May Honey Logo May Honey
Previous Next

အပိုင်း (၅)

ကျန်းဝူချင်းသည် ခနအေးခဲသွားပြီးနောက် သူ့ရင်ထဲတွင် အနည်းငယ် ယားယံလာသည်။ သူမ၏ မျက်လုံးများထဲမှ သူ့အပေါ် ယုံကြည်မှုနှင့် မျှော်လင့်နေမှုတို့က ဖြူစင်လွန်း၍ ချစ်ဖို့ကောင်းနေကာ သူမ၏ဆံပင်ကိုထိ၍ ဒီလိုရိုးသားဖြူစင်မှုတို့ကို ကာကွယ်ချင်စိတ် ပေါက်လာသည်။ သို့သော်လည်း သူ့နှလုံးသားအောက်ခြေက အမှောင်ထုသည် ထိုဖြူစင်မှုများကို အမှောင်ခြမ်းသို့ပြောင်းပစ်၍ သူနှင့်အတူ ချောက်ထဲသို့ ဆွဲချချင်သည်!

ကျန်းဝူချင်းသည် ထိုဆန့်ကျင်ဘက်အတွေးနှစ်ခုကို ခေါင်းထဲမှ ထုတ်လိုက်သည်။ ကာကွယ်ခြင်းဖြစ်စေ ဖျက်စီးခြင်းဖြစ်စေ တူညီနေသည်မှာ သူမကို ချုပ်နှောင်ထားရန်သာ! ဒါကို တွေးမိ၍ ကျန်းဝူချင်းသည် သူ့နှုတ်ခမ်းထောင့်များကို ညင်သာစွာအပေါ်သို့တင်လိုက်၍ ဆွဲဆောင်မှုရှိသည့် အပြုံးပေါ်လာသည်။   “ဒီအရှင်ရဲ့ အစေခံဖြစ်လာဖို့ တံဆိပ်ခတ်။ အမြဲတမ်း ငါ့ဘေးမှာနေ။ ငါ့အမိန့်တွေကို နာခံ! သဘောတူရင် ကူညီပေးမယ်!”

ဒါကိုကြားသည့်အခါ ရှလျန်သည် မျက်မှောင်ကျုံ့လိုက်၍ ခနတာတွေးတော၍ မေးသည်။   “အနာဂတ်မှာ ရှင်ဘယ်တော့မှ မိစ္ဆာလမ်းစဉ်ကို မကျင့်ကြံဘူးလို့ ကတိပေးမယ်ဆိုရင် ကျွန်မ သဘောတူမယ်!”   အကယ်၍ ကျန်းဝူချင်းသာ မိစ္ဆာလမ်းမရောက်လျှင် နတ်နှင့်မိစ္ဆာတို့ကြားတွင် စစ်ပွဲဖြစ်မည့် အကြောင်းအရင်း မရှိတော့ပါ။ သူမက အစေခံဖြစ်သွားလျှင်တောင်မှ သူမ၏တာဝန်က အောင်မြင်နိုင်သည်ဟု ခံစားရသည်။

“မင်းက အခုငါ့ကို တောင်းဆိုနေရတာ။ ဒီအရှင်နဲ့ ပြန်ညှိနှိုင်းဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ?”   ကျန်းဝူချင်းသည် လှောင်ရယ်သလိုထပ်၍ပြုံးကာ အခိုင်အမာပြောသည်။

ရှလျန်၏မျက်ခုံးတို့က ပို၍ကျုံ့လာကာ နှုတ်ခမ်းကိုကိုက်၍ ခေါင်းမာဆဲပင်။   “ကျွန်မက ရှင့်ကိုကယ်ထုတ်နိုင်တယ်။ ဒါဆိုရင် ရှင်မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံဖို့မလိုတော့ဘူး!”

