၁၄။ အသံတိတ်ဆက်သွယ်ခြင်း
လင်းချင်းသည် စိတ်ပူကာ လူကတောင့်ခဲသွားသည်။ သူမဘယ်လိုလုပ်ရမလဲမသိသော်လည်း ကလေးမလေး၏အနားကို ကပ်မရတာတော့သိသည်။ သူမလုပ်နိုင်တာဟူ၍ အနောက်သို့ ခြေတစ်လှမ်းနှစ်လှမ်းလုပ်ကာ ဘယ်လိုတုန့်ပြန်မလဲ ကြည့်ရုံသာ ဖြစ်သည်။
သူမလုပ်ချင်သည်က ကလေးကို ရေကန်သို့ ခေါ်သွားကာ ရေသောက်စေချင်သည်။ သူမကိုယ်တိုင် ရေကန်ထဲမှာ ရေချိုးထားတော့ ရောဂါပိုးရှိမရှိ မသိပေ။ သို့သော်လည်း နယ်မြေထဲသို့ ကလေးမလေးကို ထည့်ထားတုန်းက သူမရေတိုက်လိုက်သေးသည်။ အခုအထိ ဘာမှမဖြစ်သောကြောင့် ရေသန့်ကြောင်း သေချာပြီ။
လင်းချင်းက နောက်သို့ဆုတ်လိုက်သည့်အခါ ဝူယွဲ့လင်း၏ မျက်လုံးများသည် တောက်ပလာသည်။ ခုနတုန်းက ကြောက်ရွံ့မှုနှင့် စိတ်အားငယ်ချင်းတို့က ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက် လင်းချင်းအား စပ်စုစိတ်ဖြင့်ပဲ ကြည့်နေသည်။
ကလေးများ၏ စိတ်အပြောင်းအလဲက တကယ့်ကို မြန်ဆန်လွန်းသည်။ လင်းချင်း၏ ကြောက်စရာ ဇွန်ဘီမျက်နှာကို စမြင်စဉ်တုန်းက သူမကြောက်သည်။ နှစ်ခါ သုံးခါမြင်နေရတော့ သိပ်မကြောက်တော့ပေ။ ထို့အတူ နောက်သို့ပြန်ဆုတ်သွားသည့်အခါ မေးခွန်းထွက်လာသည်။
‘ဇွန်ဘီက မစားသေးဘူးလား?’
ဝူယွဲ့လင်းသည် အရမ်းငယ်သေးသော်လည်း ဇွန်ဘီတွေကို မြင်ဖူးသည်။ သူမမြင်ဖူးသလောက် လူမြင်သည်နှင့် ဆိုးဆိုးဝါးဝါး တက်ကိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်သည်။ ထို့ကြောင့် အရမ်းကြောက်နေမိကာ စိတ်ဒဏ်ရာလို ဖြစ်နေခဲ့သည်။
‘ဇွန်ဘီက ဘာဖြစ်လို့ ခုန်မကိုက်သေးတာလဲ? အနားလာဖို့ ကြောက်သလိုမျိုး ဘာဖြစ်လို့ ရပ်နေတာလဲ?’
ဝူယွဲ့လင်း၏ ခေါင်းလေးထဲတွင် ဝေဝေဝါးဝါးဖြစ်လာသည်။ သူမသည် ဒီဇွန်ဘီကို သိပ်မကြောက်တော့သလိုလည်း ခံဏားရသည်။ အရင်တုန်းက သူမလန့်အော်လိုက်တုန်းက ဒီဇွန်ဘီလည်း ဆံပင်တွေ ထောင်မတက် လန့်ပြီးခုန်သွားတာကို သူမပြန်သတိရလိုက်သည်။
တစ်ဖက်တွင် လင်းချင်းသည်လည်း ဝူယွဲ့လင်း၏ အပြုအမူတိုင်းကို သတိထားကြည့်နေသည်။ ကလေးမလေး၏ ကြောက်နေသည့် မျက်နှာအမူအယာက စပ်စုနေသည့် ရုပ်ကလေးသို့ ပြောင်းသွားခြင်းကို သူမသတိထားမိလိုက်သည်။
‘ကလေးတွေရဲ့ စိတ်က တကယ်ထူးဆန်းတယ်!’
