၁၉။ ဇွန်ဘီအမြူတေမှ စွမ်းအင်
လင်းချင်းသည် ဒီဇွန်ဘီကို ပြန်စိုက်ကြည့်လိုက်သည်။ အခုမှ ဒီနေရာတွင် အခြားဇွန်ဘီများ ဘာကြောင့်မရှိသလဲဆိုသည်ကို သူမသိသွားပြီ။ အခြားဇွန်ဘီများသည် အသတ်ခံရခြင်း သို့မဟုတ် ကြောက်၍ထွက်ပြေးကုန်ကြတာ ဖြစ်နိုင်သည်။ အဆင့်နိမ့်ဇွန်ဘီများသည် အဆင့်မြင့်ဇွန်ဘီများကို ကြောက်ရွံ့မည်မှာ ပုံမှန်ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီတစ်ကောင်ရှိည့်နေရာသည် သူ့ပိုင်နက်လိုဖြစ်နေကာ အဆင့်နိမ့်ဇွန်ဘီတို့က ဖြစ်နိုင်သလောက် ရှောင်ကျဉ်ကြသည်။ အသိညဏ်ရှိ ဇွန်ဘီတစ်ကောင်၏ ဦးနှောက်သည် ငါးနှစ်မှ ဆယ်နှစ်ကလေးလောက် ညဏ်ရည်ဖြစ်သည်။ ဘယ်လိုချောင်းတိုက်ရမလဲ သိနေသဖြင့် အတော်ညဏ်ကောင်းနေပြီ။
လင်းချင်းသည် ပတ်ဝန်းကျင်အခြေအနေကို လေ့လာနေစဉ် အသိညဏ်ရှိဇွန်ဘီသည် သူမ၏အရှေ့သို့ ရုတ်တရက်ရွေ့လာသည်။ ကွေးနေသည့် ခြေထောက်များကို အားယူကာ လင်းချင်းအား အရှိန်မြင့်စွာ ခုန်အုပ်လိုက်သည်။ သူ့၏သွားများကိုလည်း ဖြဲထားကာ တောက်ပကာ ထက်ရှသည့် လက်သည်းများကိုလည်း ထုတ်ထားသည်။ အဆင့်မြင့် ဇွန်ဘီများ၏ လက်သည်းသည် စိန်လိုမာကျောကြောင်းကို လင်းချင်းကလည်း သူမတွင်ရှိသောကြောင့် သိလေသည်။
ရန်သူက ရုတ်တရက် အမြန်တိုက်ခိုက်သည့်အခါ လင်းချင်းသည် သူမ၏ကိုယ်ကို ရှောင်လိုက်ကာ ပြန်ထိုးလိုက်သည်။ ဒါက ဇွန်ဘီ၏တုံ့ပြန်မှုမဟုတ်ဘဲ သူမ၏အရင်တုန်းက တိုက်ခိုက်ရေးအကျင့်များကြောင့် ဖြစ်သည်။ ကံကောင်းသည်က သူမ၏တုံ့ပြန်မှုသည် မြန်ဆန်လွန်းသဖြင့် အသိညဏ်ရှိဇွန်ဘီ၏ မျက်နှာကို ထိုးချမိသွားသည်။
“ဘန်း!”
အသိညဏ်ရှိဇွန်ဘီသည် ဘေးသို့လွင့်ထွက်သွားကာ ၇မီတာ ၈မီတာလောက်က နံရံကိုတိုက်မိသည့်အထိ ပျံထွက်သွားသည်။ ထိုသို့လဲသွားရာမှ ဇွန်ဘီသည် လက်ကိုအားပြု၍ ပြန်ထကာ လင်းချင်းအား ပြန်ခုန်အုပ်ရန်ပြင်သည်။ သို့သော်လည်း သူ့၏မျက်လုံးထဲတွင် စိတ်ရှုပ်မှုတို့က ထင်းနေသည်။ လင်းချင်းသည် သူ့လောက် အဆင့်မမြင့်သေးသလို သူ့လောက်အားရှိမှာလည်း မဟုတ်သဖြင့် ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။ သို့သော်လည်း သူသည်အထိုးခံလိုက်ရကာ ပျံတောင်ထွက်သွားသေးသည်။
“ဝူး!!!”