“ဒီအရှင်ရဲ့ဗီဇက ကောင်းတာ မကောင်းတာကို ဂရုစိုက်မနေမှတော့ မိစ္ဆာဖြစ်သွားလည်း ဘာအရေးလဲ? အကြောင်းပြချက်ပေး”   ကျန်းဝူချင်းသည် သူမကို ချော့မော့ပြောနေပုံပေါ်၍ ပြောသည်။   “ကျေနပ်စေမယ့် အဖြေကိုပေးနိုင်ရင် မင်းရဲ့တောင်းဆိုမှုကို တွေးပေးမယ်”

ရှလျန်သည် သူမ၏နှုတ်ခမ်းထောင့်ကို သွားဖြင့်ကြိတ်ရင်း တွေးနေပြီးနောက် ပြောသည်။   “ရှင်ဒီကမ္ဘာကို ဖျက်စီးပစ်မှာကို ကျွန်မ မလိုချင်လို့”   ပြောပြီးသည့်နောက် ရှလျန်သည် စိတ်ထဲတွင် မတင်မကျဖြစ်သွားသည်။ ဒီအကြောင်းပြချက်က ကိုးရိုးကားယားနိုင်သည်! သူ့ကို သိမ်းသွင်းဖို့ ခက်နိုင်မည်မလား?

သို့သော်လည်း ဒီကိုးရိုးကားယားနိုင်သည့် အကြောင်းပြချက်က ကျန်းဝူချင်း၏နားထဲတွင် မိုးကြိုးပစ်ချသံကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ ဒီမိန်းမက မမျှော်လင့်ဘဲ. . . ။ သူ့အတွေးများကို တစ်ကြိမ်သိလျှင် တိုက်ဆိုင်မှုတစ်ခုသာ။ ဒုတိယအကြိမ် သိနေလျှင် ဘာဖြစ်မည်နည်း? သူ့ရင်ထဲ အနက်ဆုံးအတွေးများကို သူကိုယ်တိုင်ကလွဲ၍ ဘယ်သူမှမသိနိုင်ဟု ယုံကြည်ထားသည်။ ဒီတစ်ကြိမ်လည်း သူမက ထပ်ပြောလာပြန်သည်။

ကျန်းဝူချင်းအတွက် ဒီကမ္ဘာကြီးက အရမ်း ပျင်းဖို့ကောင်းလွန်းသည်။ ဒီကမ္ဘာတွင် သူ့ကို စိတ်ဝင်စားစေမည့်လူ သို့မဟုတ် အရာရှိမနေမှ ဘာဖြစ်လို့ တည်ရှိနေသေးသနည်း? ပျက်စီးသွားစေချင်သည်။ ဟုတ်ပါသည်။ သူသည် ဒီလိုမျိုး ယုတ်မာသည့်လူတစ်ယောက်ဖြစ်သည်။

လူတိုင်းက မော်ဖူးကြည့်ရ၍ အားကျရသည့် မသေမျိုးဘုရင်တစ်ပါးကဲ့သို့ နှစ်ရာချီ သရုပ်ဆောင်ပေးနေသော်လည်း သူ့ရင်ထဲတွင်တော့ ကမ္ဘာကိုဖျက်စီးပစ်ချင်သည့် ဗီလိန်အကြီးစား ဖြစ်နေသည်။ ရှယုထံတွင် အဖမ်းခံလိုက်ရခြင်းသည်လည်း သူလျှောက်လုပ်နေရသည်ကို ပျင်းလာ၍ ဖြစ်သည်။ နတ်ဂိုဏ်းချုပ်အဖြစ် လုပ်ကိုင်နေရသည်ကို လုံလောက်အောင် ပျင်းနေသဖြင့် ဒီအခြေအနေကို အသုံးချ၍ နောက်တစ်နေရာကို ပြောင်းဖို့လုပ်နေခြင်းဖြစ်သည်။

“ဒီအကြောင်းပြချက်ကြောင့် ယုံမယ်ထင်လား?”   ကျန်းဝူချင်းက စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနေပြီဖြစ်သော်လည်း သူမကို စိတ်ဆိုးနေသည့်အတိုင်း မေးဆဲပင်။   “ဘယ်လိုဖြစ်လို့ ဒီလိုထင်ရတာလဲ?”

“အလိုလိုသိစိတ်အရပါ”   ရှလျန်က ပြန်ဖြေ၍ တိတ်နေသည်။ ဘယ်လိုရှင်းပြရမလဲ သူမက မသိ၍ဖြစ်သည်။ ဆက်ရှင်းပြလေလေ သူမက အမှားတွေပြောနိုင်လေလေပင်။