လင်းချင်းသည် စိတ်အေးသွားကာ သက်ပြင်းချမိသည်။ မကြောက်တော့ဘူးဆိုလျှင် ကိစ္စတွေက ပိုလွယ်လာမည်။ လင်းချင်းသည် ဝူယွဲ့လင်း၏စိတ်ကို ဖတ်နေရင်း အကြံတစ်ခုရသွားသည်။ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ကာ အတွေးများဖတ်နိုင်သည့် သူမသည် အခြားသူများကိုရော စိတ်ထဲကနေ ဆက်သွယ်ရမလား တွေးမိသွားသည်။
‘ဒီကလေးမလေးရဲ့ စိတ်ကိုဖတ်ရနေတာ ဆိုတော့ ငါ. . .’
ဒီဖြစ်နိုင်ချေကြောင့် လင်းချင်းသည် နှလုံးခုန်မြန်လာသလို ခံစားရသည်။ သို့သော်လည်း သူမ၏ နှလုံးက မခုန်သောကြောင့် ဒါကထင်ယောင်ထင်မှားဖြစ်ကြောင်း သူမသိပါသည်။ တွေးမိသည်နှင့် လင်းချင်းသည် ချက်ချင်းလုပ်လိုက်သည်။ ဝူယွဲ့လင်း၏ မျက်လုံးလေးထဲသို့ စိုက်ကြည့်ကာ မြက်ခင်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ အခုဆိုလျှင် နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
‘ဘာလုပ်နေတာလဲ? လာစားမှာတော့ မဟုတ်ဘူးမလား? မစားလောက်ဘူးမလား?’
ဝူယွဲ့လင်းသည် အန္တရာယ်ရှိသလို မခံစားရဘဲ သိချင်စိတ်တို့သာ ပြင်းပြနေသည်။ လင်းချင်းက ဘာမှမလုပ်ဘဲ ထိုင်နေသည့်အခါ ဒီအတွေးတို့က ပေါ်လာသည်။ လင်းချင်းကလည်း ဒီအတွေးများကို သေချာပေါက် ဖတ်ရသည်။ အသက်ငယ်ငယ်လေးသာရှိသည့် ကလေးတို့၏ အတွေးများက ဖုံးကွယ်၍မရဘဲ မျက်နှာပေါ်တွင် ပေါ်နေသည်။
နှစ်ယောက်ကြည့်ပြီးသည့်အခါ လင်းချင်းက နှုတ်ဆက်သလိုမျိုး ဝူယွဲ့လင်းအား လက်ပြလိုက်သည်။ ဝူယွဲ့လင်းကတော့ သူမဘာလုပ်နေမှန်းမသိကာ မျက်တောင်လေး ခတ်ရင်း ကြောင်သာကြည့်နေသည်။ သူမသည် လဲနေရာမှ ထလာကာ လင်းချင်းအား သတိအပြည့်ဖြင့် ထိုင်ကြည့်လာသည်?
“ဟာ? ဟာ?”
လင်းချင်းက ဝူယွဲ့လင်းအား လည်ချောင်းထဲက ငှက်အသံဖြင့် စကားစပြောသည်။ သူမပြောသည်ကတော့ “လင်းလင်း? လင်းလင်း?”
