အပိုင်း (၇)
“မင်းမဖျက်စီးနိုင်ရင် ဒီအရှင်ကလည်း ကတိကို မတည်နိုင်တော့ဘူး။ ကျင့်စဉ်ပြောင်းချင်တာ ကြာပြီ။ မင်းကြောင့်သာ သည်းခံနေတာ။ မကယ်နိုင်ရင်တော့ ဒီလမ်းကိုပဲ ရွေးချယ်ရမှာပဲ” ကျန်းဝူချင်းသည် နှုတ်ခမ်းတို့ကို တွန့်ကွေး၍ သူမအား စနောက်သည်။ သူမက ဒေါသထွက်၍ သူ့အား စိတ်တိုစေချင်သည်။ သူမ၏ ခံစားချက်တိုင်းကို သူထိန်းချုပ်ထားမည်။
“ရှင် ဒီလိုလုပ်မရဘူး!” ရှလျန်သည် မျက်လုံးအဝိုင်းသားဖြင့် အပြစ်တင်တော့သည်။ “ကျွန်မတို့ စာချုပ်ချုပ်ထားတယ်! ရှင်ပြင်လို့မရဘူး!”
သူမ၏ ဒီလိုတုန့်ပြန်မှုကို မျှော်လင့်ထားသော်လည်း သူမက သူ့အားအသည်းအသန် ငြင်းခုံနေသည်ကို တွေ့ရသည့်အခါ ကျန်းဝူချင်းသည် အသည်းယားလာသည်။ လက်ကိုဆန့်၍ သူမအား ရင်ခွင်ထဲသို့ဆွဲသွင်းကာ သူကိုက်ထားသည့်သွားရာကိုထိကိုင်၍ မေးသည်။ “ဘာဖြစ်လို့ မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသွားမှာကို ဒီလောက်ဂရုစိုက်နေတာလဲ?”
ရှလျန်သည် သူ့အားမော့ကြည့်ကာ တိတ်နေသည်။ ဒီအဖြေကို သူမက ခုနကလည်း ဖြေပြီးသား ဖြစ်သည်။
သို့သော်လည်း ကျန်းဝူချင်းအတွက် သူမ၏အဖြေကို လိုချင်ခြင်း မဟုတ်ပါ။ သူ့ရိုးအသည့် အစေခံလေးအား ဒီကမ္ဘာကြီး၏ ခါးသီးကာရက်စက်သည့် အမှန်တရားကို သင်ပေးချင်ရုံသာ။ “မှတ်ထား! လူသားတွေရဲ့ နှလုံးသားက ခန့်မှန်းလို့မရဘူး။ လူသားတွေက ဂုဏ်သိက္ခာမဲ့ပြီး ကတိတွေကို ချိုးဖျက်တဲ့နေရာမှာ အတော်ဆုံးပဲ”
“လိုအင်ဆန္ဒ၊ လောဘနှင့် ရှင်သန်လိုစိတ်တွေက လူသားတွေကို ရူးသွပ်စေနိုင်တယ်! စိတ်ဝိညာဉ်ကို ပျက်ပြားပြီး ကျင့်ကြံခြင်းကို ပျက်စီးစေတယ်။ လျန် ဒီကမ္ဘာကြီးက မှောင်မိုက်နေတာ။ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ အများကြီးပဲ။ နတ်လမ်းစဉ် ကျင့်ကြံတာပဲဖြစ်ဖြစ် မိစ္ဆာလမ်းစဉ် ကျင့်ကြံတာပဲဖြစ်ဖြစ် လူတိုင်းက သူ့စရိုက်နဲ့သူပဲ။ ဒါပင်မယ့် ဒီကမ္ဘာပေါ်က ငတုံးတွေက မိစ္ဆာလမ်းစဉ်ကျင့်ကြံတဲ့လူတိုင်းက သွေးဆူလွယ်ပြီး သတ်ဖြတ်ချင်စိတ်ပဲရှိတဲ့ နှလုံးသားမဲ့တဲ့သူတွေလို့ ထင်ကြတယ်။ ဒါပင်မယ့် သူတို့မသိတာက မှန်ကန်လွန်းပါတယ်ဆိုတဲ့ ကျင့်ကြံသူတွေက နတ်ဆေး၊ စိတ်ဝိညာဉ်ကျောက်တုံး၊ မှော်လက်နက်နဲ့ ရတနာအမဲလိုက်ဖို့အတွက် သတ်ဖြတ်နေတာတွေ နေရာတိုင်းမှာ ရှိနေတယ်။ ကွယ်ရာမှာ လူတွေကိုသတ်ပြီးတော့ လူတွေရှေ့မှာ မြင့်မြတ်တဲ့ လူမှန်ကြီးလို လုပ်နေကြတာ”
