နိုင်သည်ဟု ခံစားလာရသည်။
“အထဲကိုဝင်ကြည့်ကြတာပေါ့” လင်းယုံးက ပြောသည်။
သူသည် စကားဆုံးသည်နှင့် လက်ကိုမြှောက်ကာ မီးထုတ်ပြီး တံခါးကိုပစ်လိုက်သည်။
လင်းချင်းသည် ငြိမ်ငြိမ်လေးသာ ကြည့်နေသည်။ လူငယ်နှစ်ယောက်ကတော့ တံခါးကိုကျောခိုင်းရင်း ဇွန်ဘီတွေကို ရင်ဆိုင်နေသည်။ သူတို့သည် ကပ်လာသမျှ ဇွန်ဘီတိုင်းကို တိုက်ခိုက်နေချိန်မှာ သက်လက်ပိုင်းလူကြီးက တံခါးသော့ကို ဖျက်နေသည်။
ဆယ်မိနစ်လောက် ကြာသည့်အခါ ဒီနေရာက ဇွန်ဘီများကို ဒီလူသုံးယောက်က ဆွဲဆောင်နိုင်သွားကာ ဇွန်ဘီတို့က အုံခဲလာပြီ။
“ဂါး. . .ဂါး. . .ဂါး. . .” ဇွန်ဘီများသည် လက်သည်းများကိုထုတ်၍ ဒီလူများကို ခုန်အုပ်ကာ ကိုက်ဖို့ ကြိုးစားနေကြသည်။ သို့သော်လည်း လင်းချောင်းယန်၏ ထက်လှသည့် ရေခဲများဖြင့် ထိုးခံရသလို လျူဟုန်ရှီ၏ စတီးတင်းပုတ်ဖြင့် ထုခံနေရသည်။
သို့သော်လည်း ဇွန်ဘီများက ပိုစုကာ ထိုနှစ်ယောက်သည် သိပ်မနိုင်ချင်တော့ပေ။ သို့သော်လည်း လင်းယုံးအား သူတို့ကိုကူညီပေးဖို့ မပြောရဲကြ။ ထို့ကြောင့် နောက်သို့တဖြည်းဖြည်း ဆုတ်လာသည်။
ထိုအချိန်တွင် တံခါးသည် ပူလွန်းသဖြင့် အရည်ပျော်လာကာ ပုံပျက်နေပြီ ဖြစ်သည်။ “ဒုန်း!” လင်းယုံးသည် တံခါးကိုခပ်ပြင်းပြင်းထိုးချလိုက်သည့်အခါ ပွင့်သွားသည်။
လင်းချင်းမှာ စိတ်ထဲကနေ ကျိန်ဆဲနေမိပြီ။ ကလေးကို သူတို့ခေါ်သွားကြမည်ကို သူမက လက်မခံနိုင်ပေ။ ကလေးက သူတို့လက်ထဲရောက်မှ တကယ်ကြီး သေသွားနိုင်သည်။ သို့သော်လည်း သူမသည် သူတို့အား တိုက်နိုင်မှာမဟုတ်ပေ။ ‘ဘယ်လိုလုပ်ရမလဲ?’
လင်းချင်းသည် တံခါးနားတွင် စုပြုံနေသည့် ဇွန်ဘီများကို ကြည့်ကာ အတွေးတစ်ခုရသွားသည်။ ဒီဇွန်ဘီတွေသာ ဒီသုံးယောက်ကို ဝိုင်းအမဲဖျက်ကြမယ်ဆိုရင်. . .
‘တိုက်! အကုန်လုံးသွားတိုက်ကြ!’ သူမသည် စိတ်ထဲကနေ အမိန့်ပေးလိုက်သည်။