လင်းချင်းသည် စိတ်ထဲကနေ ကလေးမလေး၏ နာမည်ကို ပါးစပ်ကနေ ထုတ်ခေါ်လိုက်သည်။ သို့သော်လည်း သူမ၏ဇွန်ဘီလျှာက လေးနေကာ ထူးဆန်းသည် “ဟာ ဟာ”ဆိုသည့်အသံသာ ထွက်လာသည်။
ဝူယွဲ့လင်းကတော့ ဘာမှမလုပ်ဘဲ လင်းချင်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။ လင်းချင်းသည် ကြိုးစားခေါ်ကြည့်သော်လည်း ဝူယွဲ့လင်းက သူမအား ကြည့်ပဲနေသည့်အခါ သက်ပြင်းချလိုက်သည်။ သက်ပြင်းချသည်ကိုမြင်မှ ဝူယွဲ့လင်းက မျက်လုံးတောက်လာသော်လည်း လင်းချင်းကတော့ ရေကန်ဘက်သို့ လှည့်လိုက်သဖြင့် မမြင်လိုက်ပေ။
အတွေးဖြင့် ဆက်သွယ်၍ မရသည့်အခါ လင်းချင်းသည် အမူအရာဖြင့် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။ လင်းချင်းသည် ထလိုက်ကာ ရေကန်ဘက်သို့ သွားသည်။
ဝူယွဲ့လင်းကတော့ လင်းချင်းထလိုက်သည့်အခါ လန့်သွားပြန်သည်။ သို့သော်လည်း သူမဆီသို့ လာတာမဟုတ်ကြောင်း သိလိုက်ရသည်။ သူမသည် လင်းချင်းက ရေကန်ဘက်သို့သွားသည်ကို စိတ်ဝင်တစား ကြည့်နေသည်။
လင်းချင်းက ရေကန်နားသို့ ရောက်သည့်အခါ မြက်ရှည်ကြီးကိုခူးပြီး ပုစဉ်းရုပ်လေး ခေါက်လိုက်သည်။ သူမသည် အရွက်တွေ ထပ်ခူးကာ ကတော့လုပ်လိုက်ပြီးတော့ ရေခပ်ထည့်လိုက်သည်။ ကြည်လင်သန့်ရှင်းနေသည့် ရေကန်ထဲက ရေများက ကတော့ထဲကနေ စိမ့်မကျသည်ကို မြင်သည့်အခါ လင်းချင်းက ကျေနပ်သွားသည်။
ထို့နောက် လင်းချင်းသည် ရေကတော့နှင့် ပုစဉ်းအရုပ်လေးကို လက်တစ်ဖက်စီက ကိုင်ကာ ဝူယွဲ့လင်းဆီသို့ ပြန်လာသည်။ လင်းချင်းဘာလုပ်နေသလဲ စိတ်ဝင်စားနေသည့် ဝူယွဲ့လင်းက လင်းချင်းပြန်လာသည့်အခါ လန့်သွားပြီး နောက်သို့ဆုတ်မိလိုက်သည်။ ထို့ကြောင့် လင်းချင်းသည် ရှေ့သို့မတိုးတော့ဘဲ လက်နှစ်ဖက်ကိုသာ ဆန့်၍ ပေးလိုက်သည်။ ကလေးတွေက မြက်ရုပ်လေးတွေကို သဘောကျတက်သောကြောင့် ယူလိမ့်မည်ဟုသာ မျှော်လင့်နေရသည်။
လင်းချင်းသည် နယ်ဘက်တွင် ကြီးပျင်းလာရသည့်သူမလို့ အဖိုးက မြက်ရုပ်လေးတွေ ဘယ်လိုလုပ်ရမလဲ သင်ပေးဖူးသည်။ ဒါက ဒီနေ့လို ကလေးတစ်ယောက်အား ဆွဲဆောင်ရာတွင် အသုံးဝင်လာမည်ဟု သူမဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပေ။
ဝူယွဲ့လင်းအား ပုစဉ်းရုပ်ပြလိုက်သည့်အခါ သူမဆီမှ မနှစ်မြိုသည်တို့က မျက်လုံးထဲတွင် ပျောက်ကွယ်သွားကာ လင်းချင်းဆီသို့ ခြေနှစ်လမ်း မရဲတရဲဖြင့် တိုးလာသည်။ ကလေးထံမှ စိတ်ဝင်စားမှုရသည် လင်းချင်းသည် ရှေ့သို့တိုးလိုက်သည်။ ဒီတစ်ခါတော့ အရင်လို ကြောက်မနေဘဲ လင်းချင်းလက်ထဲက အရုပ်ကိုသာ ကလေးမလေးက အကြည့်မလွှဲနိုင်ပေ။
လင်းချင်းသည် ကလေးမလေးနှင့် တစ်မီတာလောက်အထိ တိုးသွားပြီးမှ ရပ်လိုက်သည်။ ဒီအကွာအဝေးဆိုလျှင် ကလေးမလေးလည်း လင်းချင်းလက်ထဲက အရုပ်ကို သေချာမြင်ရပြီ ဖြစ်ကာ လုံခြုံမှုလည်း နည်းနည်းရှိသလို ခံစားရမည် ဖြစ်သည်။