“ရှင့်အကြောင်းကို ရှင်ပြောနေတာပဲ” ရှလျန်က အေးစက်သည့်အသံဖြင့် အခိုင်အမာပြောသည်။ ဒီကိစ္စနှင့်ပတ်သက်လျှင် ကျန်းဝူချင်းသည် အအောင်မြင်ဆုံး တစ်ကိုယ်ကောင်းသမားကြီးပင်။
“ကိုယ့်အရှင်ကို မလေးမစားလုပ်နေမှတော့ အပြစ်ပေးခံရမယ်!” ကျန်းဝူချင်းသည် စကားကိုရပ်၍ မဲ့ပြုံးတစ်ခုပေါ်လာသည်။ သူကခေါင်းငုံ့၍ ထိုအမှတ်အသားကို ထပ်ကိုက်ကာ သွားဖြင့်တတိတိကြိတ်ပစ်သည်။
နာကျင်မှုအနည်းငယ်ထွက်လာပြီး နာကျင်သလို ယားယံ၍ ရှလျန်၏ကိုယ်ကို ထုံကျဉ်ကာ အလွန်မသက်မသာ ဖြစ်စေသည်။ ဒါသည် သေချာပေါက်ကို အပြစ်ပေးမှုပင်။ သို့သော်လည်း ကျန်းဝူချင်းအတွက်ကတော့ နှစ်သက်၍ ပျော်ရွှင်ဖွယ်ရာဖြစ်သည်။ အကြိမ်ရေ ထောင်သောင်းချီ ပြုလုပ်ရလျှင်တောင် သူ့အတွက် မပင်ပန်းနိုင်ပါ။
……………………
“နှစ်ရက်အချိန်ပေး။ ကျွန်မ ရှင့်သော့ကို လာဖြေပေးမယ်။ ဒီမတိုင်ခင်တော့ ရှင့်အစွမ်းတွေကို လျှော့ချထားဖို့လိုတယ်” ရှလျန်သည် ကျန်းဝူချင်း၏ လက်ထိပ်ပေါ်သို့ ဂါထာအချို့ရွတ်ဆိုပြီးနောက် ပြောသည်။
ထို့နောက် သူမက ထပ်ပြောသည်။ “မနက်ဖြန် ပြန်လာမယ်”
“ဘယ်ကိုသွားမှာလဲ?” ကျန်းဝူချင်းက မကျေနပ်ပါ။ “မင်းက ငါ့အစေခံ။ ငါ့မျက်စိအောက်ကနေ ဘယ်ကိုသွားမလို့လဲ?”
“ရှယုက ပြန်လာတော့မှာလေ” ရှလျန်က ခေါင်းကိုခါ၍ ပြောသည်။
ကျန်းဝူချင်းက စိတ်မကြည်လင်စွာ မျက်လုံးကိုမှိတ်၍ နံရံကိုမှီထားကာ ရှလျန်ကို မကြည့်တော့ပါ။ သူ့ကိုယ်တွင် ဝိညာဉ်စွမ်းအားမရှိတော့ပုံရကာ သူ့ခန္ဓာကိုယ်ဖြင့် သရုပ်ပြနေသည်။ “ဒီအရှင်က မပျော်တော့ဘူး။ တစ်ယောက်တည်းသာ ထားခဲ့။ လာမနှောင့်ယှက်နဲ့တော့”
ရှလျန်သည် စိတ်ထဲတွင် ဖိအားရသွားသည်။ စာချုပ်ကြောင့်လားမသိသော်လည်း သူ့ကို ဒီလိုမြင်ရသည်မှာ သူမအတွက် ရင်လေးလှသည်။ ထို့ကြောင့် ကြည်လင်သည့် သူမ၏ မျက်လုံးတို့မှာ နားမလည်မှုတို့ ပေါ်လာသည်။
“9957 စိတ်ကောက်သွားတဲ့လူကို ဘယ်လိုချော့ရမလဲ?”
