May Honey Logo May Honey
Previous Next

အပိုင်း (၂)

အခုအချိန်တွင် ရှလျန်အတွက် တစ်ခုတည်းသော စိတ်သက်သာရာမှာ တာဝန်က ပေးအပ်သည့် အမှတ်တို့က ရက်ရော၍ ဖြစ်သည်။ အမှတ် ၄ရာတောင်!

အမှတ်တို့ကို လောဘကြီးသည့် ရှလျန်အတွက် အမှတ်၄ရာသည် အကောင်းဆုံး ဆွဲဆောင်မှုကြီးပင်။ သူမက အခုလိုဒုက္ခရောက်နေသော်လည်း တာဝန်သာ ပြီးနိုင်မည်ဆိုလျှင် ဘယ်လောက်ကောင်းမလဲ တွေးကြည့်နိုင်သည်! ထိုအမှတ်ကြောင့် ရှလျန်သည် ၉၉၅၇ကို ကျေးဇူးတင်လိုက်သည်။

9957 “…”
‘ငါ့ရင်ထဲနင့်သွားပြီ! အရှက်ကွဲအောင် တမင်လုပ်တာကို ကျေးဇူးတင်နေသေးတယ်။ လျန်ရဲ့ ဦးနှောက်က ပျက်စီးသွားပြီ။ ဘာကိုမှ ကောင်းကောင်းမတွေးနိုင်တော့ဘူး!’

“အဟမ်း. . . လျန် နင့်လက်ရှိအခြေအနေကို နားလည်သင့်တယ်ထင်တယ်။ ဒီတာဝန်ကို ပြီးအောင်လုပ်ဖို့ ငါတစ်ချို့ဟာတွေ ဈေးလျှော့ပေးပါ့မယ်။ 20% တောင်နော်~ အများကြီး လျှော့ပေးမယ် ~"   ၉၉၅၇သည် အတည်ပေါက်ကြီးပြောနေသော်လည်း ချစ်ဖို့ကောင်းစွာ‌ ဈေးမရောင်းဘဲ မနေနိုင်ပါ။ 

“၉၉၅၇ နင်ကအရမ်းတော်တာပဲ”   ရှလျန်က အလေးအနက်ထားပြောသည်။

၉၉၅၇သည် ရှက်သွားကာ တီတိုးရေရွတ်သည်။   “လျန်ကလည်း တော်ပါတယ်။ အခုလို ချစ်ဖို့ကောင်းအောင် ယဉ်ကျေးအောင်ပြောရင် အချစ်ဆိုတာကို နားလည်ဖို့လွယ်ပါတယ်။ မလောပါဘူး။ အေးဆေးပေါ့”

ရှလျန်သည် ဒီကိုယ်၏မှတ်ဉာဏ်တို့ကိုရသည့်အခါ ဒီကိုယ်၏ကောင်းကျိုးသည် အင်အားကြီးသည့် ဝိညာဉ်စွမ်းအားရှိခြင်း ဖြစ်သည်။ လက်ရှိကျင့်ကြံမှုကိုယှဉ်လျှင် မဟာယာနအဆင့် ရောက်နေသည့် ရှယုနှင့်ဆိုလျှင် သူမက မြေပြင်ပေါ်က ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်။ ရှယုက လက်တစ်ချက် လှုပ်လိုက်ရုံဖြင့် အသတ်ခံရနိုင်သည်!

မူလကိုယ်သည် အကျဉ်းချခံရတာ နှစ်၂ရာရှိပြီဖြစ်သော်လည်း လက်လျော့ဖို့အတွေး လုံးဝ မရှိပါ။ ရှယုအပေါ်ထားသည့် ကြီးမားသည့် အမုန်းတရားတို့က သူမအား မသေအောင် ပံ့ပိုးထားခြင်း ဖြစ်သည်!