သို့သော် ကျန်းဝူချင်း၏အမြင်အရ သူ့မကောင်းသည့်စိတ်တို့ကို သူမက သိနေပြီဖြစ်၍ သူ့ဘက်က သဘောတူပေးမည်ဟု သေချာနေပြီး အကြောက်အလန့်ကင်းမဲ့နေပုံ ဖြစ်နေသည်။ ဒါပဲ! ဒီလိုမျိုး သူစိတ်ဝင်စားသည့်လူနှင့်တွေ့ဖို့က ရှားပါးသည်။ အခု သူမနဲ့ တွေ့နေမှတော့ သူမကို မငြီးငွေ့ခင်အထိ ကမ္ဘာဖျက်မည့်ကိစ္စကို ခနဘေးဖယ်ထား၍ ရသေးသည်။ အဘယ်ကြောင့်ဆိုသော် သူနှစ်သက်ရသည့် အရုပ်တစ်ခုကို ရလိုက်သလိုဖြစ်သည်။

“ကတိပေးတယ်”
ကျန်းဝူက ခေါင်းငြိမ့်သည်။ မဲ့ပြုံးတစ်ခုဖြင့် ရှလျန်ကို လက်ညိုးကွေးပြပြီး ခေါ်၍ပြောသည်။
“ဒီကိုလာ။ ကိုယ့်ကို အရှင်လို့ခေါ်ကြည့်”

“အရှင်”   ရှလျန်၏မျက်နှာသည် အမှုအယာကင်းမဲ့နေသည်။ သူ့စနောက်နေခြင်းတို့ကို မသိသည့်အတိုင်းပင်။

ကျန်းဝူချင်းက မျက်ခုံးပင့်လိုက်သည်။ သူ့နားထဲတွင် နားဝင်ချိုနေသည်။ ကြားရတာ မဆိုးပါ! တစ်ခုတည်းသောပြစ်ချက်သည် သူမ၏မျက်နှာထက်တွင် ဘာအမှုအယာမှ မရှိခြင်းပင်။ မှိုင်းနေသည့် မျက်နှာက ဆွဲဆောင်မှုရှိမနေပါ။ သို့သော်လည်း ကျန်းဝူချင်းသည် သူ့အား ဆွဲဆောင်ဖူးသည့်မိန်းမများ၏ပုံစံကို ပြန်တွေးမိသည့်အခါ ရှလျန်က သူ့မျက်လုံးထဲတွင် ကြည့်ပျော်ရှုပျော်ရှိသည်! သူ့ဆုံးဖြတ်ချက်က မှန်ပုံရသည်။ သူ့အစေခံ အသစ်စက်စက်လေးသည် ပျော်ဖို့ကောင်းမည့်ပုံပင်။ သူမနှင့်အတူရှိမည့် အနာဂတ်က အရမ်းပျင်းဖို့ မကောင်းနိုင်ပါ!

9957 က ရှလျန်၏ အသိစိတ်ပင်လယ်ထဲတွင် အော်နေသည်။
“လျန် ဘာဖြစ်လို့ နင့်ကိုယ်နင် နှာဘူးကောင်ကြီးဆီမှာ ရောင်းစားလိုက်တာလဲ? ဒီလူက တကယ့်ကို ဗီလိန်ကြီးကို! သူ့နောက်လိုက်ရုံနဲ့ မူလဇာတ်လိုက်ကို ကယ်နိုင်မှာလား? နင်က ပြဿနာပိုများအောင် လုပ်နေတာပဲ။ တာဝန်ကို အောင်မြင်နိုင်တာ သေချာလို့လား?”

ရှလျန်က ပြောသည်။   “သူမရှိရင် တာဝန်က မအောင်မြင်နိုင်ဘူး!”   တာဝန်တွင် ကန့်သတ်ချက်များရှိသောကြောင့် ရှလျန်သည် ဇာတ်လိုက်မအတုကို တန်ပြန် တိုက်ခိုက်မရပါ။ ကိုယ်တိုင်မလုပ်နိုင်သဖြင့် ဇာတ်ကြောင်းထဲက လုပ်နိုင်ရည်ရှိသည့် ဇာတ်ကောင်ကိုသာ လွှမ်းမိုးရတော့မည်။

ဤကမ္ဘာတွင် ကျန်းဝူချင်းအပြင် အခြားအရည်အချင်းရှိသည့် အမျိုးသားများရှိသော်လည်း သူတို့သည် ရှယု၏စကပ်အောက်သို့ ရောက်နေသည်။ ထိုလူများဖြင့် ရှယုကို တန်ပြန်တိုက်ဖို့က ပို၍ခက်ခဲလိမ့်မည်။ ဒီတာဝန်ကို အောင်မြင်ရန် ရှလျန်၏ တစ်ဦးတည်းသောတွဲဖက်သည် ကျန်းဝူချင်းသာ ရှိသည်။ နှာဘူးအကြီးစားကြီးဖြစ်သော်လည်း သူမသည် သူနှင့်ပူးပေါင်းရမည်!

