May Honey Logo May Honey
Previous Next

၁၇။ သန္ဓေပြောင်းနဲ့ သန္ဓေပြောင်း

မြက်ခင်းထဲသို့ လွှတ်လိုက်သည့် ယုန်သည်လည်း ဘာမှမဖြစ်သလို ခုန်ဆွခုန်ဆွဖြင့် ထွက်သွားကာ မျက်စိရှေ့က ပျောက်ကွယ်သွားသည်။

ဝူယွဲ့လင်းသည် မလှမ်းမကမ်းကနေ လင်းချင်းလုပ်သမျှကို ကြည့်နေခြင်း ဖြစ်သည်။ အစတုန်းက ဒီဇွန်ဘီ အမကြီးက ယုန်ပေါက်လေးကို စားတော့မည်ဟု ထင်ခဲ့ပြီး လန့်နေခဲ့သည်။ ထို့နောက် သူမထင်သလိုမဟုတ်ဘဲ စတော်ဘယ်ရီသီးကို ယုန်အားကျွေးနေကြောင်း မြင်လိုက်ရသည်။

သူမ၏အဖေပြောသည်မှာ ကမ္ဘာပေါ်က အပင်တိုင်းသည် အဆိပ်သင့်ကာ စားလို့ရသည်က သူတို့စခန်းတွင် ရှိသည်များသာ။ ပုံမှန်စတော်ဘယ်ရီသီးက ဒီထက်သေးသည်ကို သူမသိသည်။ ပြီးတော့ အရောင်ကလည်း ထူးဆန်းနေသည်။ သူမ၏အဖေပြောသည်က သန္ဓေပြောင်းအပင်တို့သည် အရောင်နှင့် အရွယ်အစား ပြောင်းလဲကုန်သည်။ ထို့ကြောင့် ဒါကသန္ဓေပြောင်းအသီး ဖြစ်လိမ့်မည်။

ထို့ကြောင့် ဒီဇွန်ဘီ အမကြီးက ယုန်လေးအား ကျွေးလိုက်သည့်အခါ လန့်သွားသည်။    ‘ယုန်လေးက သေတော့မှာလား? ယုန်လေးက ကြိုက်ပုံမရတာကို အတင်းထိုးကျွေးနေတယ်’   ဝူယွဲ့လင်းသည် ဇွန်ဘီကို ထပ်ကြောက်သွားပြန်သည်။ ထို့ကြောင့် လင်းချင်းက လှည့်ကြည့်သည့်အခါ သူမသည် စောင်ကိုခြုံကာ မီတာနှစ်ဆယ်လောက်အကွာသို့ လိမ့်လိမ့်လေး ပြေးသွားတော့သည်။

လင်းချင်းမှာ ဆွံ့အသွားပြန်သည်။ သူမလို ဇွန်ဘီတစ်ကောင်က ကလေးတွေ ဘာတွေးနေသလဲ နားလည်နိုင်မှာ မဟုတ်သဖြင့် မျက်လုံးကိုသာ လှန်လိုက်မိသည်။   ‘ကြောက်တယ်ဆိုရင်လည်း ဘာဖြစ်လို့ ငါ့အနားကို လာနေသေးလဲ?’  
ယုန်ထွက်ပြေးသွားပြီးနောက် လင်းချင်းသည် နာရီဝက်လောက် ထပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမဖဲ့ထားသည့် သန္ဓေပြောင်း စတော်ဘယ်ရီကို ကိုင်ကာ ရေကန်နားသို့သွား၍ ရေဆေးလိုက်သည်။ 

ရေဆေးပြီးနောက် စားရန် သွားဖြင့် ကိုက်ခါနီးတွင် သူမရပ်သွားသည်။ ထူးဆန်းနေသောကြောင့် မစားသေးဘဲ နှာခေါင်းအနားသို့ကပ်ကာ အနံ့ခံကြည့်သည်။ ပုပ်သိုးနေသည့် အနံ့သည် ပျောက်ကွယ်သွားကာ အနံ့ချိုချိုလေးသာ ကျန်နေတော့သည်။
‘ဟင်? အပုပ်နံ့မရှိတော့ဘူးလား?’

လင်းချင်းသည် ထပ်ခါထပ်ခါ အနံ့ခံကြည့်သော်လည်း ပုပ်သိုးသိုးအနံ့က တကယ်မရှိတော့ပေ။
‘ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ?’