နဂိုတည်းက ထူးချွန်သူဖြစ်ရာ သူမသည် စမ်းသပ်ချက်တစ်ခုကို အာရုံစိုက်ခဲ့၍ ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ဝိညာဉ်စွမ်းအားက သန်မာလေလေ သူမသည် ထိုအစွမ်းကိုသုံး၍ နတ်ဘုရားတို့ကိုတောင် တိုက်ခိုက်နိုင်သည့်အထိ တက်နိုင်သည်။ အဆောင်လက်နက်များနှင့် အင်းကွက်တို့ကိုလည်း ပြုလုပ်နိုင်သည်!

သို့သော်လည်း မူလကိုယ်က ဘယ်လောက်ထူးချွန်ပါစေ သူမတွင် စမ်းသပ်ရန် ဘာမှမရှိပါ။ ထို့ကြောင့် အောင်မြင်မှုက သေးလွန်း၍ သူမကိုယ်သူမ ချုပ်နှောင်ထားခြင်းကိုတောင် လွတ်အောင် မလုပ်နိုင်ပေ။ ဒီနေ့၏ အစီအစဉ်သည် အရင်ဆုံး မြေအောက်ခန်းမှ ထွက်ရန်ပင်!

ရှလျန်က ခနတွေး၍ ဖြစ်နိုင်ချေများကို နှိုင်းယှဉ်ကာ မေးသည်။   “၉၉၅၇ ငါ့ကို “အဆောင်လက်နက်နဲ့ အင်းကွက်အဘိဓာန်”ကို လဲပေးပြီးတော့ အမြင့်ဆုံးအဆင့် ရောက်တဲ့အထိ တန်းလေ့လာပြီးသား ဖြစ်ချင်တယ်။ အမှတ်ဘယ်လောက်လိုလဲ?”

“အမှတ် ၁၅၀ လိုတယ်။ ဒါပင်မယ့် ဒီအမှတ်က ငါနင့်ကိုဈေးချထားပြီးသားနော်! ယူမှာလား?”   ၉၉၅၇က မသေချာစွာမေးသည်။

အမှတ် ၁၅၀သည် ရှလျန်အတွက် ကောင်းကင်အထိမြင့်အောင်များလွန်းသည်! သူမသည် အမှတ်ပိုရရန် တာဝန်နှစ်ခုလုပ်ဖို့လည်း လိုသေးသည်။ ထို့ကြောင့် တည်ငြိမ်စွာပြောသည်။   “ဟုတ်ပြီ။ လဲတာပေါ့”

၉၉၅၇က ပြောသည်။    “ဟုတ်ပါပြီ”

“ဒင်!”   ‘သင်သည် အဆောင်အင်းကွက်ရေးဆွဲရာတွင် ဆရာသခင်အဆင့် ရောက်ရှိသွားပါပြီ!’   စနစ်ထံတွင် အဆင့်မြှင့်တင်ခံရပြီးနောက် ရှလျန်၏စိတ်ထဲသို့ အများကြီးရောက်လာသည်။ သူမသည် မြေအောက်ခန်းအပေါက်ဝကို ကြည့်လိုက်သည့်အခါ ဘာမှမရှိသည့်နေရာသည် အခုတော့ မူလပုံစံပေါ်လာသည်။ ရှုပ်ထွေးသည့် အင်းကွက်တို့ဖြင့်ပင်!

မူလတုန်းက ခပ်မှိန်မှိန်လင်းနေသည့် အလင်းသည် မမှိန်တော့ဘဲ မျက်လုံးထဲတွင် အလင်းတန်းတစ်ခုဖြစ်လာ၍ ပြစ်ချက်များပေါ်လာသည်မှာ ဖုံးကွယ်၍မရတော့ပါ! ဒီအင်းကွက်သည် သူမထွက်ခွာရာတွင် အတားအစီးမဟုတ်ကြောင်း သိလိုက်ရ၍ အချိန်မရွေး ထွက်သွားနိုင်သည်။

