May Honey Logo May Honey
Previous Next

အပိုင်း (၁၃)

သူတို့ဆေးရည်ကန်ထဲမှ ထွက်လာချိန်တွင် ၂နာရီကျော်ကြာသွားသည်။

ကျန်းဝူချင်းသည် ရှလျန်ကို သူကိုယ်တိုင်အဝတ်လဲပေး၍ ဆံပင်ကိုထုံးပေးကာ သူ့ဘေးတွင် ထိုင်စေ၍ သူမ၏ခြေအိတ်ဝတ်ပေးပြီး ဖိနပ်ဆင်ပေးသည်။ သို့သော်လည်း ကျန်းဝူချင်းသည် ဒီနေ့ ရှလျန်၏ ခြေထောက်ကိုကိုင်လိုက်ချိန်တွင် အနည်းငယ်ကြောင်အသွား၍ ဆက်မလှုပ်တော့ပါ။

ကျန်းဝူချင်းသည် သူမ၏ခြေထောက်ကို အာရုံလွင့်နေ၍ ပွတ်ပေးနေသည့်အခါ ရှလျန်သည် ယားလာ၍ စိတ်မရှည်ဖြစ်သွားကာ ပါးစပ်ဖွင့်၍ မေးသည်။   “ဘာဖြစ်လို့လဲ?”

ကျန်းဝူချင်းသည် အာရုံပြန်ကပ်လာပြီးနောက် သူမ၏ပန်းရောင်သန်းနေသည့် ခြေချောင်းလေးများကို ကြည့်ကာ မပြောဘဲ မနေနိုင်ပေ။   “ကိုယ်အကြိမ်ပေါင်းများစွာ လုပ်ဖူးထားတဲ့အတိုင်း ဒီမြင်ကွင်းက အရမ်းရင်းနှီးနေသလို အမြဲတမ်းခံစားရတယ်”   သူမကို သူကိုယ်တိုင် အဝတ်လဲပေးခြင်း၊ ဖိနပ်စီးပေးခြင်းနှင့် ဂရုစိုက်ပေးခြင်းတို့ အကုန်လုံးမှာ အလွန်သဘာဝကျနေသလို ဖြစ်နေပြီး သူ့ရင်ထဲမှ ပျော်ရွှင်မှုကို ပြန်ရသလို ခံစားရသည်။

“ဒီရက်ပိုင်းလုပ်ပေးနေကြမလို့ဖြစ်မှာပါ”   ရှလျန်က ခနတွေး၍ ပြောသည်။

“မဟုတ်ဘူး။ အခုမှ မဟုတ်ဘူး။ အရင်ဘဝက ဖြစ်နိုင်တယ်။ ကိုယ်ဒီလိုလုပ်ဖူးတယ်”   ကျန်းဝူချင်းက သက်ပြင်းချသည်။ ထို့နောက် မေးကိုမော့၍ သူမအား စနောက်သည်။   “ကိုယ်က မင်းရဲ့အရှင်။ မင်းက ကိုယ့်ကို ခစားရမှာ။ ဘာဖြစ်လို့ ကိုယ်ကပြန်ခစားနေရတာလဲ? မင်း ကိုယ့်ကိုဘာအစွမ်းတွေသုံးထားတာလဲ?”

“မလုပ်ပါဘူး”   ရှလျန်က လေးနက်စွာ ခေါင်းခါသည်။   “ဘာမှထိခိုက်အောင် မလုပ်ထားပါဘူး”

“ဟား ဟား. . .”   ကျန်းဝူချင်းသည် အလေးအနက်ကြီး ရှင်းပြဖို့လုပ်နေသည့် သူမ၏မျက်နှာလေးကိုကြည့်ကာ မပြုံးဘဲ မနေနိုင်ပေ။ သို့သော် အခိုင်အမာပြောသည်။   “မင်းလုပ်ထားတာ သေချာပါတယ်”   သူမ၏ဆွဲဆောင်မှုအောက်တွင် သူကအချစ်ရူးဖြစ်နေ၍ ဖြစ်သည်။

