May Honey Logo May Honey
Previous Next

အပိုင်း (၁၄)

နာကျင်မှုကို မထိန်းချုပ်နိုင်ပါ။ ရှယုသည် သူမ၏အာရုံငါးပါးကို အစွမ်းဖြင့်ပိတ်ရန် ကြိုးစားကြည့်သော်လည်း အသုံးမဝင်ပါ။ နာကျင်မှုသည် စိတ်ဝိညာဉ်က ဖြစ်နေခြင်းဖြစ်ပြီး ခန္ဓာကိုယ်က မဟုတ်ပါ။ သူမ၏ ကိုယ်တွင် ဘာဒဏ်ရာမှ မရှိသလို ဘယ်သူကမှ သူမအား နှိပ်စက်နေခြင်း မရှိဘဲ တစ်ကိုယ်လုံးတွင် နာကျင်မှုကို ခံစားနေရခြင်း ဖြစ်သည်။ ကြာပွတ်ဖြင့်ရိုက်ခံရခြင်း၊ အကြောများပိတ်ဆို့ခြင်း၊ အရိုးချိုးခံရခြင်းနှင့် အသားတို့ကို လောင်ကျွမ်းသွားခြင်း အစရှိသည်ဖြင့် နာကျင်မှုတိုင်းက ရှင်းလင်းနေရာ သူမကို ပို၍ ထိတ်လန့်စေသည်။

ထိုအခိုက်အတန့်တွင် ရှယု၏ရင်ထဲက အကြောက်တရားသည် ဂိတ်ဆုံးသို့ ရောက်နေပြီ။ သူမက အခြေအနေကို ထပ်ခါတစ်လဲလဲ သုံးသပ်ပြီးနောက် သူမအား တစ်စုံတစ်ယောက်က လျို့ဝှက်၍ လုပ်ကြံထားခြင်းဖြစ်ကြောင်း သတိထားမိလာသည်။ သို့သော်လည်း သူမအား သူမကိုယ်တိုင် မသိစေရဘဲ ဤကဲ့သို့လုပ်နိုင်မည့်သူသည် အလွန်အင်အားကြီး၍ သူမက မခုခံနိုင်အောင် သူမနှင့်ရင်းနှီးသည့်သူ ဖြစ်ရလိမ့်မည်။ ထိုအချက်တို့သည် သူမ၏ ချစ်သူများအပေါ် ညွှန်ပြနေသည်။ ရှယုသည် သူမ၏ ချစ်သူတို့အပေါ် သံသယမျိုးစေ့ကျလာသည်။ သူမကိုယ်တိုင်မှာ တစ်ကိုယ်ကောင်းဆန်၍ သံသယဝင်လွယ်သည့် သဘာဝရှိလေရာ ထိုအစေ့ကို အပင်ပေါက်ရန် ရေလောင်း၍ မြေဩဇာကျွေးဖို့ မလိုတော့ပါ။

………………

ရက်အချို့ကြာသည့်အခါ   “အရှင်သခင် လင်းဇယ်က ထွက်ပြေးသွားပါပြီ။ သူ့ဟာသူလွတ်သွားတယ်လို့ထင်အောင် ဒီငယ်သားက ဘယ်သူ့ကိုမှ သူ့အနောက်ကို မလိုက်ခိုင်းထားပါဘူး။ ဒါပင်မယ့် လင်းဇယ်က သူတို့ဂိုဏ်းကို ပြန်ရောက်လာပြီလို့ ချီယန်ဂိုဏ်းက သတင်းရထားပါတယ်။ လင်းဇယ်က ပြန်ရောက်တာနဲ့ သူ့ဂိုဏ်းက ရွှမ်ယုဂိုဏ်းသားတွေ အကုန်လုံးကို မောင်းထုတ်လိုက်ပြီးနောက် သူတို့နှစ်ဂိုဏ်းကြားက အဆက်သွယ်ကိုဖြတ်ထားပါတယ်။ သူတို့နဲ့ ရွမ်ယုဂိုဏ်းက ရန်သူတွေ ဖြစ်သွားပြီလို့တောင် ကြေညာထားပါတယ်”

