အပိုင်း (၁၈)
ရှလျန်သည် သူ့ကြောင့် လန့်သွားကာ ခေါင်းငြိမ့်၍ ခပ်အုပ်အုပ်ဖြေသည်။ “လွမ်းတယ်”
“ဟား ဟား . . .” ကျန်းဝူချင်းသည် မရယ်ဘဲ မနေနိုင်ပါ။ သူ့ရယ်သံထဲက အပျော်တို့ကို ဖုံးကွယ်မရပေ။ ကြားရသည့် လူတိုင်းအတွက် သူ့ရယ်သံသည် ကူးစက်စေကာ သူနှင့်အတူပျော်ရွှင်၍ မပြုံးဘဲ မနေနိုင်ပါ။
“ဒီနေ့ အရမ်းကိုလိမ္မာနေတာပါလား။ ဒီအရှင်က ဆုလိုချင်လို့လား?” ကျန်းဝူချင်းသည် ရှလျန်မတုန့်ပြန်နိုင်ခင် သူမကိုဖက်၍ ခန်းမထဲသို့ ဆွဲခေါ်သွားကာ ပြောသည်။
ရှလျန်သည် သဘာဝကျစွာ သူ့လည်တိုင်ကို လက်ဖြင့်တွယ်ဖက်ထား၍ ယှဉ်ပြိုင်နိုင်သူ မရှိအောင် ချောမောသည့် မျက်နှာကို ငေးကြည့်နေကာ ပြောသည်။ “ပြောစရာရှိလို့ ရောက်လာတာပါ”
“ကိုယ့်ရဲ့လျန်က ကိုယ့်ကိုလွမ်းကြောင်း လာပြောတာလား?” ကျန်းဝူချင်းက သူမကိုငုံ့ကြည့်သည်။ ဇာမဏီမျက်လုံးတို့က ကျဉ်းမြောင်းနေ၍ အမှောင်ထုက အနည်းငယ်ရှိနေသဖြင့် ရှလျန်သည် ဖိအားများသွားသည်။ အရင်အတွေ့အကြုံများအရ သူမက ငြင်းဆန်လိုက်ပါက အပြစ်ပေးခံရတော့မှာ ဖြစ်သည်။
“လွမ်းလို့ လာတွေ့တာပါ။ တခြားမရှိပါဘူး” ရှလျန်သည် ချက်ချင်းခေါင်းခါ၍ ပြောရသည်။ ကျန်းဝူချင်းနှင့် အတူရှိနေပြီးနောက် သူမသည် အချို့စကားများကို နားလည်လာပြီး အချို့အလိမ်အညာများကို တက်နေပြီ။ အပြစ်ပေး မခံရရန် သူမသည် မုသားအနည်းငယ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။ မှားသွားသည်က မရှိသဖြင့် သူမသည် ကျန်းဝူချင်းကို လှည့်စားနိုင်လောက်သည်။
သေချာတွေးကြည့်လျှင် ဒါသည် အလိမ်အညာတစ်ခုတော့ မဟုတ်ပါ။ ရှလျန်သည် ကျန်းဝူချင်း ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲ သေချာမသိပါ။ သို့သော်လည်း သူမက သူ့ကို လွမ်းကြောင်းပြောတိုင်း ကျန်းဝူချင်းသည် ဤကဲ့သို့ ဆွဲဆောင်မှုရှိစွာ ရယ်မောတက်သည်။ သူမသည် ထိုကဲ့သို့ပြုံးတက်သည့် ကျန်းဝူချင်းကို မြင်ရသည်ကို သဘောကျသည်။ ထိုအချိန်တွင် သူသည် အေးစက်မနေဘဲ နွေးထွေးကာ မြင်သူတိုင်းက ချဉ်းကပ်ရလွယ်ကူစေသည့် အသွင်ဖြစ်သည်။
ရှလျန်သည် စိတ်ခံစားချက်တစ်ခုခုကြောင့် အသံထွက်မတက်ဖြစ်နေကာ အသည်းတယားယား ဖြစ်နေသည်။ ထိုခံစားချက်ကို နားမလည်သော်လည်း သူမက သဘောကျသည်။ ထို့ကြောင့် သူ့အပြုံးကို အချိန်တိုင်းမြင်ချင်၍ သူ့ကိုပျော်စေချင်သည်။
