အပိုင်း (၁၉)
ရှလျန်သည် ဒါကိုကြားသည့်အခါ မျက်လုံးတို့က တောက်ပလာ၍ သခင်ကို ကျေနပ်စေချင်သည့် ခွေးပေါက်လေးကို ချက်ချင်း ခေါင်းငြိမ့်သည်။ သူမတွင် အမြီးသာရှိပါက အခုအချိန်တွင် ယမ်းနေလောက်သည်။ သူမက သူ့ကို ပျော်စေချင်သည်။
သူမ၏အမှုအယာကြောင့် ကျန်းဝူချင်းသည် စိတ်ပျော့နေကာ ရင်ထဲတွင်ပြုံးနေပြီး သူမ၏ အနားသို့တိုးလာ၍ နားရွက်ကိုယက်လိုက်ပြီးမှ တီးတိုးပြောသည်။ “လျန် ကိုယ့်ကိုတစ်ခါပဲ စားခွင့်ပေး။ လျန်ပြောတာကို ယုံပေးမယ်။ ကိုယ်ဘာသင်ပေးထားလဲ မှတ်မိတယ်မလား။ ကိုယ့်ကို ဘယ်လိုပြောအောင်လုပ်ရမလဲ သိတယ်မလား?”
ရှလျန်သည် သူ့စကားကိုကြားသည့်အခါ မျက်နှာက ချက်ချင်းရဲသွားပြီးနောက် ခေါင်းငြိမ့်သည်။ သူမ၏လက်ကိုဆန့်၍ သူ့လည်ပင်းကို တွယ်ဖက်သည်။ ရှလျန်သည် ရှက်နေသော်လည်း သူ့လည်ပင်းနားသို့ကပ်၍ မျက်လုံးကိုမှိတ်ကာ သူမ၏နှုတ်ခမ်းတို့ဖြင့် ပထမဆုံး အကြိမ် စတင်၍ နမ်းသည်။ ထို့နောက် ကျန်းဝူချင်း၏လက်ကိုယူ၍ သူမ၏လည်ပင်းပေါ်က အမှတ်အသားပေါ်သို့ တင်ပေးကာ တီးတိုးပြောသည်။ “အရှင် ကျွန်မကို အပြစ်ပေးပါ။ စားပါ”
“ဟား ဟား . . . တကယ်လိမ္မာတာပဲ!” ကျန်းဝူချင်းသည် ရင်ခုန်သွားပြီးနောက်အသိပြန်ဝင်လာကာ သူမအားစားပွဲပေါ်တွင် ဖိချလိုက်သည်။
9957 “…”
‘ကျန်းဝူချင်းက ဒီလောက်တောင် အရှက်မဲ့တာပါလား! လျန်ရေ နင့်မေးခွန်းကရော? နင်တို့တွေ အရေးပါတာကို မပြောတော့ဘူးလား? နင့်ကိုယ်ကို နင်မပြောင်းချင်တော့ဘူးလား? ဒီလူက တကယ်ကြီးချောပင်မယ့် နေ့တိုင်းတာဝန်ကိုမလုပ်ဘဲ သူနဲ့ပူးကပ်နေတာတော့ မကောင်းဘူးမလား? ဟန်ချက်ညီအောင်တော့ လုပ်ပါဦး!’
မမျှော်လင့်ထားသည်ဖြင့် ကြုံရသည့်အခါ ရှလျန်သည် ကျန်းဝူချင်း၏ စိတ်အားတက်ကြွမှုနောက်တွင် မျောပါသွား၍ 9957၏ အတွေးများကို မကြားတော့သည်မှာ သဘာဝကျသည်။ စနစ်လေးမှာတော့ ကြမ်းပြင်တွင်ငုတ်တုပ်လေးထိုင်၍ တစ်ယောက်တည်း အထီးကျန်နေရှာသည်။
………………
ကျန်းဝူချင်းသည် စိတ်ကျေနပ်သွားသည့်နောက် ရှလျန်ကိုပွေ့ဖက်ထားဆဲဖြစ်ကာ သူမ၏ ဆံပင်ကိုကိုင်နေ၍ ပျင်းရိစွာပြောသည်။ “လျန် ကိုယ့်ကိုလာရှာတာ ဘာပြောမလို့လဲ?”