ချီယန်ဂိုဏ်းသည် ကျင့်ကြံရေးကမ္ဘာတွင် အရင်းအမြစ်ပေါများခြင်းကြောင့် သတင်းမွှေးသည်။ လွန်ခဲ့သည့် နှစ်ငါးဆယ်က သူအဆင့်ထိုးဖောက်နိုင်ချိန်တွင် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ သူတို့ဂိုဏ်းသားများသည် စိတ်ဝိညာဉ်ကျောက်တုံးများအတွက် အခကြေးငွေတောင် ပေးဖို့မလိုအပ်ပါ။

ယခုအခါ လင်းဇယ်သည် ရှယုကို အလွန်မုန်းတီးနေပြီဖြစ်သော်လည်း ရွှမ်ယုဂိုဏ်းကို ဝင်မတိုက်ခိုက်သေးခြင်းသည် မတိုက်ခိုက်ချင်၍ မဟုတ်ပါ။ သူဒဏ်ရာအမြောက်အများရထားပြီး အပြည့်အဝပြန်လည် မကောင်းမွန်သေးသဖြင့် မတိုက်ခိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက ဘယ်လိုလုပ်၍ သည်းခံနေမည်နည်း။

သို့သော်လည်း ရှယုက အချို့အရာများကို အရင်စလာလျှင် လင်းဇယ်က ချီတုံချတုံ ဖြစ်နေမည် မဟုတ်ပါ။ ထို့ကြောင့် ဂိုဏ်းသို့ပြန်ရောက်သည်နှင့် အတွင်းပိုင်းအထိ ဂိုဏ်းကို သန့်အောင် လုပ်လိုက်သည်။ မူလအချိန်က ချီယန်ဂိုဏ်းနှင့် ရွှမ်ယုဂိုဏ်းတို့သည် ဂိုဏ်းခေါင်းဆောင် နှစ်ဉးကြောင့် အလွန်ဆက်ဆံရေးကောင်းပြီး ခွဲခြားခြင်း မရှိပါ။ ထိုဂိုဏ်းနှစ်ခုက တပည့်တို့သည် အမြဲတမ်း အဆက်အသွယ်ရှိ၍ တပည့်တို့က ဂိုဏ်းနှစ်ဂိုဏ်းတွင် ရောထွေးနေသည်။

ယခုအခါ လင်းဇယ်သည် ရွှမ်ယုဂိုဏ်းကိုကျောခိုင်း၍ ထိုဂိုဏ်းသားတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေ၍ မောင်းထုတ်ခြင်းနှင့် ဘိုးဘေးအဆင့်အချို့ကို ထုတ်ပစ်ခြင်းတို့ ပြုလုပ်လိုက်သည်။ ထိုအပြုအမှုကြောင့် ချီယန်ဂိုဏ်းသားအချို့သည် စိတ်တိုကြကာ အချို့ဆိုလျှင် အမိန့်ကို ဆန့်ကျင်ဖို့ ရပ်တည်သူများတောင် ရှိသည်။ ထို့ကြောင့် ချီယန်ဂိုဏ်းတစ်ခုလုံးသည် လင်းဇယ်ကြောင့် အတွင်းရေး ရှုပ်ထွေးနေသည်။

“လင်းဇယ်ရဲ့ လှုပ်ရှားမှုတွေက မနှေးဘူး”
ကျန်းဝူချင်းသည် နတ်လက်ဖက်ရည်တစ်ငုံကို သောက်ရင်း ပြောသည်။
“ဒါပင်မယ့် အရူးပဲ။ ရန်သူကို ထိခိုက်အောင် မလုပ်ရသေးဘဲ ကိုယ့်အင်အားကိုယ် ဖြုန်းတီးတယ်။ မင်းသူ့ကိုကူညီပြီးတော့ ချီယန်ဂိုဏ်းကို အခြေတည်ငြိမ်အောင် ကူညီပေးလိုက်။ ရှယုကို ရင်ဆိုင်နိုင်အောင် အင်အားဖြည့်ပေး”
ကျန်းဝူချင်းသည် ဤကဲ့သို့အကွက်များက ရှယုနှင့်ရင်ဆိုင်ချိန်တွင် အင်အားရှိပါတော့မည်လားကို သံသယဝင်မိသည်။

