May Honey Logo May Honey
Previous Next

အပိုင်း(၁)

ဒီဇာတ်လမ်းသည် ကူးပြောင်းလာသည့် အရံဇာတ်ကောင်က မသေမျိုးနတ်ဖြစ်အောင် ကျင့်ကြံသွားသည့် အမျိုးအစားမျိုး ဖြစ်သည်။ ဒီကမ္ဘာက မူလဇာတ်လိုက်မသည် ရှလျန်ဖြစ်သည်။ သူမသည် သာမန်မိသားစုက ဖြစ်သည်။ သူမတွင် အံ့ဩဖွယ်ကောင်းသည့် အရည်အချင်းများရှိကာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ရှိရုံတင်မကဘဲ ထူးကဲသည့် နားလည်သဘောပေါက်မှုရှိကာ ကျင့်ကြံနှုန်းကလည်း လျင်မြန်သည်!

ပါရမီရှင်တို့အတွက် အခြေခံအုတ်မြစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် အနည်းဆုံး အချိန် ၁၀နှစ် ကျင့်ကြံရသည်။ သို့သော်လည်း ရှလျန်ကတော့ အသက် ၆နှစ်အရွယ်တွင် အောင်မြင်စွာ ကျင့်ကြံနိုင်ပြီဖြစ်၍ သူမ၏ကျင့်ကြံမှုသည် ဒုံးပျံစီးသကဲ့သို့ပင်။ သူမသည် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန်အတွက် အချိန် ၅နှစ်သာ ယူခဲ့ရသည်။ ဒါသည် ကောင်းကင်ဘုံထံမှ ကောင်းချီးများအပြည့် ရရှိထားသည့် သမီးတော်လေးပင်!

ရှလျန်တွင် ရှယုဟုခေါ်သည့် အမြွာညီမရှိသည်။ ထိုညီမသည် သွေးသားတော်စပ်သော်လည်း ပြိုင်ဘက်ဖြစ်သည်။ ရှယု၏ အရည်အချင်းများသည် ရှလျန်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားသည်! ရှယု၏ စိတ်ဝိညာဉ်အမြစ်သည် ရှုပ်ထွေးသည့် စိတ်ဝိညာဉ်အမြစ် ဖြစ်သည်။ သူမက ဘယ်လောက်ကြိုးစားပါစေ သူမ၏ဘဝတွင် အခြေခံအုတ်မြစ်တောင် တည်ဆောက်နိုင်ဖို့ မဖြစ်နိုင်ပါ။ ရှလျန်နှင့်ယှဉ်လျှင် သူမသည် ဖုန်မှုန့်တစ်မှုန်သာဖြစ်ချိန်တွင် ရှလျန်ကတော့ ဇာမဏီငှက်တစ်ကောင် ဖြစ်၍နေသည်!

ထို့ကြောင့် ရှလျန်သည် မိသားစုတစ်ခုလုံး၏ ဂုဏ်ဖြစ်၍ မိသားစုအကြီးအကဲများ၏ မျှော်လင့်ချက်ထားရသူဖြစ်ကာ သူတို့၏စိတ်ထဲတွင် နတ်ဘုရားမပင်! သို့သော်လည်း ရုပ်ရည်ချင်းတူသည့် ရှယုကတော့ မိသားစုတွင် ကိုယ်ပျောက်လူသားလို ဖြစ်နေသည်။ ဘယ်သူကမှ ဂရုမစိုက်ပါ။ လူတိုင်းက အထင်သေးသည်။ သူတို့၏မိဘများကိုယ်တိုင်တောင် စိတ်ထဲတွင် ရှလျန်သာရှိသည်။ ရှယုကိုတော့ မြင်တောင် မမြင်ချင်ကြပေ။ သူတို့အားလုံးက သူမ၏အပေါ်တွင် အေးစက်ကြသည်!

သို့သော်လည်း ရှလျန်၏ သူ့အမြွာညီမအပေါ် စစ်မှန်သည့်အချစ်ကြောင့်သာ ရှယုသည် လုံခြုံစွာ ကာကွယ်ခံထားရသည်။ မဟုတ်လျှင် သူမသည် ဒီမိသားစုတွင် ရှင်သန်နိုင်မည် မဟုတ်ပါ! ထို့ကြောင့် ရှယုသည် အစ်မဖြစ်သူအပေါ်တွင် သူမ၏ခံစားချက်တို့က ရောထွေးနေသည်။ မလိုလားမှုတို့နှင့်အတူ မနာလိုမှုကရှိနေသော်လည်း သူမ၏ကမ္ဘာတွင် ရှလျန်သာရှိ၍ ရှလျန်ကသာ သူမအား စစ်မှန်စွာဆက်ဆံသဖြင့် သူမကို မှီခိုအားထားရသည်။ သို့သော် သူမကို မနှစ်သက်သလို သူမအား ရွံရှာမိသည်!