ရှလျန်သည် သူမကိုယ်သူမ ခုခံပြောဆိုဖို့လုပ်သော်လည်း ကျန်းဝူချင်းသည် ပြောခွင့်မပေးဘဲ လက်ကိုဆွဲ၍ အေးစက်စွာ ပြောလာသည်။   “လင်းဇယ်ကို သွားကြည့်ရအောင်”   သူသည် မြင့်မြတ်၍ လေးနက်ကာ သိက္ခာရှိသည့် နတ်အရှင်တစ်ပါးအသွင် ပြန်ဖြစ်သွားပြီ။

……………………

မြေအောက်အကျဉ်းတိုက်သို့ သူတို့ဝင်၍ မကြာခင်တွင် ရှလျန်သည် နာကျင်စွာငြီးငြူသည့် အသံကိုကြားလိုက်ရသည်။ ထိုအသံသည် ကျယ်လောင်လွန်း၍ အသံပျက်နေကာ လူသားအသံနှင့် မတူတော့ပါ။

ကျန်းဝူချင်းက လင်းဇယ်ကို ကိုင်တွယ်ဖို့ သူ့လူများကိုလွှတ်လိုက်လေရာ ထိုလူတို့သည် မခိုကိုး၍ အလုပ်ကြိုးစားထားကြသည်။ သူတို့သည် လင်းဇယ်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ထိခိုက်စေမည့် ညှင်းပန်းနှိပ်စက်ရေးလက်နက်မျိုးစုံကို အသုံးပြုထားကြသည်။

ရှလျန်ရောက်လာချိန်တွင် လင်းဇယ်၏ အသက်ထွက်ဖို့ တစ်ဝက်သာကျန်သည့် အခြေအနေ ဖြစ်နေပြီး ကြမ်းပြင်တွင် လဲနေကာ ခွေးတစ်ကောင်ကဲ့သို့ အသက်ရှုနေသည်။ သို့သော်လည်း ရှလျန်ကို မြင်သည်နှင့် သူ့မျက်နှာသည် ရုတ်ချည်းပြောင်းသွားကာ ဘယ်ကအင်အားများ ထွက်လာသလဲ မသိနိုင်ပါ။ ကြမ်းပြင်မှ ချက်ချင်းထ၍ မျက်လုံးများနီရဲနေကာ အရူးတစ်ယောက်လို အရှေ့သို့ထွက်လာ၍ ဒေါသတကြီး အော်ဟစ်သည်။   “ရှလျန် မင်းဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ? အကုန်လုံး မင်းလုပ်တာလား? မင်းငါ့ကို ဖမ်းစီးနှိပ်စက်နေတာလား?”

ရှလျန်သည် မျက်မှောင်ကျုံ့သွားကာ ပြောစရာစကားကို တွေးနေသည်။ သို့သော်လည်း လင်းဇယ်သည် သူမ၏ တည်ငြိမ်စွာ မျက်မှောင်ကျုံ့မှုကြောင့် ရင်ထဲက အမုန်းတရားများ ပို၍တိုးလာသည်။

“ရှလျန် ငါမင်းကို အရမ်းချစ်တာကိုသိလား? ဒီကျန်းဝူချင်းဆိုတဲ့ကောင်အတွက် ငါ့ကို သတ်ဖို့လိုလား! ရွှမ်ယုဂိုဏ်းမှာ ဖြစ်သမျှတိုင်းက မင်းတို့နှစ်ယောက် ဇာတ်တိုက်ထားတာပဲ! ငါတို့ ဂိုဏ်းသားတွေကိုလိမ်ပြီးတော့ ပြန်ဖမ်းသတ်ဖို့ ရည်ရွယ်ထားတာ။ အဲ့ဒါမှ မင်းက ကျန်းဝူချင်းနဲ့ ပျော်ပျော်ကြီးနေနိုင်အောင်လား? ဟုတ်လား?”   လင်းဇယ်သည် ဒေါသတကြီးအော်သည်။ ရှလျန်နှင့် ကျန်းဝူချင်းတို့ အတူတကွ ပေါ်လာသည့်အခါ သူသည် အကုန်လုံးကို သူ့ဟာသူ ဇာတ်လမ်းဆင်တွေးပစ်လိုက်သည်။ ထိုဇာတ်လမ်းသည် ကျန်းဝူချင်း အရင်က တွေးထားသည်ထက်တောင် ပို၍ကောင်းနေသေးသည်။