သူ့တပည့်က နာခံစွာပြောသည်။   “လင်းဇယ်က ဒီလိုလုပ်တာကို ကြားတဲ့အချိန်မှာ ရှယုက စိတ်ဆိုးသွားတယ်လို့ ရွှမ်ယုဂိုဏ်းကနေ ကြားထားပါတယ်။ ဒါပင်မယ့် သူတို့က ဘာမှမလုပ်သေးပါဘူး။ ချီယန်ဂိုဏ်းက ကန်ထုတ်ခံရတဲ့ ဂိုဏ်းသားတွေကို အရေးမလုပ်သလို သူ့ချစ်သူတွေကိုတောင် နှင်ထုတ်ထားတယ်လို့ ကြားပါတယ်”

“ကောင်းပြီ”   ကျန်းဝူချင်းက အထင်သေးစွာ ရယ်နေသည်။ ရှယုသည်လည်း လင်းဇယ်ကဲ့သို့ အရူးပင်။ အရူးနှစ်ယောက်က အချင်းချင်းတိုက်ခိုက်လျှင် သူက ဘာမှလုပ်ဖို့ မလိုအပ်ပါ။ သူသည် သူတို့မီးကို ပိုလောင်မြိုက်အောင် ယပ်ခတ်ပေးနေမည်ဖြစ်ပြီး အချင်းချင်းပိုလောင်ကျွမ်းစေအောင် လုပ်မည်။ တိုက်ပွဲက သူထင်ထားသည်ထက် ပို၍စိတ်ဝင်စားစရာ ကောင်းတော့မည်။

ကျန်းဝူချင်းသည် သူ့တပည့်၏ အခြားတင်ပြချက်များကို စိတ်ရှည်စွာ နားထောင်ပြီးနောက် အနားယူရန် ပြန်လာပြီး ရှလျန်ကို ရှာတော့သည်။ အချိန်ခနပဲရှိသေးသော်လည်း သူမကို သူလွမ်းနေပြီဖြစ်သည်။

………………

“လျန် လက်ရှိတာဝန်ပြီးမြောက်နှုန်းက အရမ်းကောင်းတယ် 50%တောင် ဖြစ်နေပြီ။ လျန်လျန်က ဒီတစ်ခေါက်လုပ်တာတော်တယ်ဟေး”   9957က ပျော်ပျော်ကြီး ပြောနေသည်။ 

တကယ်တော့ သူပျော်နေသည်မှာ အခြားတစ်ခုကြောင့်လည်း ပါဝင်သည်။ ရှလျန်၏ပြောင်းလဲမှုအစီအစဉ်သည် 8% ဖြစ်သွားပြီဖြစ်၍ ရက်အနည်းငယ်အတွင်းမှာ 3% တက်လာသည်။ ထိုကဲ့သို့ ဒုံးပျံစီးသလို တိုးတက်မှုကြီးသည် 9957 အား ပျံတက်မတက် ပျော်ရွှင်စေသည်။ ရှလျန်က ကျန်းဝူချင်းကို သူမကိုယ်သူမ သတိမထားမိဘဲ ဂရုစိုက်လာပြီ ဖြစ်သည်။ အချိန်တစ်ခုကြာလျှင် သူမ၏ နှလုံးသားက အရည်ပျော်ကြသွားတော့မှာ အမှန်ပင်။

ရှလျန်ကတော့ သူမ၏ ရမှတ်များကိုကြည့်နေပြီး 9995ကို အဖက်မလုပ်အားပါ။ သူမတွင် အရင်က အမှတ် 296ရှိခဲ့သော်လည်း အသုံးပြုမှုမျိုးစုံကြောင့် 75မှတ်သာ ကျန်တော့သည်။ သူမက အလွန်စိတ်ဖိစီးနေသည်။ ထိုနည်းပါးသည့် အမှတ်တို့ကြောင့် ရှလျန်၏ မျက်ခုံးတို့က ကျုံ့နေကာ နှုတ်ခမ်းတို့က တင်းတင်းစေ့ထားမိသည်။