မူလဇာတ်ကြောင်းတွင် ရှယုသည် အောင်မြင်စွာ မကျင့်ကြံနိုင်ပေ။ မိသားစု အကြီးအကဲများထံတွင် အပြစ်ပုံချခံရ၍ တောထဲသို့ ထွက်ပြေးရာ မိစ္ဆာတစ်ကောင်နှင့်တွေ့၍ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကာ နောက်ဆုံးတော့ သေဆုံးသွားခဲ့သည်!

သို့သော်လည်း အရာအားလုံးက ပြောင်းလဲသွားခြင်းမှာ မိန်းမတစ်ယောက်က ဝိညာဉ်ကူးပြောင်းလာ၍ ဖြစ်သည်! ထို ‘ရှယု’သည် မသေသွားသလို ကောင်းကင်ဘုံဆန့်ကျင်၍ ကျင့်ကြံခြင်းစနစ်ဟူသည့် ရွှေလက်ချောင်းကြီးတစ်ခုလည်း ရရှခဲ့သည်။

ထိုစနစ်သည် ၉၉၅၇တို့လို ဉာဏ်ရည်တုမျိုး မဟုတ်သော်လည်း အကြမ်းဖျင်းပုံစံမျိုး ဖြစ်သည်။ တာဝန်များကို ပေးအပ်၍ ရှယုကို အမှတ်များရစေသည်။ ထိုအမှတ်များဖြင့် မျိုးစုံသော အရည်အချင်းများ၊ နတ်ဆေးများ၊ ဂါထာများနှင့် ဆန်းကျယ်မှုမျိုးစုံကို လဲလှယ်နိုင်သည်!

ရွှေလက်ချောင်းကြီးရရှိသည်နှင့် ရှယု၏ မူလဒဏ်ရာများက သက်သာသွားသည်။ ရှလျန်ကတော့ သူမ၏ဒဏ်ရာကို စိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် ရှလျန်သည် သူမ၏ တောင်းဆိုမှုတိုင်းကို ဖြည့်စည်းပေးခဲ့ကာ စနစ်၏တာဝန်တို့ကို ပြီးမြောက်စေ၍ အမှတ်များ ယူပေးသလို ဖြစ်သွားခဲ့သည်!

ရှယုသည် အမှတ်များကိုစုဆောင်း၍ သူမ၏ခန္ဓာကိုယ်ကို ပြုပြင်ချင်ခဲ့သည်။ ရှုပ်ထွေးသည့် စိတ်ဝိညာဉ်အမြစ်ကို စိတ်ဝိညာဉ်အမြစ်နှစ်သွယ် သို့မဟုတ် ကောင်းကင်ဘုံစိတ်ဝိညာဉ်အမြစ် အဖြစ်သို့ ပြောင်းလဲချင်ခဲ့သော်လည်း မသေခင်အချိန်အထိ ရှာနိုင်မည့်အမှတ်တို့ထက် ပိုများသည်။ သို့သော်လည်း စနစ်က သူမအား နောက်ထပ်နည်းလမ်းတစ်ခုကို ပံ့ပိုးခဲ့သည်။ ထိုနည်းလမ်းသည် ကောင်းမွန်သည့် ခန္ဓာကိုယ်သို့ ဝိညာဉ်ကူးပြောင်းခြင်းပင် ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ ဝိညာဉ်ကူးပြောင်းခြင်းသည် အိမ်တစ်အိမ်ကို ကိုယ်တိုင် မတည်ဆောက်ဘဲ ဆောက်ပြီးသားအိမ်ကို ဓားပြတိုက်၍ တက်နေထိုင်ခြင်းနှင့် တူသည်။ ထိုရွေးချယ်မှုတွင် ရှယု၏ လိုအပ်ချက်များနှင့် ရှလျန်က ကိုက်ညီသည်!

ကူးပြောင်းလာသည့် ရှယုသည် တက္ကသိုလ်ကျောင်းသူသာဖြစ်၍ အကျင့်စရိုက်က အရမ်း မဆိုးသွမ်းခဲ့ပါ။ သို့သော်လည်း အစပိုင်းတွင်သာ ဖြစ်သည်။ ရှလျန်က ပို၍ပို၍ တိုးတက်လာချိန်တွင် သူမက ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ဖို့တောင် ခက်ခဲနေသည်။ ထိုအခါ ရှလျန်ကို မနာလိုဖြစ်လာ၍ သူမ၏ ကျေးဇူးတရားများကို မလိုလားတော့ပေ!