သို့သော်လည်း ရှလျန်က မသွားသေးပါ။ ဒီအစား သူမသည် နောက်ထပ်အမှတ် ၃၀သုံး၍ အဆင့်နိမ့်သိုလှောင်အိတ်နှင့် အဝတ်တို့ကို စနစ်ထံမှ လဲလှယ်ခဲ့သည်။ အိပ်ငွေ့ချသူဟူသည့် ခဏတာ အကွက်အချို့ကိုလည်း သင်ယူခဲ့သည်! အိပ်ငွေ့ချသူသည် ခဏတာအိပ်ငွေ့ချ၍ မှတ်ဉာဏ်တို့ကို ဝေဝါးစေကာ ပြောင်းလဲနိုင်သည်။ သို့သော်လည်း ထိုအကွက်ကို ကိုယ့်ထက် ဝိညာဉ်စွမ်းအား နိမ့်သူတို့ထံတွင်သာ အသုံးပြုနိုင်သည်။ အဆင့်မြင့်သူတို့အား အသုံးမပြုနိုင်!

မှတ်ဉာဏ်ထဲက ရှယု၏အသွင်ပြင်အတိုင်း အဝတ်လဲလှယ်ပြီးနောက် မျက်နှာထားနှင့် ဆံပင်ကိုပါ ပြင်ဆင်ကာ ရှလျန်သည် အင်းတံခါးကိုဖြတ်လျှောက်သည်။ အနားကိုရောက်သည်နှင့် သူမထံသို့လာသည့် ပြင်းထန်သည့်တွန်းအားကို ခံစားရသည်။ တစ်ချိန်တည်းတွင် သူမ၏ တစ်ကိုယ်လုံးအေးလာ၍ စူးလာသည့် လေပြင်းပြင်းကို ခံစားရသည်!

မျက်လုံးတို့ကလက်သွား၍ ရှလျန်၏လက်သည် လှုပ်ရှားသွားကာ တစ်ခုပြီးတစ်ခုလုပ်သည်။ သူမ၏လက်ဟန်အနောက်တွင် တံခါးအလည်တွင် လမ်းကြောင်းတစ်ခုပွင့်သွား၍ နှစ်ဖက်လုံးမှ လေကြမ်းများ တိုက်ခိုက်လာကာ တံခါးနားသို့ မချဉ်းကပ်ရဲအောင် ဖြစ်သွားသည်။

သို့သော်လည်း ရှလျန်သည် အပြင်ဘက်သို့ လျှောက်ထွက်လိုက်သည်။ ထို့နောက် နောက်ကိုပြန်လှည့်ကြည့်၍ လက်ဟန်အချို့ပြုလုပ်လိုက်ပြန်သည်။ အမှောင်ထဲတွင် ခပ်မှိန်မှိန် လင်းနေသည့် နဂိုစီစဉ်ထားမှုသို့ ပြန်ရောက်သွားကာ အပျက်အစီးမရှိပါ။

ဒီနေရာတွင် ကြာကြာမနေဘဲ ရှလျန်သည် လမ်းကျဉ်းကျဉ်းလေးအတိုင်း လျှောက်လာရာ မြေအောက်ခန်းတံခါးသို့ ရောက်လာသည်။

“ဘယ်သူလဲ?”   အစောင့်သည် တစ်ယောက်ယောက်ကို သတိပြုမိသဖြင့် လက်ထဲကလက်နက်ကိုမြှောက်၍ အော်သည်။

“ရူးနေလား? ငါပဲ!”   ရှလျန်သည် ရှယု၏လေယူလေသိမ်းနှင့် အသံကိုတုလိုက်သည်။

“သခင်. . . သခင်မ?”   အစောင့်သည် ရှလျန်ကိုမြင်သည့်အခါ ဒူးထောက်၍ထိုင်ချကာ သနားဖို့တောင်းပန်သည်။   “ဒီငယ်သားက သခင်မမှန်း မသိလိုက်လို့ပါ။ သခင်မကို မစော်ကားရဲပါဘူး။ ဒီငယ်သားက သေသင့်ပါတယ်”