သူမသည် ခေါင်းရှုပ်သွားသော်လည်း ပျော်လာသည်။ အခုဆိုလျှင် စတော်ဘယ်ရီက အနံ့ဆိုးမရှိတော့သဖြင့် ပိုစားချင်စရာ ဖြစ်လာသည်။ သူမသည် ချက်ချင်းတစ်ကိုက်ကိုက်ကာ စားကြည့်သည်။ သူမသည် ဇွန်ဘီဖြစ်၍ အရသာမသိသော်လည်း ခံစားမှုတော့ ရှိသေးသည်။ စတော်ဘယ်ရီသီးသည် ပုံမှန်အသီးထက် ပိုလက်ဆက်ပြီး အရည်ရွှမ်းကာ နူးညံ့နေသည်။

လင်းချင်းသည် အရသာကို မခံစားနိုင်သဖြင့် စိတ်ပျက်ကာ သက်ပြင်းချလိုက်သည်။ စတော်ဘယ်ရီက အဆိပ်ရှိရှိ မရှိရှိ သူမသည် ဇွန်ဘီဖြစ်နေသောကြောင့် အဆိပ်မသင့်နိုင်ပေ။ သူမသည် ပိုးကူးခံရပြီ ဖြစ်သဖြင့် အသီးထဲကပိုးလောက်ကို မဖြုံပေ။ သို့သော်လည်း အနံ့ပြောင်းသွားသဖြင့် အနည်းငယ်တော့ စိုးရိမ်မိသည်။ ယုန်၏အခြေအနေကို စစ်ဆေးပြီးမှ သူမထပ်စစ်ဆေးကြည့်ရမည်။

ယုန်သည်လည်း သန္ဓေပြောင်းဖြစ်သော်လည်း အပင်တွေနှင့် မတူပေ။ သန္ဓေပြောင်းအကောင်များသည် ပိုးမရှိပေ။ ဇွန်ဘီဖြစ်သွားသည့် သတ္တဝါတို့၏ကိုယ်တွင်သာ ပိုးရှိခြင်း ဖြစ်သည်။ ယုန်လေးလိုမျိုး သန္ဓေပြောင်းအကောင်တို့သည် သဘာဝလွန်အစွမ်းရှိသူများလို အချို့အပိုင်းတွေသာ ပြောင်းလဲသွားခြင်းဖြစ်ကာ ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တို့က မပြောင်းလဲပေ။ သွေးသည်လည်း အရင်လိုလတ်ဆက်နေဆဲပင်။ ကွာခြားသွားသည်က သူတို့၏ စွမ်းရည်များ မြင့်တက်သွားခြင်းသာ။

ဝူယွဲ့လင်းသည် အဝေးကနေ လင်းချင်းက စတော်ဘယ်ရီသီးစားသည်ကို ကြည့်နေသည်။ ဇွန်ဘီက ပိုးမကူးနိုင်ကြောင်း သူမသေချာသိသော်လည်း အနည်းငယ်တော့ သူမစိတ်ပူနေမိသည်။

‘ဇွန်ဘီအနေနဲ့ လူသားတွေကို စားသင့်တာမလား? တွေ့သမျှလူတိုင်းကို လိုက်ခုန်အုပ်နေရမှာလေ?’   ဝူယွဲ့လင်းသည် ငယ်သေးသော်လည်း မတုံးပေ။ ဒီကမ္ဘာပျက်ခေတ်တွင် မွေးဖွားလာကာ သူမ၏အဖေက သင်ကြားပေးသဖြင့် ဒီကမ္ဘာအကြောင်းကို နားလည်လေသည်။   ‘ဗိုက်ဆာနေတာမလား? ဒါဆိုရင် ဘာဖြစ်လို့ ငါ့ကိုမစားဘဲ စတော်ဘယ်ရီသီးကြီး ထိုင်စားနေတာလဲ?’

ညဏ်ကောင်းသည့် ဝူယွဲ့လင်းသည် သူမ၏ကလေးအတွေးဖြင့် လင်းချင်းအပြုအမူတို့ကို မနည်းစဉ်းစားနေရသည်။   ‘လူကြီးတွေဆိုရင်လည်း ဒီဇွန်ဘီ  အမကြီး လုပ်နေတာတွေကြောင့် ခေါင်းရှုပ်မှာပါပဲနော်! သက်ရှိလူသားကို တစ်ယောက်ထဲပစ်ထားပြီး စတော်ဘယ်ရီသီးစားနေတဲ့ ဇွန်ဘီကို မြင်ဖူးကြလို့လား? အသိညဏ်ရှိတဲ့ ဇွန်ဘီလည်း လူသားစားချင်စိတ်ကို ပြင်လို့မရဘူးမလား? ရတာများလား? ဒီစတော်ဘယ်ရီသီးစား ဇွန်ဘီအမကြီးက ဘာကြီးလဲ?’