စကားဆုံးသည်နှင့် ရှလျန်သည် မျက်တောင်မခတ်ဘဲ သူ့ကို မျှော်လင့်တကြီး ငေးကြည့်နေကာ အပြုံးကိုမြင်ရဖို့ မျှော်နေသည်။ သို့သော်လည်း ကျန်းဝူချင်းသည် သူမ၏ ဆန္ဒအတိုင်း မဖြစ်ပါ။ မပြုံးသလို သူ့အမှုအယာက ပို၍အန္တရာယ်များလာပြီး မျက်လုံးတို့က နက်မှောင်လာသည်။
သူက အရှေ့သို့ အမြန်သွား၍ သူမအား စားပွဲပေါ်တင်ကာ သူ့လက်များကို သူမ၏ခါးကို ဖက်လိုက်၍ အသံတိုးတိုးဖြင့် ပြောသည်။ “လျန် မင်းလိမ်တိုင်း မျက်တောင်ခတ်နေတယ်ဆိုတာ မသိဘူးလား? ကိုယ့်ကိုလာလိမ်နေတယ်။ မင်းကိုယ့်ကို မလွမ်းဘူးမလား? ဟမ်”
ကျန်းဝူချင်းသည် လက်ကိုဆန့်၍ သူမ၏မျက်လုံးကိုပွတ်လိုက်ပြီး အသံကိုမြင့်ကာ ပြောသဖြင့် ရှလျန်ကို ထိတ်လန့်စေသည်။
“ကျွန်မ မလိမ်ဘူး!” ရှလျန်က နှုတ်ခမ်းဆူလာ၍ မျက်လုံးကို အတင်းပြူးကာ မျက်တောင်မခတ်ဘဲ အလေးအနက်ထား ပြောသည်။ သို့သော်လည်း ကျန်းဝူချင်း၏ အကြည့်အောက်တွင် ရှလျန်၏ ယုံကြည်မှုတို့က နည်းသထက် နည်းလာ၍ ဆက်မကြည့်ရဲတော့ပေ။ သူမက ခေါင်းငုံ့၍ သူမ၏လက်တို့ကို အချင်းချင်း ဆုတ်ကိုင်ထားပြီး စိုးရိမ်တကြီး အမှန်တိုင်း ပြောသည်။ “ပြောစရာရှိလို့ လာရှာတာပါ”
ထို့နောက် ကျန်းဝူချင်းကို ပြန်မော့ကြည့်ကာ တီတိုးပြောသည်။ “ဒါပင်မယ့် လွမ်းလည်းလွမ်းတယ်” ရှလျန်၏ စိတ်ထဲတွင်တော့ သူမ၏ အပြုအမှုကောင်းကြောင့် နောက်အပြစ်ပေးမခံရဖို့ မျှော်လင့်နေသည်။
9957သည် ဒီလူထံတွင် အနိုင်ကျင့်ခံနေရသည့် ရှလျန်ကို မြင်သည့်အခါ စိတ်မကောင်းမှုတို့ ဖြစ်လာသည်။
‘ဝမ်းတွင်းမည်း ဘဝင်ရူး ကျန်းဝူချင်းက လျန်ကိုကြိုက်ပင်မယ့် မျိုးစုံနှိပ်စက်နေတာပဲ။ ပြောစရာရှိလို့ လာတယ်ပြောတော့ မကြိုက်ဘူး။ လွမ်းတယ်လို့ နည်းနည်းလိမ်ပြောလည်း မကြိုက်ဘူး။ ဘယ်လိုအကြိုက်ဆောင်မှ ရမယ့်ကောင်လဲ?’
ကျန်းဝူချင်း၏ မျက်နှာသည် အေးစက်နေသော်လည်း စိတ်ဆိုးနေခြင်း မဟုတ်ပါ။ ရှလျန်အတွက် သူ့မှာနောက်ဆုံးသည်းခံနိုင်ခြင်းဆိုသည် မရှိပါ။ သူမက သူ့ကိုလိမ်၍ လွမ်းကြောင်း ပြောသည်ဖြစ်စေ ပြောစရာရှိ၍လာသည်ဖြစ်စေ သူက အရူးလိုပျော်နေခြင်း ဖြစ်သည်။
အခြားသူများ၏ အမြင်အရ သူက ရှလျန်ကို လွှမ်းမိုးချုပ်ကိုင်နေသလို ဖြစ်နေသော်လည်း အမှန်သည် ရှလျန်ထံတွင် သူကလုံးဝထိန်းချုပ်ခံနေရခြင်း ဖြစ်သည်။ သူ့ခံစားချက်များကို သူမက စကားတစ်ခွန်း၊ အပြုံးတစ်ပွင့်တို့ဖြင့် ထိန်းချုပ်နေတာ ဖြစ်သည်။ သူ့စိတ်အခြေအနေကို နတ်ပြည်သို့ ရောက်စေနိုင်သလို ငရဲပြည်သို့လည်း ဆွဲချနိုင်သည်။ သူမနှင့်တွေ့သည့်အချိန်တိုင်း သူကသူမဟုတ်တော့ပါ။