ရှလျန်က ပါးစပ်ဖွင့်၍ စကားပြောဖို့လုပ်သော်လည်း ကျန်းဝူချင်းက တားထားသည်။ လင်းဇယ်ကို အထင်လွဲအောင်လုပ်၍ သူ့အားတမင်ထွက်ပြေးခွင့်ပေးကာ သူ့အင်အားဖြင့်သူ ထွက်ပြေးနိုင်သည်ဟု ထင်အောင်လုပ်မည်။ ထိုလူ၏ ရင်ထဲက အမုန်းတို့ကြောင့် အပြင်သို့ရောက်သည်နှင့် ရှယုကို လက်စားချေဖို့ လုပ်တော့မှ ဖြစ်သည်။

ကျန်းဝူချင်းသည် မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်သည်။ လင်းဇယ်နှင့် ရှယု၏ အခြားခွေးကောင်နှစ်ကောင်ကို ဘယ်လိုကိုင်တွယ်ရမလဲ သူတွေးထားပြီးပြီ။ သူ့လူကို လာထိပါးသဖြင့် သူတို့ခွေးအချင်းချင်း ကိုက်အောင် သူကလွှတ်ထားမှာ ဖြစ်သည်။ ရန်သူတို့ကို အချင်းချင်းထိခိုက်အောင် လွှတ်ထားပေးခြင်းသည် ကိုယ်တိုင်တိုက်ခိုက်ရသည်ထက် ပို၍စိတ်ဝင်စားဖို့ ကောင်းသည်။

ဒါကိုတွေးမိသဖြင့် ကျန်းဝူချင်းက ရယ်လိုက်၍ ဂုဏ်ယူသည့်အပြုံးဖြင့် ပြောသည်။   “မင်းတို့တွေကများ ဒီအရှင်နဲ့ နှိုင်းယှဉ်ဖို့တောင် မထိုက်တန်ဘူး! လျန်က ဒီအရှင်ကို ချစ်တယ်။ မင်းတို့တွေကို အကုန်သတ်ပေးမယ်လို့ သဘောတူထားပြီးပြီ။ မဟုတ်ရင် မင်းက ဒီမှာ ဘာဖြစ်လို့ ရောက်နေမယ်ထင်တာလဲ?”

လင်းဇယ်က ကြားသည့်အခါ နားလည်သွားသည့် မျက်နှာထားဖြစ်သွားကာ ရှလျန်အား အရေခွံဆွဲခွာချင်သည့် အကြည့်တို့ဖြင့် ကြည့်သည်။ သူမသည် သူ့ကိုသစ္စာဖောက်၍ အခြား ယောက်ျားများနှင့် ချစ်ခင်စွာနေထိုင်ခြင်းက အခုလို သူ့အသက်ကို အခြားယောက်ျားအတွက် ပေးပစ်ခြင်းလောက် မရိုးရှင်းပါ။ ဒီလိုသစ္စာဖောက်ခံရခြင်းကြောင့် လင်းဇယ်သည် ရှယုကို ချစ်သလောက်ကို မုန်းသွားပြီ။ ချစ်ခြင်းမှ ဖြစ်တည်လာသည့် အမုန်းတရားဖြစ်လေရာ သူ့အချစ်က ပြင်းထန်သထက် အမုန်းကလည်း ပြင်းထန်သည်။