ရှလျန်က တိုးတက်လာသည်နှင့် သူမသည် မိသားစု၏ အတွင်းအိမ်တော်သို့ ဖြည်းဖြည်းချင်း ဝင်ရောက်နိုင်ကာ ကောင်းကင်ဘုံ၏ချစ်သားဖြစ်သည့် ချီယန်အိမ်တော်မှ ချောမောလှပ၍ ထူးချွန်သည့် လင်းဇယ်နှင့် တွေ့ဆုံခဲ့သည်။ ဒါသည် ဤကမ္ဘာ၏ အမျိုးသားဇာတ်လိုက်ပင်!

အမျိုးသားဇာတ်လိုက်သည် ရှလျန်ကို သဘာဝကျစွာ ချစ်မြတ်နိုးသဖြင့် ရှလျန်၏ ညီမဖြစ်သူ ရှယုအား အစ်မဖြစ်သူကို ချစ်မြတ်နိုးစိတ်ဖြင့် သူမကိုလည်း ကောင်းမွန်စွာ ဆက်ဆံပေးသည်! ဤကဲ့သို့ ထူးချွန်သည့်လူထံတွင် ညင်သာစွာဆက်ဆံခံရသည့်အခါ ရှယုသည် လင်းဇယ်ကို မချစ်မိဘဲ မနေနိုင်တော့ပေ။ အစ်မဖြစ်သူ၏လူဖြစ်ကြောင်းကို သိသော်လည်း သူမသည် အချစ်နွံထဲသို့ ပို၍ပို၍ကျဆင်းလာကာ ရှလျန်အပေါ်ထားသည့် မနာလိုစိတ်တို့က ပို၍ ပြင်းထန်လာသည်။

နောက်ဆုံးတော့ ရှယုသည် ဝိညာဉ်ပြောင်းဖို့ ရွေးချယ်လိုက်သည်။ ရှလျန်၏ ဝိညာဉ်ဖြင့် ပြောင်း၍ ရှလျန်၏ ခန္ဓာကိုယ်ကိုသိမ်းယူကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်အမြစ်နှင့် ထူးခြားသည့် ခန္ဓာကိုယ်ကို ရရှိသွားသလို အမျိုးသားဇာတ်လိုက်ကိုလည်း သေချာပေါက် ရရှိသွားသည်!  

ကျေးဇူးရှင်ကို ကျေးစွပ်မိသည့် အပြစ်မကင်းသည့် စိတ်ကြောင့်လား အခြားစိတ်တစ်ခုခုကြောင့်လား သေချာမသိသော်လည်း သူမသည် ရှလျန်ကို မသတ်ဘဲ အကျဉ်းချထားလိုက်သည်! ရှလျန်အား နေ့တိုင်းတွင် နာရီဝက်နာကျင်စေမည့် အဆိပ်ကို ကျွေးထားကာ သူမကတော့ ရှလျန်၏ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်အမြစ်ကို အသုံးပြု၍ ကျင့်ကြံကာ ရှလျန်ကို စိတ်ပျက်ပြား၍ မသေအောင် လုပ်ထားသည်!

ရှလျန်၏ အရည်အချင်းများနှင့် ကောင်းကင်ဘုံဆန့်ကျင်မည့်ရွှေလက်ချောင်းကြောင့် ရှယု၏ ကျင့်ကြံရေးလမ်းသည် ချောမွေ့သထက် ချောမွေ့လာကာ စိတ်ဝိညာဉ်သားရဲမျိုးစုံကို သိမ်းပိုက်နိုင်၍ မိစ္ဆာကမ္ဘာကို တိုက်ခိုက်ကာ နာမည်ကြီးသထက်ကြီးလာသည်။ မဟာယာန အဆင့်ကိုရောက်၍ ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်အချိန်အထိ သူမ၏ ခြေထောက်အောက်တွင် ရှယုကို နှစ်၂ရာခန့် နင်းခြေထားသည်။

ထိုအချိန်တွင် သူမအတွက် မျှော်လင့်ချက်မဲ့စေသည့် နောက်ထပ်အမျိုးသားတစ်ဦးဖြစ်သော ကျန်းဝူချင်းကို တွေ့ဆုံခဲ့ရသည်။ ကျန်းဝူချင်းသည် နတ်ဂိုဏ်းတို့၏ ဂိုဏ်းချုပ်ဖြစ်သည်။ ကောင်းကင်ထက်တွင် ကောင်းကင်ကိုးခုရှိသည်ဟု ပြောသည့်အတိုင်း ထိုလူသည် လူတိုင်း၏ လေးစားအားကျခြင်းကို ခံရသူဖြစ်သည်။