ကျန်းဝူချင်းသည် သက်ပြင်းချ၍ ရှလျန်၏နဖူးကို သူ့နဖူးဖြင့် ထိလိုက်သည်။ နှုတ်ခမ်းထောင့်တွင် ခါးသီးသည့်အပြုံးတစ်ခုဖြင့် တီးတိုးပြောသည်။ “ကိုယ်အပြစ်ပေးတာကို မခံချင်လို့မလား? ကိုယ့်ကိုလိမ်တက်နေပြီလား? လျန်က ဒီလိုလုပ်ရင် ကိုယ်ဝမ်းနည်းရတယ်။ ဒီမှာနာတယ်” စကားပြောပြီးနောက် ရှလျန်၏လက်ကိုယူလိုက်ကာ သူ့နှလုံးပေါ်တင်ပေးလိုက်သည်။ ခါးသီးသည့် အပြုံးက နှုတ်ခမ်းထက်တွင် ပို၍သိသာနေကာ မျက်နှာထက်တွင် စိတ်ထိခိုက်နေပုံ ပေါ်လွင်သည်။
ရှလျန်သည် သူ့နီရဲနေသည့်မျက်လုံးများကြောင့် ပြာယာခတ်သွားကာ အမြန်ပြောသည်။ “မဟုတ်ဘူး။ ကျွန်မက ရှင့်ကို တကယ်ပျော်စေချင်တာပါ။ ရှင့်ကို မလိမ်ချင်ပါဘူး”
ထိုစကားများကိုကြားသည့်အခါ ကျန်းဝူချင်းသည် အနည်းငယ် အံ့ဩသွားသည်။ ထိုရိုးရှင်းသည့် စကားတို့ဖြင့် သူသည်ချက်ချင်းပြန်အဆင်ပြေသွားကာ ချိုမြိန်သွားသလိုတောင် ခံစားလိုက်ရသေးသည်။ ကျန်းဝူချင်းသည် စိတ်ထဲတွင် သက်ပြင်းချမိသည်။ ‘ဒီအရှင့်ကို ကုသနိုင်မယ့်ဆေး မရှိတော့ဘူး’
ကျန်းဝူချင်းသည် ပျားရည်တစ်အိုးလုံး သောက်လိုက်ရသလို ချိုမြိန်နေပြီဖြစ်သော်လည်း သူမကို မယုံကြည်ချင်ယောင်ဆောင်ကာ မျက်နှာက ပို၍အုံ့မှိုင်းနေ၍ နာကျင်စွာ ပြောသည်။ “လျန် ကိုယ့်ကိုထပ်လိမ်နေပြန်ပြီ”
“မလိမ်ဘူး! တကယ်ပါ! ကျွန်မ ရှင့်ကိုမလိမ်ဘူး!” ရှလျန်သည် စိုးရိမ်စိတ်အပြည့်ဖြင့် ခေါင်းခါသည်။ သူမ၏ နှလုံးသားက ထုံကျဉ်နေသလို ခံစားရသည်။ ‘ဘယ်လိုလုပ်ရမလဲ? ဘယ်လိုယုံကြည်အောင် လုပ်ရမှာလဲ?’
ရှလျန်သည် နောင်တရနေပြီ။ သူမ၏ခေါင်းကို သူမပြန်ရိုက်ချင်မိသည်။ ‘ငါမလိမ်သင့်တာ။ သူ့ကိုလိမ်လို့မရမှန်းသိရဲ့သားနဲ့။ သူက ငတုံးမှ မဟုတ်တာ။ လိမ်ဖို့ ခက်တာပေါ့’
ကျန်းဝူချင်းသည် သူမ၏ မသက်မသာဖြစ်နေမှုတို့ကို ကြည့်နေသည်။ ဒါက သူ့ရည်ရွယ်ချက် ဖြစ်သည်။ ရှလျန်ကို သူ့ကြောင့်ဖြစ်လာသည့် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် အခြားခံစားချက်တို့ကို ခံစားစေချင်သည်။ ရင်ခုန်သံပြင်းပြင်းတိုင်း၊ နာကျင်မှုတိုင်း၊ လွမ်းဆွတ်မှုတိုင်းနှင့် ဖိအားတိုင်းကို အမှတ်တရဖြစ်စေချင်သည်။ ထိုအမှတ်တရတိုင်းနှင့် အမှတ်အသားတိုင်းသည် သူ့ကြောင့်သာ ဖြစ်ရမည်။ နာကျင်မှုပြီးနောက် ခံစားရသည့် ချိုမြိန်မှုသည် အစစ်အမှန်ချိုမြိန်ခြင်း ဖြစ်၍ပင်။
ခနကြာမှ ကျန်းဝူချင်းသည် ရှလျန်၏မေးကိုမော့စေကာ သူမ၏မျက်လုံးများကိုကြည့်၍ ပြောသည်။ “လျန်ပြောတာကို ယုံကြည်အောင် ဘယ်လိုလုပ်ရမလဲ သိချင်လား?”