စိတ်ထဲကနေ သူမက မေးလိုက်သည်။
9957 သည် ရှလျန်၏စကားကြောင့် ထိတ်လန့်သွားသည်။
‘လျန်လျန်က တကယ်ကြီး သူများစိတ်ကို တွေးပေးနေတာလား? ဘုရားရေ! ဒါက တိုးတက်မှုကြီးပဲ!’
9957သည် မဖြေအားချင်း မဟုတ်ဘဲ တာဝန်ပြီးဆုံးမှုနှုန်းကို တစ်ချက်ကြည့်လိုက်ရာ 5%တောင် ရောက်သွားကြောင်း တွေ့လိုက်ရသည်! 9957သည် ချက်ချင်းထင်ချင်ရာထင်သွားသည်။ ဆက်ဆံရေးတို့က ထိုကဲ့သို့ ချစ်တင်းနှောခြင်းမျိုးက တိုးတက်ခြင်းပင်။ ရှလျန်ကို ရောင်းစားသလို ဖြစ်နေသော်လည်း ဒါက တိုးတက်မှုကြီးပင်!
‘ကျန်းဝူချင်း တော်တယ်ဟေ့! သူ့ကိုအားပေးမှပဲ!’
9957သည် ချက်ချင်းတက်ကြွလာကာ ပြောသည်။ "လျန် နင်မြင်တဲ့အတိုင်း ကျန်းဝူချင်းက စိတ်ဆိုးနေတာ။ နင်သူ့ကို ဖက်နမ်းလိုက်။ နောက်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ပြောပြီး ခွင့်လွှတ်ခိုင်းလိုက်လေ” စကားဆုံးသည်နှင့် ရှလျန်၏ အသိစိတ်ထဲတွင် ဗီဒီယိုအတိုလေးတစ်ခုကို အတင်းပြတော့သည်။ ခေါင်းစဉ်မှာ “စိတ်ဆိုးနေသည့်ချစ်သူ ချော့နည်း၁၀ဖြာ”
ဗီဒီယိုအတိုထဲတွင် ရန်ဖြစ်နေသည့်အတွဲတို့ပေါ်လာသော်လည်း ရလဒ်မှာ ကုတင်ပေါ်မှ စောင်အောက်တွင် လူးလှိမ့်နေခြင်းဖြင့် အဆုံးသတ်သွားသည်။ လူးလှိမ့်ပြီးနောက် သူတို့က ပျော်ရွှင်ချိုသာသွားကြပြန်သည်။
ရှလျန်သည်လည်း အစက ကြောင်အနေသော်လည်း သူမက နားလည်သွားသည်! အမျိုးသမီး၏ နာကျင်မှုကို အော်ဟစ်နေခြင်းသည် ကျန်းဝူချင်းက သူမအား အပြစ်ပေးသည်နှင့် တူညီသည်ဟု အလိုလိုခံစားရသည်!
‘အပြစ်ပေးခြင်းကို ခံလိုက်လျှင် တစ်ဖက်လူသည် စိတ်မဆိုးတော့ပါ!’
ဒါသည် ရှလျန်နားလည်သွားခြင်းပင်။
9957က မသေချာစွာ သူမကိုမေးသည်။
“လျန် နင်နားလည်လို့လား?”
ရှလျန်က ခေါင်းငြိမ့်သည်။
“အေး။ ငါသိပါတယ်”
“ဒင်!”