သို့သော်လည်း ရှယုကတော့ သူ့ကိုသွားမြူဆွယ်သည်။ အငြင်းခံလိုက်ရသည့်အခါ ကျန်းဝူချင်း၏ တပည့်နှင့် အီစီကလီလုပ်၍ ကျန်းဝူချင်းအား မည်သည့်အစွမ်းမှ သုံးမရဘဲ ကျင့်ကြံ၍မရအောင် လုပ်လိုက်သည်။ ထို့နောက် ကျန်းဝူချင်းကို ထောင်ချထား၍ သူမကို လက်ခံအောင် အကြပ်ကိုင်သည်! သို့သော်လည်း ကျန်းဝူချင်းသည် သူမအား ထူးမခြားနား ပြုမှုဆဲပင်။ လုံးဝမလှုပ်သလို သူမအား အကြည့်တစ်ချက်တောင် မစွန့်ကြဲပါ!

နှစ်၂ရာခန့် ချောမွေ့စွာ အဆင်ပြေလာသည့် ရှယုသည် အခြားသူများ၏ ပုန်ကန်မှုအပေါ် သည်းမခံနိုင်ဖြစ်လာကာ မာနကြီးလာသည်။ ထို့ကြောင့် ကျန်းဝူချင်း၏ ကျင့်စဉ်တို့ကို ဖျက်စီး၍ သူ့ဂိုဏ်းသားတိုင်းကို သူ့အနားတွင် ဖမ်းထားသည်။ ကျန်းဝူချင်း၏ အရှေ့တွင် သူတို့ကို သေသည့်အထိ နှိပ်စက်ပြသည်!

နောက်ဆုံးတွင်တော့ အမုန်းတရားတို့ကြောင့် ကျန်းဝူချင်းသည် နတ်ဘဝမှ မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွား၍ ရှယုထံမှ ထွက်ပြေးလွတ်မြောက်သွားသည်။ လက်စားပြန်ချေရန် ၁၀နှစ်တောင် မကြာဘဲ ပြန်ရောက်လာ၍ နတ်နှင့် မိစ္ဆာတို့ကြားက စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင် ရွှေလက်ချောင်းရှိသည့် ရှယုနှင့် သူမ၏ယောက်ျား၇ယောက်တို့သည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ၍ ကျန်းဝူချင်းသည်လည်း အသတ်ခံလိုက်ရသည်။ သို့သော်လည်း ကျင့်ကြံခြင်းကမ္ဘာသည် ပျက်စီးလုမတက်ဖြစ်ကာ ဝိညာဉ်စွမ်းအားက နည်းပါးလာသည်။ ကမ္ဘာက ပျက်စီးတော့မှာ ဖြစ်သည်!

တာဝန်ဇာတ်ကြောင်းကို မြင်သည့်အခါ ရှလျန်သည် ပထမဆုံးအကြိမ် ဒုက္ခရောက်သွားသည်။ ဒီတာဝန်က သူမအတွက် ခက်ခဲလွန်းသည်! ဒီတစ်ခေါက် သူမသည် မူလဇာတ်လိုက် ဖြစ်လာသည်။ အခုအချိန်တွင် နှစ်ပေါင်း၂ရာ အကျဉ်းချခံထားရသည့်သူ ဖြစ်နေသည်။ ထို့အတူ အစွမ်းကြီးသူ ဖြစ်လာရန်လည်း မကျင့်ကြံနိုင်ပေ!

အခုအချိန်တွင် ရှယုသည် ကျန်းဝူချင်းနှင့် သူ့ဂိုဏ်းသားများကို အကျဉ်းချထားပြီ ဖြစ်သော်လည်း သေအောင်နှိပ်စက်သည့်အထိ မဖြစ်သေးပါ!

ရှလျန်တွင် ဒီတစ်ခေါက် တာဝန် ၂ခုရှိသည်။   ၁။ ကူးပြောင်းလာသည့် အမျိုးသမီးဇာတ်လိုက်အတုအား ပါးဖြတ်ရိုက်၍ မူလဇာတ်လိုက်မကို ကယ်တင်ပါ။   ၂။ မသေမျိုးနှင့်မိစ္ဆာတို့ကြားစစ်ပွဲကို တားဆီး၍ ကမ္ဘာပျက်စီးခြင်းမှ ကာကွယ်ပါ။

ထိုတာဝန်နှစ်ခုလုံးသည် အခုအကျဉ်းချခံရ၍ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်သည့် ရှလျန်အတွက် ကောင်းကင်ဘုံကို တက်ခိုင်းသည့်အတိုင်း ခက်ခဲလွန်းသည်!	
Previous Chapter 23 of 42 Next