“ရှလျန် မင်း ခွေးမ။ ငါမင်းကို ဒီတိုင်းမထားဘူး! မင်းကိုငါ ဒီနေ့မသတ်နိုင်ရင်တောင်မှ အနာဂတ်မှ လက်စားချေမယ်!”   လင်းဇယ်သည် ဒေါသတကြီးဖြင့် မျက်လုံးများ နီရဲနေကာ အော်ဟစ်သည်။   “ကျန်းဝူချင်း မင်းလည်း နောင်တရလိမ့်မယ်! ဒီကောင်မက အပျက်မပဲ! သူက ယောက်ျားတကာနဲ့ အိပ်နေတဲ့မိန်းမ!”

ဒုန်း!   အသံအကျယ်ကြီးနှင့်အတူ လင်းဇယ်သည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ နောက်ပြန်လန်သွားသည်။ 

ကျန်းဝူချင်း၏ မျက်လုံးတို့က မည်းနက်နေကာ စိတ်တိုနေသည်။ လင်းဇယ်က သူ့ချစ်သူကို ကျိန်ဆဲနေခြင်း မဟုတ်ကြောင်း သိသော်လည်း သူမ၏အမည်ဖြင့် ပြောဆိုနေသည့်အခါ သူ့ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲသည်! အမည်ကိုတောင် အစော်ကားမခံနိုင်ပါ!

“သူ့ပါးစပ်ကိုဆေးပစ်လိုက်!”
ကျန်းဝူချင်းက အေးစက်စွာ အမိန့်ပေးသည်။ ထို့နောက် လင်းဇယ်၏မေးကိုဖြုတ်၍ အလွန်အေးခဲနေသည့် ရေခဲတုံးတို့ဖြင့် အပြည့်ထိုးသိပ်ခံရတော့သည်။

“အာ~~!"   လင်းဇယ်သည် နာကျင်စွာ အော်ဟစ်ပြီး မျက်နှာကတွန့်လိမ်နေကာ သူ့မျက်လုံးထဲတွင် ဒေါသနှင့် နာကျင်မှုတို့ ရောယှက်နေပြီး ပေါက်ကွဲမတက်ဖြစ်နေသည်။

မိုင်ထောင်ပေါင်းများစွာဝေးသည့် ရွှမ်ယုဂိုဏ်းတွင် ရှယုသည် ကုတင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေရသည်။ သူမသည် လက်ကိုပါးစပ်ထဲသို့ထည့်၍ တစ်ခုခုကို ဆွဲထုတ်ဖို့ လုပ်နေဟန် ဖြစ်နေကာ သူမ၏အပြုအမှုတို့က ကယောင်ခြောက်ခြားဖြစ်နေသည်။ သို့သော်လည်း ပါးစပ်ထဲတွင် ဘာမှရှိမနေဘဲ ရှင်းနေသည်။ 

သို့သော်လည်း ရှယုသည် အများကြီးမတွေးမိပါ။ မနေ့က နေ့လည်အချိန်တည်းက သူမသည် တစ်ကိုယ္လုံး ထူးခြားစွာ နာကျင်နေကာ နှစ်နာရီခြားတစ်ခါနာနေ၍ အသက်ရှင်လျက် သေမလို ဖြစ်နေသည်။ သို့သော်လည်း အကြောင်းအရင်းကို ဘယ်လိုမှ ရှာ၍မရပါ။ အဖြေကို မသိသဖြင့် ရှယု၏ အကြောက်တရားတို့က သံသယဝင်စရာမလိုအောင် ကြီးမားလာသည်။ နာကျင်မှုက ပျောက်သွားသဖြင့် သူမက ပြီးဆုံးပြီထင်သော်လည်း ထပ်၍ဖြစ်လာပြန်သည်။ သူမ၏မေးကို အဖြုတ်ခံထားရပြီး ရေခဲများ ပါးစပ်အပြည့်ထည့်ထားခံရသလိုဖြစ်နေကာ လျာတို့တောင် ထုံကျဉ်နေသည်။  
Previous Chapter 35 of 42 Next