အသိညဏ်ရှိ ဇွန်ဘီသည် လည်ချောင်းကိုခြစ်ကာ အော်လိုက်သည်။ ထိုအသံက နားထောင်လို့မကောင်းကာ အဆင့်မြင့်သူမှ အဆင့်နိမ့်သူအား ဖိနှိပ်သည့်လေသံမျိုး ဖြစ်သည်။ သူ့ကိုမနာခံပါက အပြစ်ပေးခံရမည်ဆိုသည့် ခြိမ်းခြောက်သံမျိုး ဖြစ်သည်။
ထိုအော်သံသည် အခြားဇွန်ဘီများအပေါ် အသုံးဝင်သည်။ အဆင့်နိမ့်ဇွန်ဘီများသည် ဒီအသံကြားပါက အရှုံးပေးကာ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။ ဇွန်ဘီသည် လင်းချင်းအား ဒီလိုနည်းဖြင့် ဖိနှိပ်နေခြင်း ဖြစ်သည်။
သို့သော်လည်း လင်းချင်းသည် မကြားသလိုပင် သူ့အားတိတ်ဆိတ်စွာ ဖြစ်နေသည်။ သူမသည် ဇွန်ဘီကို ပျံထွက်အောင် ထိုးလိုက်သည့် သူမ၏လက်များကို ဖြန့်လိုက်ဆုပ်လိုက်ဖြင့် တအံ့တသြကြည့်နေ၍ မအားသေးပေ။ ‘လက်သည်းတွေ မထုတ်ရသေးတာတောင် လက်သီးတစ်လုံးက တော်တော်သန်တာပဲ’
သူမသည် အသိညဏ်ရှိ ဇွန်ဘီလို လှုပ်ရှားမှုတို့က မနှေးပေ။ တစ်ချက်ထိုးပြီးသည်နှင့် လင်းချင်းသည် သူမ၏တိုက်ခိုက်ရေးကို ယုံကြည်မှုရှိသွားသည်။ သူမသည် အသိညဏ်ရှိဇွန်ဘီအား ကြည့်ကာ ရုတ်တရက် နှုတ်ခမ်းတစ်ဖက်သည် ကွေးတက်သွားသည်။
ထို့နောက် သူမအော်လေသည်။
“ဂါး!!!”
သူမ၏အော်သံသည် နက်ရှိုင်းကာ အသိညဏ်ရှိဇွန်ဘီထက် ပိုစူးလေသည်။ ဒါက တမင်ရန်စနေတာပဲ ဖြစ်သည်။
‘နင်ကများ ငါ့ကိုကိုက်ချင်သေးတယ် ဟုတ်လား? လာစမ်းပါ! နင်တက်နိုင်သလောက် လာတိုက်လေ! ဘယ်လောက်တောင်တော်နေသလဲ ကြည့်ရသေးတာပေါ့!’
လင်းချင်းထင်သလိုပင် အသိညဏ်ရှိဇွန်ဘီသည် သူမအော်သံကို ကြားသည်နှင့် ဒေါသထွက်သွားသည်။ ရန်စသည့် သူမ၏အော်သံက မြင့်သဖြင့် ဇွန်ဘီသည် ခံလိုက်ရသလို ဆိုးဆိုးဝါးဝါးခံစားလိုက်ရသည်။
“ဂါး!” ထိုဇွန်ဘီသည် အကျယ်ကြီးအော်ပြီးနောက် ခြေနှစ်ဖက်ဖြင့် အရှိန်ယူကာ သူမအား အရင်ကထက် ပိုမြန်မြန်ခုန်အုပ်လာသည်။
ဒေါသထွက်နေသည့် ခွေးလိုခုန်အုပ်သည်ကို ကြည့်နေရင်း လင်းချင်းသည် ခြေထောက်တစ်ဖက်ကို ဆုတ်ထားသည်။ သူမ၏အားများကိုထည့်ကာ လူကိုကွေးရင်း လက်ကိုလည်း ပြင်ထားသည်။ ဇွန်ဘီရောက်လာသည်နှင့် သူမသည် အားဖြင့် စိုက်ထိုးချလိုက်သည်။
“ဒုန်း!!!”
