May Honey Logo May Honey
Previous Next

အပိုင်း (၉)

ရှလျန်က အပြင်းအထန်ထိခိုက်သွားသည်ကို မြင်သည့်အခါ လင်းဇယ်က အံ့ဩသွားသည်။ သူ့လှုပ်ရှားမှုက သူမအား တကယ်ထိခိုက်စေမည်ဟု လုံးဝထင်မထားပါ။ 

သူသည် အခြားအကြောင်းအရာတို့ကို မတွေးနိုင်တော့ဘဲ ထိတ်လန့်သွား၍ သူမထံသို့ အပြေးလာကာ စိုးရိမ်တကြီးကောက်ပွေ့ရင်း မေးသည်။   “လျန် ဘာဖြစ်လို့ ငြိမ်နေတာလဲ? နဂိုတည်းက ထိခိုက်လာတာလား?”

ရှလျန်သည် နာကျင်စွာချောင်းဆိုးပြီး လင်းဇယ်ကိုကြည့်ကာ ပြောသည်။   “ငါ့ကိုကြည့်”

လင်းဇယ်သည် ရှလျန်၏မျက်လုံးများကို အလိုလိုကြည့်လိုက်မိရာ သူသည် အနက်ရောင် ဝဲယက်တစ်ခုကို မြင်လိုက်၍ သူ့စိတ်ဝိညာဉ်ကို ဆွဲခေါ်သွားနိုင်သလို စိတ်အာရုံလွတ်သွားသည်။ လင်းဇယ်သည် နတ်ဘုရားအဆင့်ကျင့်ကြံသူ ဖြစ်၍ ဝိညာဉ်အစွမ်း အလွန်ကောင်းမွန်ကာ ရှလျန်ထံတွင် စိတ်ညို့ခြင်းမခံရနိုင်သည်က ပုံမှန်ဖြစ်သည်။ အောင်မြင်တော့မည့်အချိန်တွင် လင်းဇယ်က ဘာလွဲနေသလဲ ချက်ချင်းသတိထားမိကာ သူမထံမှ ရုန်းထွက်သည်။ ထိုအခါ ရှလျန်သည် ဝိညာဉ်စွမ်းအား တန်ပြန်တိုက်ခိုက်ခြင်းကို ခံရသဖြင့် အလွန်နာကျင်သော်လည်း သူမ၏ အင်းကွက်ကိုပြီးအောင် မနည်းဆွဲနေရသည်။

လင်းဇယ်၏ ခုခံမှုတို့က ပို၍ပြင်းထန်လာကာ ရှလျန်၏ ဝိညာဉ်စွမ်းအားက နည်းသထက် နည်းလာသည်။ သူမက မခံနိုင်တော့ဘဲ လွှတ်ချရတော့မည့်အချိန်တွင် သူမထံတွင် အဆုံးမရှိသည့် ဝိညာဉ်အစွမ်းသစ်တစ်ခုကို ခံစားမိလိုက်သည်။ ထိုအစွမ်းတို့က စီးထွက်လာသည်။ သူမ၏ ရင်ထဲတွင် သူမအား လက်မလျော့ဘဲ ဆက်ကြိုးစားဖို့ အားပေးနေသလိုမျိုး သူမအတွက် သက်သောင့်သက်သာရှိသည်။

“သခင် ကျန်းဝူချင်း”   ရှလျန်သည် နွေးထွေးသည့် စွမ်းအင်စီးကြောင်းက ရှိနေသည့်အတိုင်း ရင်ဘတ်ကို ထိကိုင်လိုက်မိကာ ရေရွတ်မိသည်။ 

အစွမ်းအသစ်ရလာသည့် ရှလျန်၏ဝိညာဉ်စွမ်းအားသည် တိုးသထက်တိုးလာကာ လင်းဇယ်ကို ဖိနှိပ်နိုင်၍ အောင်မြင်စွာ စိတ်ညို့နိုင်ခဲ့သည်။

“9957 ငါ့ကို ‘ချစ်ငှက်မောင်နှံပျံသန်းခြင်း’ ဆေး၁လုံး ချက်ချင်းလဲပေး”
ရှလျန်က စိတ်ထဲကပြောသည်။

“ဒင်!”
“အဆင့်မြင့်နတ်ဆေးဖြစ်သည့် ချစ်ငှက်မောင်နှံပျံသန်းခြင်း ရရှိပါပြီ။ အမှတ် ၃၀ ကျသင့်ပါသည်။ လဲလှယ်ခြင်း‌ အောင်မြင်ပါသည်’
ထို့နောက် ရှလျန်၏ညာဘက်လက်ထဲတွင် အရောင်တောက်ပ၍ မွေးကြိုင်နေသည့် ပဲစေ့အရွယ် နတ်ဆေး၁လုံး ပေါ်လာသည်။