“ကျွန်မ ခန္ဓာကိုယ်ကို ပြန်လိုချင်တယ်” ရှလျန်၏အသံသည် နူးညံ့နေသော်လည်း အနည်းငယ် အက်ရှနေသည်။
“ဟင့်အင်း။ သဘောမတူဘူး။ ကိုယ်မကြိုက်ဘူး” ကျန်းဝူချင်းက ချက်ချင်းငြင်းဆန်သည်။
“ရှယုနဲ့ ကျွန်မက ရုပ်ချင်းအတူတူပဲလေ။ ဝိညာဉ်အမြစ်ပဲ ကွာတာကို” ရှလျန်က သူဘာကိုမကြိုက်ဖြစ်နေသလဲကို နားမလည်ပါ။
“သူများတွေ သုံးထားတဲ့ ခန္ဓာကိုယ်ကြီး! ဘယ်လိုလုပ်တူမှာလဲ?” ကျန်းဝူချင်းက အေးစက်စွာပြောသည်။ “လျန် ဒီကိုယ်က ကျင့်ကြံလို့မရလို့ စိတ်ညစ်နေတာလား?”
“ဟုတ်တယ်။ ဘယ်လောက်ကျင့်ကျင့် အဆင့်မတက်နိုင်ဘူး” ရှလျန်က ခေါင်းငြိမ့်သည်။ သူမသည် မူလကိုယ်ကို ကယ်တင်ချင်သည်။ ထို့ကြောင့် မူလဇာတ်လိုက်နှင့် သက်ဆိုင်သမျှကို သူမက ပြန်ယူပေးရမည်။ ထိုကျင့်ကြံအဆင့်များနှင့် ကောင်းကင်အဆင့် ဝိညာဉ်အမြစ်သည် မူလဇာတ်လိုက်၏ အပိုင်ဖြစ်သည်။ သူမက ထိုအထောက်အပံ့နှင့် အရည်အချင်းတို့ကို မှီခိုနိုင်လျှင် မသေမျိုးဖြစ်သည့်အထိ ကျင့်ကြံနိုင်၍ ထာဝရအသက်ကို ရရှိနိုင်သည်။ သို့သော် ရှုပ်ထွေးသည့်ဝိညာဉ်အမြစ်သည် မည်ကဲ့သို့ ကျင့်ကြံပါစေ မပြောင်းလဲနိုင်သဖြင့် မူလဇာတ်လိုက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါ။
“ဒါကိုတော့ မင်းစိတ်ချထားလို့ရတယ်။ ဒီအရှင် အသက်ရှင်နေသ၍ မင်းလည်းရှင်မယ်။ ဘယ်တော့မှ ကိုယ့်ထက်အရင်သွားဖို့မလိုဘူး” ကျန်းဝူချင်းသည် သူမ၏ဆံပင်ကို ဆက်ထိကိုင်နေဆဲဖြစ်ကာ ကတိပေးနေသကဲ့သို့ ပြောသည်။
သူတို့ချုပ်ဆိုထားသည့် သေရေးရှင်ရေးစာချုပ်ကြောင့် သူ့သက်တမ်းသည် သူမထံသို့ ကူးပြောင်းပေးနေမှာဖြစ်ပြီး သူအသက်ရှင်နေသ၍ ရှလျန်သည်လည်း အသက်ရှင်နေမှာ ဖြစ်သည်။ သူတို့က တစ်သားတည်းပင်။ ခွဲခြား၍ မရနိုင်ပါ။
“ဒါပင်မယ့် ကျွန်မရဲ့ ကျင့်ကြံရေးအဆင့်က နိမ့်လွန်းတယ်။ ပြဿနာတက်ရင် မကူညီနိင်ဘူး” ရှလျန်သည် မျက်မှောင်ကျုံ့၍ ပြောသည်။ သူ့အနောက်သို့လိုက်ပါက သူမက သူ့အားနည်းချက်နှင့် သူ့ပြဿနာဖြစ်လာလိမ့်မည်။