တာဝန်သာ မအောင်မြင်လျှင် သူမက ကပ်ဘေးကြုံရတော့မည်ဖြစ်ပြီး သူမသည် ထိုကဲ့သို့ မဖြစ်စေချင်ပါ။ ခနတွေးပြီးနောက် မျက်လုံးကို မှိတ်လိုက်သည်။ အခုအချိန်တွင် အောင်မြင်နေသည့် ဇာတ်လိုက်အတု ရှယုကို မျက်နှာဖြတ်ရိုက်၍ မူလဇာတ်လိုက်ကို ကယ်တင်ကာ ကမ္ဘာပျက်မည့်ဘေးမှ ကာကွယ်ခြင်းသည် အဆင်ပြေနေသေးသည်။

လင်းဇယ်ကို သူမခတ်ခဲ့သည့် ချစ်ငှက်မောင်နှံပျံသန်းခြင်းဆေးကြောင့် ရှယုသည်လည်း နှိပ်စက်ခံနေရပြီဖြစ်ပြီး ကျန်းဝူချင်းသည်လည်း ရှယုကို သူမအတွက် ရှင်းပေးမည်ဟု ကတိပေးထားသည်။ ကျန်းဝူချင်းက မိစ္ဆာလမ်းစဉ်ကို မကျင့်ကြံတော့သဖြင့် နတ်နှင့်မိစ္ဆာကြားမှ စစ်ပွဲဖြစ်လာစရာလည်း မရှိတော့ဘဲ ကမ္ဘာပျက်မည် မဟုတ်ပါ။

သူမက ဇာတ်လိုက်ဖြစ်ရာ အခုအချုပ်မှလွတ်၍ ရှယုနှင့်ဝေးနေကာ သူမ၏ကိုယ်မှ နာကျင်မှုကိုလည်း ကုသပြီးပြီ ဖြစ်သည်။ ကျန်းဝူချင်းကလည်း သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံသည်။ အရာအားလုံးသည် အဆင်ပြေချောမွေ့နေသော်လည်း ရှလျန်၏စိတ်ထဲတွင် နောက်ပိုင်းတစ်ခုခုဖြစ်၍ တာဝန်မအောင်မြင်မည်ကို စိုးရိမ်နေဆဲပင်။

ရှလျန်သည် ခနတွေးပြီးနောက် သူမ၏ကိုယ်သည် ကျင့်ကြံရာတွင် မပြည့်စုံမှုရှိခြင်းကို တွေ့ရှိသည်။ ထိုခန္ဓာကိုယ်မှာ ရှုပ်ထွေးသည့် စိတ်ဝိညာဉ်အမြစ်သာရှိပြီး နတ်ဆေးများဖြင့် ဖြည့်စွက်ပေးနေလျှင်လည်း ထူးခြားမှု မရှိနိုင်ပါ။ အဆင့်တက်ဖို့က အလွန်ခက်ခဲသည်။

ကျင့်ကြံခြင်းကမ္ဘာတွင် ကျင့်ကြံသည့်အဆင့်အတန်းက ဘဝကို ဆုံးဖြတ်ပေးနိုင်သည်။ သူမသည် အခြေခံအုတ်မြစ်တည်ဆောက်သည့်အဆင့်သာ ရှိသည်။ သူမသည် နတ်ဆေးမျိုးစုံ သောက်၍ အသက်ရှည်ဆေး မည်မျှပင် သောက်ပါစေ သက်တမ်းက နှစ်၃ရာသာရှိသည်။

မဟာယနအဆင့်ကိုရောက်လျှင်တောင် သက်တမ်းသည် နှစ်ထောင်ချီသာ ရှင်နိုင်သေးသည်။ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် နတ်ဘုံသို့ အစစ်အမှန်တက်လှမ်းနိုင်မှသာ မသေမျိုးဘဝကို ရရှိမှာဖြစ်သည်။ မူလကိုယ်၏ ကျင့်ကြံမှုကောင်းမွန်သည့် ခန္ဓာကိုယ်နှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကိုရမှ အောင်မြင်သည်ဟု သတ်မှတ်နိုင်မည်လား?