ဇွန်ဘီသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ဇွန်ဘီသည် လင်းချင်းအပေါ်က ခုန်အုပ်ကာ ခြေထောက်ဖြင့် ညှပ်ကာဖမ်းဖို့ တွေးထားတာဖြစ်သည်။ ဒီလိုမျိုး ပြောင်းပြန်ဖြစ်ကာ အထိုးခံရမည်ဟု မထင်ခဲ့ပေ။ ဒီထိုးချက်ကြောင့် တစ်ကိုယ်လုံးကာ အရိုးများကျိုးကြေသွားသလို သူမခံစားလိုက်ရကာ လန့်သွားသည်။
လင်းချင်းသည် ဒီထိုးချက်အတွက် အားအများကြီးသုံးခဲ့တာ ဖြစ်သည်။ ဇွန်ဘီက ပြုတ်ကျသွားသည့် အသံကိုကြားသည်နှင့် ဆိုးဆိုးဝါးဝါးခံရမည်ကို သိလေသည်။ သို့သော်လည်း သူမသည် မရပ်တန့်နိုင်ပေ။ လက်သည်းများကိုထုတ်ကာ ဇွန်ဘီ၏ခေါင်းကို ထိုးဖောက်လိုက်သည်။
“ဂါး!!!” ဇွန်ဘီသည် သူ့ခေါင်းကို လင်းချင်းမဖောက်မှီ တစ်ချက်သာ အော်လိုက်နိုင်သည်။
ဦးနှောက်အပိုင်းအစများကာ ပြန့်ကျဲသွားခြင်းနှင့်အတူ လက်မအရွယ် အစိမ်းရောင် ကျောက်တစ်ခုက ထွက်လာသည်။ လုထန်ယု၏ မှတ်ညဏ်များအရ လင်းချင်းသည် အရောင်အလိုက် အမြူတေတို့၏ အဆင့်ကွာခြားပုံနှင့် လုပ်ဆောင်ချက်တို့ကို သိပြီးသား ဖြစ်သည်။ သူမသည် ဇွန်ဘီအမြူတေ၊ သန္ဓေပြောင်းသတ္တဝါတို့၏ အမြူတေနှင့် လူသားတို့၏ အမြူတေတို့ကို စုပ်ယူနိုင်သည်။
ဒါက သူမဖတ်ဖူးသည့် ကမ္ဘာပျက်ခေတ်အကြောင်း စိတ်ကူးယဉ်ဝတ္တုများလို ခံစားရသည်။ အဆင့်နိမ့်ရာမှ မြင့်ရာသို့စဉ်လျှင် အဖြူရောင်၊ ကြည်လင်နေသည့်အရောင်၊ မီးခိုးရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်တို့ ဖြစ်သည်။ ပုံမှန်ဇွန်ဘီ၏ အမြူတေအရောင်သည် အဖြူရောင်ဖြစ်ကာ အမြင့်ဆုံးအဆင့်ကိုး သဘာဝလွန်ဇွန်ဘီသည် အနက်ရောင်ဖြစ်သည်။
သူမသည် ဦးနှောက်စများကိုဖယ်ကာ အမြူတေကို ယူလိုက်ပြီး လက်သည်းဖြင့် တောက်လိုက်သည်။ ဇွန်ဘီအမြူတေသည် အပူလောင်စေသော်လည်း သူမအတွက်တော့ မမူပေ။ ထို့နောက်တွင် လက်သည်းမှတစ်ဆင့် တစ်ကိုယ်လုံးသို့ အပူတစ်လှိုင်းက ခေါင်းမှခြေအထိ ခြေကနေ ခေါင်းအထိ တစ်ပတ်လည်အောင် ဖြတ်စီးသွားသည်။
ထိုအပူလှိုင်းသည် မရပ်မနားစီးဆင်းနေသည်။ အစတုန်းက ထိုလှိုင်းရောက်ရာတွင် စပ်ဖျင်းဖျင်းဖြစ်သော်လည်း နှိပ်ပေးနေသလို သက်သောင့်သက်သာရှိကာ လန်းဆန်းသွားသည်။ သူမ၏ချွေးပေါက်များပွင့်သွားသလို ခံစားပြီးသည့်နောက် သူမလက်ထဲမှ အစိမ်းရောင် အမြူတေသည်လည်း ပျောက်ကွယ်သွားသည်။
အပူလှိုင်းရပ်သွားမှ လင်းချင်းသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ ဒီစွမ်းအင်ဖြင့် အားဖြည့်ပြီးသည့်အခါ သူမ၏တစ်ကိုယ်လုံးပေါ့ပါးသွားကာ သူမ၏လက်သည်းများသည် ပိုတောက်ပလာသည်။ သူမသည် လက်သည်းများကို ပြန်သုံးကာ လက်သီးထိုးကြည့်သည်။ သူမ၏အင်အားက ပြောင်းလဲသလို မခံစားရပေ။
ဇွန်ဘီအမြူတေသည် စွမ်းအင်အရင်းအမြစ်ဖြစ်ကာ စွမ်းအင်များ သိုလှောင်ထားသဖြင့် တကယ်ကောင်းသည်။ ထို့ကြောင့် အသိညဏ်ရှိဇွန်ဘီက အခြားအဆင့်နိမ့်များကို လိုက်တိုက်နေသည်မှာ မထူးဆန်းပေ။ သို့သော်ည်း အသိညဏ်ရှိဇွန်ဘီများသည် လူသားတို့၏ အမြူတေကို ပိုနှစ်ခြိုက်ကြသည်။