“ကိုယ်က မင်းရဲ့အရှင်ပါ။ မင်းကို ကာကွယ်ရမှာ ကိုယ့်တာဝန်ပဲ” ကျန်းဝူချင်းသည် သူမကို အလေးအနက်ထား၍ မျက်လုံးကိုကြည့်ပြောကာ သူ့ဆုံးဖြတ်ချက်ကို သူမအား နားလည်စေချင်သည်။ သို့သော်လည်း သူ့ရင်အနက်ဆုံးက အကြောက်တရားက ပျောက်မသွားပါ။ အကယ်၍ တစ်နေ့တွင် ရှလျန်က ဒဏ်ရာရ၍ သူက မကယ်တင်နိုင်ဘဲ သူမသာ သေဆုံးသွားလျှင် ထိုအဆုံးသတ်မျိုးကို သူဘယ်လိုမှ လက်မခံနိုင်ပါ။ အတွေးဖြင့်တောင် မရပါ။ ဒီလိုဖြစ်လာလျှင် သူဘယ်လိုလုပ်ရမည်နည်း။ ထို့ကြောင့် ဒီလိုကိစ္စမျိုး ဘယ်တော့မှ ဖြစ်၍မရပါ။
“လျန် ကိုယ့်ကိုကတိပေးရမှာ တစ်ခုရှိတယ်! မဟုတ်ရင် ကိုယ်ကတိတွေအကုန်ဖျက်ပြီး မိစ္ဆာကျင့်စဉ်ကျင့်လိုက်မှာ။ ကမ္ဘာကိုဖျက်စီးပစ်မှာ။ လျန်မကြိုက်တာတွေ အကုန်လုပ်ပစ်မှာ။ နားလည်လား?” ကျန်းဝူချင်းသည် သူမအား ခြိမ်းခြောက်သည်။
ရှလျန်သည် သူ့စကားတို့ကြောင့် မျက်မှောင်ကျုံ့သည်။ သူမက ဒီလိုမဖြစ်စေချင်ပါ။ သူပြောသလို ဖြစ်လာလျှင် တာဝန်က ရှုံးလိမ့်မည်။ တာဝန်ရှုံးလျှင် အမှတ်မကျန်တော့ပါ။ ဒါမျိုးကို ရှလျန်က လုံးဝလက်မခံနိုင်ပါ။
“ပြောပါ။ ကျွန်မကတိပေးတယ်” ထို့ကြောင့် ရှလျန်က ခေါင်းငြိမ့်သည်။
“အနာဂတ်မှာ အန္တရာယ်နဲ့ကြုံရင် အရင်ဆုံး ဝေးနိုင်သမျှဝေးဝေးကို ပြေးရမယ်။ ကိုယ့်ကို မကယ်နဲ့။ လျန်က အန္တရာယ်ကြား မဝင်ရဘူး။ နားလည်လား? မလုပ်နိုင်ဘူးဆိုရင် ကိုယ်မင်းကို ပေးထားတဲ့ကတိကို မတည်တော့ဘူး” ကျန်းဝူချင်းက တစ်ခွန်းချင်း သေချာပြောသည်။
“ဘာဖြစ်လို့လဲ?” ရှလျန်က သူ့စကားတို့ကြောင့် ထိတ်လန့်သွားကာ နားမလည်နိုင် ဖြစ်နေသည်။
“ဒီအကြောင်းအရင်းကိုတော့ လျန်ကိုယ့်ကိုချစ်မိသွားရင် နားလည်မှာပါ” ကျန်းဝူချင်းသည် သူမ၏နဖူးလေးကို နမ်းလိုက်ကာ ပြောသည်။ သူက အဖြေကိုမပြောသော်လည်း ရှလျန်က အနမ်းမှ မတူညီသည့် ခံစားချက်ကို ခံစားရသည်။ ထိုအနမ်းသည် လျှပ်စီးကဲ့သို့ ရင်ထဲအထိရောက်လာစေသည်။
9957လည်း တိတ်သွားသည်။ အကြောင်းအရင်းကို သူလည်းတွေးကြည့်နေသည်။ အကယ်၍ ထိုကဲ့သို့ တစ်နေ့တွင်ဖြစ်လာလျှင် လျန်က ဘာကိုရွေးချယ်မည်နည်း? အမှတ်ကို ရွေးချယ်မည်လား? ကျန်းဝူချင်းကို ရွေးချယ်မည်လား? ထိုကဲ့သို့နေ့ကိုလည်း တာဝန်ပြီးဆုံး၍ ကမ္ဘာက ထွက်ရလျှင် သိနိုင်လောက်ပါလိမ့်မည်။