“စားလိုက်”   ရှလျန်က လင်းဇယ်ကိုပေးလိုက်ကာ ပြောသည်။   “နင့်နေရာကိုပြန်သွား။ ဒီမှာဖြစ်ခဲ့သမျှကိုမေ့လိုက်။ ရှလျန်ပြန်လာတာကိုစောင့်ပြီး နှစ်ကိုယ်တူ ကျင့်ကြံလိုက်”

လင်းဇယ်သည် အရုပ်လိုပင်။ နတ်ဆေးကို နာခံစွာမြိုချ၍ ရှလျန်ကိုမကြည့်တော့ဘဲ ပျံသန်း၍ ထွက်သွားကာ သူမပြောသည့်အတိုင်း စောင့်နေသည်။ 

ချစ်ငှက်မောင်နှံပျံသန်းခြင်း နတ်ဆေး၏ အမည်သည် ကဗျာဆန်၍ လှပကာ ထိုဆေး၏ သက်ရောက်မှုသည် နက်ရှိုင်းသည့် ချစ်မြတ်နိုးခြင်း ဖြစ်ပေါ်စေသည်။ ကောင်းကင်တွင် နှစ်ကိုယ်တူပျံသန်း၍ တစ်ကိုင်းတည်းနားသည့် အချစ်ငှက်များကဲ့သို့ ဖြစ်စေသည်။ ထို့ကြောင့် ထိုအချစ်ဆေးသည် လူနှစ်ဦးကို ပျော်ရွှင်မှုနှင့် နာကျင်မှုတို့ကို ဖလှယ်စေသည့်အထိ အချင်းချင်း ချစ်စေသည်။ လူတစ်ယောက်က ဆေးကိုသောက်ထားရုံဖြင့် နောက်တစ်ဦးသည်လည်း ထိုဆေး၏ သက်ရောက်မှုကို ခံစားရမှာဖြစ်သည်။ ထိုဆေးမိထားသည့်လူတို့သည် သူတို့ခန္ဓာကိုယ် အပြောင်းအလဲတို့ကို သတိပြုနိုင်ခြင်းမရှိဘဲ ကုတင်ပေါ်တွင် ကျေနပ်မှုနှစ်ဆရစေပြီး ဒဏ်ရာနှင့် နာကျင်မှုတို့ကိုလည်း နှစ်ယောက်အတူ ခံစားရမှာဖြစ်သည်။

လင်းဇယ်နှင့် အခုတွေ့ကြုံခြင်းသည် မတော်တဆဖြစ်သည်။ သူမ၏ ထိခိုက်အောင် လုပ်ထားသည့်လူကို ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးရရင် သူမက ရင်နာနေရမှာ ဖြစ်သည်။ စနစ်၏ အကူအညီရှိနေသည့် ရှယုနှင့်ရင်ဆိုင်ရခြင်းသည် လင်းဇယ်နှင့် ရင်ဆိုင်ရခြင်းထက် ပို၍ခက်ခဲမည်။ ထို့ကြောင့် လင်းဇယ်မှတစ်ဆင့် ရှယုကိုထိခိုက်အောင် သွယ်ဝိုက်၍တိုက်ခိုက်ခြင်းက ပို၍ ထိရောက်သည်။

ထို့အတူ ရှယုကသာ သူမ၏ဘဝသည် အခြားသူတစ်ယောက်နှင့် အနီးကပ်ချည်နှောင်ခံရသည်ကို သိရှိသွားပါက အလွန်ကြောက်ရွံ့ထိတ်လန့်သွားမည်။ သူမသည် သူ့ကိုယ်သူသာ ချစ်မြတ်နိုး၍ တစ်ကိုယ်ကောင်းဆန်သူဖြစ်ရာ ထိုကဲ့သို့ကိစ္စမျိုးကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း! ရှယုကို မသက်မသာဖြစ်ရန် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းသည် သူမ၏မျက်နှာကို ဖြတ်ရိုက်ခြင်းပင်! ထို့ကြောင့် ရှလျန်သည် အခုလို အကြပ်အတည်းအခြေအနေတွင် ခြေလှမ်းကောင်းတစ်ခုကို လှမ်းနိုင်ခဲ့သည်။

ရှလျန်သည် လင်းဇယ်၏ပုံရိပ်မမြင်ရအောင် ပျောက်သွားသည့်အထိ စောင့်ကြည့်နေချိန် သူမ၏ပါးစပ်မှ တက်လာသည့်လေတို့ကို မထိန်းနိုင်တော့ဘဲ ခေါင်းကိုငုံ့၍ အန်ချမိသည်။ ပါးစပ်ထဲမှ သွေးတစ်လုပ်ထွက်လာ၍ အပြင်းအထန်ချောင်းဆိုးလေသည်။

“လျန် နင့်ခန္ဓာကိုယ်က ထိခိုက်သွားပြီ။ အားဆေးကို အမြန်လဲလိုက် မဟုတ်ရင် နင်သေသွားမယ်”
9957 က စိုးရိမ်တကြီးပြောသည်။