ဝူယွဲ့လင်းက လင်းချင်းအား ခေါင်းရှုပ်စွာ ကြည့်နေစဉ်တွင် လင်းချင်းကတော့ သူမ၏သံသယကို စူးစမ်းလို့သာ နေသည်။ သူမပြန်ရှင်လာတည်းက ထူးဆန်းတဲ့အရာရာတိုင်းကြောင့် သူမသည် အမြဲတမ်း မသိခြင်းတို့သာ များနေသည်။ သူမသည် တစ်ခုခုကိုမလုပ်ခင် ပတ်ဝန်းကျင်အနေအထားကို ခေါင်းထဲတွင် စွဲနေအောင် မှတ်လေ့မှတ်ထရှိသည်။ ထို့ကြောင့် သူမခေါင်းထဲတွင် ရှိသည်နှင့် အခုအနေအထားကို ပြန်ခွဲခြားကြည့်နေမိသည်?

လင်းချင်းသည် ဝူယွဲ့လင်းတွင် ပုံမှန်မဟုတ်သည်ကို သိသွားပြီ။ အရင်တုန်းက ကလေးမလေးသည် အားနည်းကာ ငတ်မွတ်နေခဲ့တာ ဖြစ်သည်။ အခုတော့ မစားရ မသောက်ရသည့် ကလေးလို မဟုတ်ဘဲ သာမန်ကလေးလိုပင်! အခုအချိန်တွင် ဝူယွဲ့လင်းသည် ၇မီတာ ၈မီတာ အကွာမှာ ရှိနေသော်လည်း မျက်နှာကို သူမရှင်းလင်းစွာ လှမ်းမြင်နေရသည်။ ဖြူဖပ်ကာ အားပျက်နေသည့် မျက်နှာလေးသည် အခုတော့ စိုပြေကာ စပ်စုနေနိုင်သေးသည်။ စိတ်ပျက်အားငယ်ခြင်းတို့လည်း မရှိတော့ပေ။

ကလေးတွေက ရာသီဉတုလို ခန့်မှန်းမရအောင် ပြောင်းလဲနိုင်ကြောင်း လင်းချင်းသိပါသည်။ သူတို့သည် ရယ်လွယ် ငိုလွယ်လွန်းကြသည်။ ခုနတုန်းက ကြောက်ပြေးသွားသည့် ကလေးမလေးသည် အခုတော့ စပ်စုချင်စိတ်ဖြင့် အနားသို့ ပြန်ရောက်လာပြန်သည်။ လင်းချင်းက ဒီကလေးမလေး ဘာတွေဖြစ်နေလဲ နားမလည်နိုင်ပေ။ သေတော့မလား စိုးရိမ်ခဲ့ရသည့် ကလေးမလေးသည် အခုတော့ အကောင်းအတိုင်း သူမ၏အရှေ့တွင် ရှိနေသည်။   ‘နင်ငါ့မြက်ပုစဉ်းရုပ်လည်း ယူထားပြီးပြီနေဟယ်။ ငါ့ကိုကြောက်နေတုန်းပဲလား?’

ဒီကလေးမလေးက ညဏ်ကောင်းသည်ကိုတော့ သူမသိသည်။ ဒီကလေးမလေးက သူများပြောသမျှကို မယုံတက်ပေ။ 

လုထန်ယု၏ မှတ်ညဏ်များအရ ဝူယွဲ့လင်းသည် လုထန်ယုကို မုန်းသည်။ အစတုန်းက သူမသည် မယုံသော်လည်း လုထန်ယုက ဝူချန်းယွဲ့နှင့် ယန်ချောင်တို့၏ လျို့ဝှက်ချက်များကို အသုံးချကာ လှည့်စားနိုင်ခြင်း ဖြစ်သည်။ ဝူယွဲ့လင်းသည် သံဿယအပြည့်ဖြင့် လုထန်ယုအနောက်သို့ လိုက်လာကာ အခြေအနေမမှန်သည်နှင့် ပြန်လှည့်ပြေးရန် ကြိုးစားခဲ့သေးသည်။ လုထန်ယုက မေ့မျောအောင် ရိုက်ချခဲ့လို့သာ ပြန်ပေးဆွဲခံလိုက်ရခြင်းပင်။

Previous Chapter 17 of 20 Next