9957သည် တာဝန်အပိုတစ်ခုတောင် တကယ်ထုတ်ပေးလိုက်သေးသည်။
“တာဝန်အပို: စိတ်ညစ်နေသည့် ကျန်းဝူချင်းကို ပြန်ချော့၍ ပျော်အောင်ထပ်လုပ်ပါ။ ရမှတ် : 10မှတ်”
ရှလျန်သည် အံ့ဩသွားသည်။ တာဝန်အသစ်တစ်ခုရှိနေမှတော့ သူမက ဘာဖြစ်လို့ မလုပ်ဘဲနေရမည်နည်း။
“အဟမ်း။ လျန် ဒါက စနစ်က အဆင့်မြှင့်ပြီးတော့ အသစ်ထပ်တိုးလာတာ။ နင်အဆင်သင့်ဖြစ်ပြီလား!” 9957က တိုက်တွန်းသည်။ အမှတ်တို့ဖြင့် ရှလျန်ကို သွေးဆောင်၍ ကျန်းဝူချင်းနှင့် လိုက်ဖက်သည့် ဘဝလေးရအောင် ရွေးချယ်ရန် သူလုပ်သင့်သည်မလား။ ဒီလိုဆိုလျှင် တာဝန်ပြီးဆုံးနှုန်းလည်း မြင့်လာလိမ့်မည်။ ‘အဟီး စနစ်လေးက တကယ်ရှက်ပင်မယ့် ရှလျန်အကျိုးအတွက်ဆိုတော့ တန်ပါတယ်!’
“ဘာကိုတွေးနေပြန်တာလဲ? ပြန်တော့မယ်ဆို။ ဒီအရှင်ရဲ့ မျက်စိရှေ့ကနေ အမြန်ထွက်သွား။ စိတ်မပါတဲ့ ဘယ်သူ့ကိုမှ ဖိအားမပေးဘူး!” ကျန်းဝူချင်းသည် ရှလျန်က မရွေ့သဖြင့် စိတ်ထဲကမပါသော်လည်း သူမအား ဆူပူသည်။ သူ့စိတ်ထဲတွင် သူမအား နေစေချင်သော်လည်း ပါးစပ်ကထွက်သည့်အခါ ဂရုမစိုက်သလို ဖြစ်နေသည်။ ဒီလိုမာနကြီး၍ ရှုပ်ထွေးသည့်စိတ်ကြီးက ဆိုးဝါးလွန်း၍ သာမန်လူဆိုလျှင် သူနှင့်ဖြစ်မည် မဟုတ်ပါ။
သို့သော်လည်း ရှလျန်က ရိုးအလွန်းသည်။ သူမသည် ဒီလိုငရှုပ်ကို အနိုင်ယူနိုင်သည့် ငတုံးဖြစ်သည်။ သူမသည် ၉၉၅၇ သင်ပေးသည့်အတိုင်း အရှေ့သို့ ရဲရဲကြီးချီတက်သွားသည်။ အရင်ဆုံး ကျန်းဝူချင်းကို ဖက်လိုက်ပြီးနောက် သူ့ပါးကိုနမ်းလိုက်သည်။
ကျန်းဝူချင်း၏နှလုံးသားသည် တဒိန်းဒိန်းခုန်နေကာ သူမနမ်းသွားသည့် သူ့မျက်နှာကို လက်ဖြင့်ထိကြည့်လိုက်သည်။ ထိုခံစားမှုက သူ့တစ်ကိုယ်လုံးကို ထုံကျဉ်သွားစေသည်။ သို့သော်လည်း ရှလျန်၏ နောက်အကွက်က သူ့အား ရူးခါသွားစေသည်!
ရှလျန်သည် ကျန်းဝူချင်း၏လက်ကိုကိုင်၍ သူမ၏လည်ပင်းက သူ့သွားရာပေါ်သို့ တင်ပေးကာ ပြောသည်။
“အရှင် ကျွန်မကို အပြစ်ပေးပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့”
ကျန်းဝူချင်း “… !!!”
သူ့နှလုံးသားသည် ပေါက်ကွဲထွက်သွားပြီ! သူမက သူ့ကို အီစီကလီလုပ်၍ ဖြားယောင်းသွေးဆောင် မြူဆွယ်နေသည်မှာ အမှန်ဖြစ်သည်။ သူမက ဦးဆောင်ပေးနေသည်ကိုမှ သူကမလိုက်ပေးရင် သူက ယောက်ျားမဟုတ်တော့!