ဒါသည် ရှယုကိုယ်တိုင်တည်ဆောက်ထားသည့် ရွှမ်ယုဂိုဏ်းဖြစ်၍ သူမသည် ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ ရှယုသည် သဘောထားကြီးမားသည့် ဂိုဏ်းခေါင်းဆောင် မဟုတ်ပါ။ သူမကို ဆန့်ကျင်မှုတစ်ခုခု လုပ်မိသည်နှင့် ချက်ချင်းအပြစ်ပေးသည်။ သာမန်ဂိုဏ်းသားများသည် သူမကို အလိုလိုကြောက်ရွံ့ကြသည်။

“ငါ့ကိုမော့ကြည့်စမ်း! ငါ့မျက်လုံးကိုကြည့်!”   ရှလျန်က အရှေ့ကိုတိုးလာ၍ ပြောသည်။

အစောင့်က တုန်ရီစွာဖြင့် ခေါင်းမော့၍ သူမ၏မျက်လုံးကိုကြည့်သည်။ သူသည် အဆုံးမဲ့သည့် ချောက်ထဲသို့ကျသွားသလို ခံစားရသည်။ အထဲတွင် မှောင်ပိန်း၍ သူ့စိတ်ဝိညာဉ်သည် သူနှင့်ချိတ်ဆက်ခြင်း မရှိတော့ပါ။

ထိုအချိန်တွင် သူ့နားထဲသို့ အသံတစ်ခုက နားစည်ကိုဖြတ်၍ သူ့ဝိညာဉ်ထဲအထိ ရောက်လာသည်။   “သိမ်းပကားနယ်မြေက ဘယ်မှာလဲ? ငါဘယ်လိုရောက်အောင်သွားရမှာလဲ?”   ရှလျန်သည် သူ့အပေါ်တွင် အိပ်ငွေ့ချသည့်အစွမ်းသုံးလိုက်သည်။ ဒီအစောင့်၏ စိတ်ဝိညာဉ်အားက နည်းသဖြင့် ဖြစ်စဉ်က ချောမွေ့သွားသည်။ သူမ၏အမြင်အရ ထိုလူ၏မျက်လုံးတို့သည် ဗလာဖြစ်နေသဖြင့် အောင်မြင်သွားကြောင်း သေချာသိလိုက်သည်။ 

မေးခွန်းကိုကြားသည့်အခါ ထိုလူသည် ခုခံခြင်းမရှိ တန်းဖြေဆိုသည်။ ထို့နောက် သူမသည် အခြားမေးခွန်းများကိုလည်း ဆက်မေးလိုက်ရာ သတင်းကောင်းကြားရသည်။ ရှယုသည် အခုအချိန်တွင် အိမ်တော်၌ မရှိပေ။ သူမ ဘယ်ကိုသွား၍ ဘယ်လုပ်နေသလဲကတော့ ထိုအစောင့်အနေဖြင့် မသိနိုင်ပါ!

“လျန် နင်ဘာသွားလုပ်မလို့လဲ?”
၉၉၅၇က သိချင်စွာဖြင့် မေးသည်။

“ကျန်းဝူချင်းဆီကိုသွားပြီး သူ့ကိုကယ်ဖို့နည်းရှာမလို့လေ!”   ရှလျန်က ပေါ့ပါးစွာပြောသည်။ ရှယုကို ရင်ဆိုင်ဖို့ဖြစ်စေ မသေမျိုးနှင့်မိစ္ဆာတို့ကြားက စစ်ပွဲကို တားဆီးဖို့ဖြစ်စေ ရှလျန်၏အမြင်တွင် အရေးကြီးဆုံးလူက ကျန်းဝူချင်းပင်!  
Previous Chapter 24 of 42 Next