သို့သော်လည်း 9957၏ စိုးရိမ်မှုတို့ကိုကြားသည်နှင့် ရှလျန်လည်း စိတ်ပူလာသည်။ သူမက အစေခံဖြစ်သွားရာ ဘာလုပ်ရတော့မည်နည်း? အခုထက်ပိုဆိုးသွားပါက မူလဇာတ်လိုက်ကို ဘယ်လိုလုပ်၍ ကယ်တင်ရပါတော့မည်နည်း?

ကျန်းဝူချင်းသည် ရှလျန်က မျက်မှောင်ကျုံ့၍ တွေးနေသည်ကိုမြင်သည့်အခါ စိတ်ထဲတွင် မကျေနပ်ဖြစ်၍ အမိန့်စပေးသည်။   “မင်းဘာတွေကို တွေးနေတာလဲ? ပြောစမ်း”   ကျန်းဝူချင်းသည် သူမ၏အတွေးတို့ကို ထိန်းချုပ်ချင်သည်။ သူ့ကိုပဲ အရာအားလုံးတွင် နာခံစေချင်သည်။ သူမ၏ အရာအားလုံးက သူ့အပိုင်ဖြစ်သည်။ အခု သူမက သူ့အစေခံဖြစ်၍ ဒီလိုပဲ ဖြစ်နေရမည်။

“ကျွန်မကို အကျဉ်းချထားမှာလား?”   ရှလျန်က လေးနက်စွာမေးသည်။ မူလဇာတ်လိုက်၏ အဆိုးဝါးဆုံး နှိပ်စက်ခံရမှုသည် အကျဉ်းချခံရ၍ ဖြစ်သည်။ အကယ်၍ ကျင်းဝူချင်းက ဒီလိုဆက်ဆံမှုမျိုးကိုလုပ်လျှင် ပိုဆိုးမည်။ မူလဇာတ်လိုက်ကို မကယ်တင်နိုင် ဖြစ်လိမ့်မည်။

ကျန်းဝူချင်းက မျက်ခုံးပင့်မိသည်။ သူမက သူ့ကိုသူငြီးငွေ့သွားမည်ကို စိတ်ပူနေပြီလား!   “မင်းအမှားမလုပ်သ၍ ကိုယ်ကမလုပ်ပါဘူး! နာခံမှုရှိရင် ဆုချပေးမယ်! လာစမ်းပါ”

ကျန်းဝူချင်းသည် လက်ညိုးကိုကွေး၍ ရှလျန်ကို ထပ်ခေါ်ပြန်သည်။ အရှင်သခင်ကောင်း အနေဖြင့် သူ့အစေခံကို ထိန်းချုပ်နိုင်ရမည်။ သူမက သူ့ကိုကြောက်မသွားအောင် အရမ်း ကြမ်းတမ်း၍ မရပါ။ သူ့စကားကို နားမထောင်ခြင်းမျိုးမဖြစ်ရန် အာဏာအရမ်းပြ၍လည်း မဖြစ်ပေ။

 ရှလျန်က လျှောက်လာသည်။ သူ့အနားကိုရောက်သည်နှင့် သူမ၏လက်ကိုဆွဲကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ရှလျန်သည် အလိုလိုရုန်းမိသော်လည်း သူကအလွယ်လေး တားလိုက်၍ နားအနားသို့ကပ်၍ နူးညံ့စွာပြောသည်။   “လိမ္မာစမ်းပါကွာ။ ငြိမ်ငြိမ်နေ။ ကိုယ်မင်းကို တံဆိပ်ခတ်ပေးမယ်”   ဒီလိုပြောရင်းဖြင့် ရှလျန်၏လည်ပင်းကိုလက်လှမ်းကာ ဆံပင်တို့ကို နောက်သို့ဖယ်လိုက်သည်။ သူမ၏ဖွေးဥသည့် အသားအရည်ကပေါ်လာ၍ ခေါင်းကိုဖြည်းဖြည်းချင် ငုံ့လိုက်သည်။  
Previous Chapter 27 of 42 Next