“အင်း။ ဒါဆိုရင် လဲလိုက်”   ရှလျန်က အားနည်းစွာပြောသည်။ သူမ၏ တာဝန်တစ်ခုသည် မူလဇာတ်လိုက်ကို ကယ်တင်ရန် ဖြစ်သဖြင့် ကျန်းမာသည့်ခန္ဓာကိုယ်ရရန် အမှတ်တို့ကို နှမြောမနေပါ။ မဟုတ်လျှင် တာဝန်က ရှုံးနိမ့်သွားမည်! ဒီတစ်ခေါက် တာဝန်အောင်မြင်ရန် ရှလျန်သည် အမှတ် ၂၀၀ခန့် သုံးခဲ့ရသည်။ ထိုပမာဏက များလွန်း၍ သူမသည် စိတ်ဖိစီးသွားကာ တာဝန်ပြီးဆုံးရန် ဘယ်လောက်ထပ်ကုန်နိုင်သလဲကို မတွက်ချင်တော့ပါ။

အားဆေးကို ၁၅မှတ်ဖြင့်လဲပြီးနောက် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတို့က ပို၍ သက်သာလာသည်။ သို့သော်လည်း ဝိညာဉ်အစွမ်းကို ဒီနေ့အများကြီး သုံးထားလေရာ ရှလျန်သည် အားနည်းနေဆဲပင်။ သူမကို ချုပ်နှောင်ထားရာ အကျဉ်းထောင်သို့ ပြန်သွားဖို့လုပ်သော်လည်း ထိုနေရာတွင် အစောင့်ရှိနေလေရာ ဒီတစ်ကြိမ်တွင် စိတ်ထပ်ညို့ဖို့ မဖြစ်နိုင်တော့ပါ။ ဒါကိုတွေးမိသဖြင့် ရှယုနှင့် တွေ့နိုင်သည့် အခြေအနေကို စွန့်စားကာ သိမ်းပကားနယ်မြေသို့သာ ပြန်သွားတော့သည်။

…………

“လင်းဇယ်နဲ့တွေ့တယ်ပြောတာလား? မင်းကိုထိခိုက်အောင်လုပ်သေးလား?”   ကျန်းဝူချင်း၏ မျက်လုံးတို့က နက်မှောင်နေ၍ သွေးဆာနေသည်။

“အင်း”   ရှလျန်သည် ကျန်းဝူချင်းအား ဖြစ်ခဲ့သမျှကို မခြွင်းမချန် အကုန်ပြန်ပြောပြသည်။

ကျန်းဝူချင်းသည် မောပန်းနေပုံရသည့် ရှလျန်ကို သူ့ရင်ခွင်ထဲတွင်ဖက်ထားရင်း သူမ၏ကိုယ်တွင် အခြားဒဏ်ရာရှိမရှိကို ထပ်ခါတစ်လဲလဲ စစ်ဆေးနေသည်။ သူမ၏ စကားဆုံးမှ သူကပြောသည်။   “လိမ္မာတယ်။ အလုပ်ကောင်းကောင်းလုပ်လာတာပဲ။ မင်းအခုပြန်မလာရင် ကိုယ်ဘာလုပ်မှာလဲ သိလား?”

“မသိဘူး”   ရှလျန်သည် ခေါင်းခါပြသည်။ သူမ၏ ဝိညာဉ်စွမ်းအားထိခိုက်ခြင်းသည် လွယ်ကူစွာ ပြန်မသက်သာနိုင်ပါ။

“အရင်ကထက် ပိုဆိုးအောင် အပြစ်ပေးမှာ။ မင်းငိုသွားမယ့်အထိ အပြစ်ပေးပစ်မယ်! သနားဖို့ငိုယိုတောင်းဆိုရင်တောင် ကိုယ်လွှတ်ပေးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် နောင်ဆိုရင် ကိုယ့်ကို ထားသွားတဲ့ ထပ်မလုပ်နဲ့တော့။ နားလည်လား?”   ကျန်းဝူချင်းသည် ရှလျန်၏နားအနားသို့ကပ်၍ ယုတ်မာသည့်လေသံဖြင့် ပြောသည်။

သူ့အပြုအမှုကြောင့် ရှလျန်၏နားရွက်တို့သည် နီရဲလာကာ သူမ၏ရင်သည် ခုန်လာသည်။ ထိုစကား၏ အဓိပ္ပါယ်အတိအကျကို သူမက မသိသော်လည်း ထူးဆန်းသည့်ခံစားချက်ကြောင့် သူမက ရှက်လာသလို ခံစားရသည်။ ထိုကဲ့သို့ အပြစ်ပေးမှုမျိုးကို သူမက မလိုချင်ပါ!

ကြားနေရသည့် 9957ကတော့ မျက်နှာကိုလက်ဖြင့်အုပ်ထားသည်။
‘အရမ်းညစ်ညမ်းတာပဲ ~~ ငါ့လိုဖြူစင်တဲ့စနစ်လေးက ဒါမျိုးတွေကို နားမထောင်ရဲဘူးနော်’

Previous Chapter 31 of 42 Next