ရှလျန်သည် 9957အား မေးခွန်းကိုမေးသော်လည်း အဖြေက မရေရာပါ။ 9957လည်း နတ်ဘုရား၏ တွက်ချက်မှုဥပဒေတို့ကို သေချာမတွက်နိုင်သောကြောင့် ဖြစ်သည်။ သူသည် သင့်တော်သည့် အကြံတို့ကိုသာ ပေးနိုင်သည်။

ရှလျန်၏ စိတ်ခံစားချက်က ပိုဆိုးလာကာ စိုးရိမ်စိတ်ပိုများလာသည်။ သူမသည် မျက်နှာက တည်နေ၍ ကုတင်ပေါ်တွင် ညာဘက်လက်မြှောက်၍ ဟိုလှိမ့်ဒီလှိမ့်လုပ်နေသည်မှာ ထူးဆန်း၍ ရယ်ရသည်။

ကျန်းဝူချင်းရောက်လာချိန်တွင် သူမ၏ထိုအပြုအမှုကို မြင်လိုက်ရသည်။ လေးနက်နေသည့် မျက်နှာထားကြီးဖြင့် ကလေးဆန်စွာပြုမှုနေသည့်အခါ ကျန်းဝူချင်းသည် ခပ်ဖွဖွရယ်မိသွားသည်။ သူ့အစေခံလေးမှာ တကယ့်ကို ရယ်ရ၍ စိတ်ဝင်စားစရာ ကောင်းသည်။ သူမကိုသာ နေ့တိုင်းကြည့်နေရလျှင် သူဘာမှမလုပ်လည်း ဖြစ်မည့်ပုံစံပင်။ ပျင်းရိနေသည့် အထီးကျန်နှလုံးသားသည် ပြန်ရှင်သန်လာသလို ဖြစ်သည်။ ကမ္ဘာကြီးက လှပ၍ နေရသည်မှာ ပျော်ဖို့ကောင်းလာကြောင်း ဖြည်းဖြည်းချင်း သူခံစားမိနေပြီ။

“ဘာလုပ်နေတာလဲ? ဆော့နေတာလား?”
ကျန်းဝူချင်းက လျှောက်လာ၍ သူမ၏လက်ကောက်ဝတ်ကိုဖမ်းကာ သူမ၏အပေါ်တွင်တက်ဖိ၍ သူမ၏နှာခေါင်းထိပ်လေးကို ထိလိုက်သည်။ သူတို့သည် အလွန်နီးကပ်၍ ရှုထုတ်သည့်လေတို့က ကျီဆယ်နေသလိုပင်။

“အရင်ဖယ်ပေးပါဦး။ အသက်ရှုမရတော့ဘူး”   ရှလျန်၏ကိုယ်သည် သူ့ကြောင့်နူးညံ့လာကာ အသက်ရှုရခက်လာ၍ သူ့လက်တို့ကို တွန်းထုတ်သည်။

“မရဘူး!”   ကျန်းဝူချင်းသည် သူမကို အရူးလုပ်သည်။ ရှလျန်၏လက်ကို တစ်ဖက်ထဲဖြင့် အလွယ်လေး ဖမ်းထားကာ သူမကိုဖက်၍ သူမ၏လည်တိုင်ကို မျက်နှာအပ်ရန် ခေါင်းစောင်းပြီးနောက် တီတိုးပြောသည်။ သူမ၏ ရှက်၍နီရဲနေသည့် နားရွက်ဖျားတို့ကိုကြည့်ကာ သူခံစားချက်က ပိုကောင်းလာသည်။

ရှလျန်၏မျက်နှာသည် သူ့အပြုအမှုတို့ကြောင့် ရှက်၍နီနေကာ ချုပ်ကိုင်ခံထားရသည့် လက်တို့မှာ ထုံကျဉ်နေသည်။ သူမ၏အနေအထားသည် သားသတ်စားပွဲပေါ်တွင် လည်လှီးခံရတော့မည့် သိုးတစ်ကောင်လိုပင်။

ကျန်းဝူချင်းက ထလိုက်၍ သူမကိုကြည့်သည့် မျက်လုံးတို့သည် နက်မှောင်ကာ ပူလောင်နေပြီး ရှလျန်ကို လောင်ကျွမ်းသွားမတက်ပင်။ သူ့ခေါင်းကို ဖြည်းဖြည်းချင်းငုံ့လာ၍ အသံအက်ကွဲစွာ ပြောသည်။   “လျန် ပြောကြည့်။ ကိုယ်ဒီနေ့ လျန်ကိုစားလို့ရမလား?”
Previous Chapter 36 of 42 Next