အပိုင်း (၃)
သိမ်းပကားနယ်မြေသည် ကျန်းဝူချင်းကို ထိန်းသိမ်းရန် သီးသန့်ထားသည့်နေရာ ဖြစ်သည်။ ထိုနေရာကို ရှယုတစ်ယောက်သာ လွတ်လပ်စွာ ဝင်ထွက်နိုင်၍ သူမ၏ အမျိုးသားများတောင် ထိုနေရာအနီးသို့ မချဉ်းကပ်နိုင်ပါ!
သတင်းကောင်းသည် ရှလျန်အား ထိန်းချုပ်ထားသည့် အနန္တနယ်မြေနှင့် မဝေးပါ။ ထိုနယ်မြေနှစ်ခုသည် ရွှမ်ယုဂိုဏ်း၏ တားမြစ်နေရာများဖြစ်၍ သာမန်တပည့်တို့သည် ထိုနားကို ချဉ်းကပ်၍တောင်မရပါ!
ဂိုဏ်းထဲတွင် ထိုနေရာနှစ်ခုသို့လာနိုင်သည့် ရှယုသည် ဂိုဏ်းထဲတွင် အခုရှိမနေပါ။ ရှလျန်အတွက် အခွင့်ကောင်းပင်! အနန္တနယ်မြေမှ ထွက်လာရာလမ်းသည် ချောမွေ့နေသည်။ ကျင်းဝူချင်းကို ထိန်းသိမ်းထားသည့်နေရာသည် ရှင်းလင်းနေ၍ အစောင့်တစ်ယောက်မှ မထားပါ!
ရှယုသည် သူမ၏ချိပ်စည်းကို အလွန်ယုံကြည်မှုရှိ၍ဖြစ်သည်! ယုံကြည်မှုရှိခြင်းမှာလည်း ထိုချုပ်နှောင်ထားသည့်ချိပ်စည်းသည် သူမ၏စနစ်ကထုတ်ပေးသည့် အသန်မာဆုံး စည်းတံဆိပ် ဖြစ်သည်။ မဟာယာနအဆင့်တောင်မှ ချိပ်စည်းအကြောင်းကို နားမလည်လျှင် ဖျက်၍မရပါ။ ထွက်ပြေးဖို့က ဝေးသေးသည်!
သို့သော်လည်း ကျွမ်းကျင့်အဆင့်ရောက်နေသည့် ရှလျန်ကတော့ ထိုစည်းတို့ကို အနည်းငယ် ပြောင်းလိုက်ရုံဖြင့် သူမ၏လမ်းကို မပိတ်နိုင်တော့ပေ။ အနည်းငယ်ပြင်လိုက်ရုံဖြင့် သေချာစီစဉ်ထားသည့် ချိပ်စည်းသည် ထင်သည့်အတိုင်း ပျက်သွားသည်။ ရှလျန်သည် အတားအဆီးမရှိ ဝင်လိုက်သည်။
“ပုပ်သိုးနေတဲ့မိန်းမ ရွံ့ဖို့ကောင်းလိုက်တာ! ငါတို့ကောင်းကင်ဘုံဂိုဏ်းကို ဖျက်စီးရဲမှတော့ သေကိုသေရမယ်! မင်းကြိုက်သလိုသာရိုက်။ ငါ့ဦးလေးနဲ့ မင်းတွေ့လိမ့်မယ်။ မင်းနဲ့တန်တယ်! မင်းက ရူးနေတဲ့မိန်းမပဲ!”
“ညစ်ပတ်တဲ့ကောင်မ ငါတို့ဂိုဏ်းသားအကုန်လုံးကို သတ်ချင်သတ်ပစ်! ငါတို့သေလို့ သရဲဖြစ်ရင်တောင်မှ နင့်ကိုလက်စားလာချေဦးမှာ!”
“အပုပ်မ! ရွံ့စရာကောင်းလွန်းတယ်! ခွေးမ!”
“………………”
ရှလျန်ဝင်လာသည်နှင့် အထဲက ဒေါသတကြီးဆဲဆိုသံတို့ ထွက်လာသည်! သို့သော်လည်း ထိုလူတို့သည် ကျင့်ကြံခြင်းကောင်းမွန်သည် နာမည်ကျော်များဖြစ်သည်။ ထက်မြက်သူများ ဖြစ်သော်လည်း အခုလိုဆဲဆိုနေသည့်အခါ သူတို့သည် ထိုစကားများကိုသာ ထပ်တလဲလဲဆဲဆိုနေ၍ ဘာအသစ်မှလည်း မပြောကြပေ။
ရှလျန်၏မျက်နှာသည် အမှုအယာမဲ့နေကာ ဒီလူတို့၏ဆဲဆိုခြင်းကို ဘယ်လိုမှမနေ။ သူမက အရှေ့သို့ဆက်သွား၍ အထဲက ကျောက်အခန်းတို့ကို ကြည့်လိုက်ရင်း ကျန်းဝူချင်းကို ရှာသည်။ ရှလျန်သည် ကျန်ဝူချင်းကို မမြင်ဖူးသော်လည်း အစတည်းက သူမ၏အရှေ့က ကျောက်အခန်းများထဲတွင် ဒီလူမရှိဘူးဟု အလိုလိုခံစားရသည်။
ထိုကောင်ကင်ဘုံဂိုဏ်းကလူများကတော့ သူမကိုဆဲဆိုပြီးသည့်အထိ သူမက ဒေါသမထွက်သလို အပြစ်လည်း မပေးသည်ကို တွေ့ရသဖြင့် သူမ၏စိတ်ထဲတွင် ဘာကိုကြံနေသလဲ တွေးမိကုန်ကြသည်။ ‘ဒီမိန်းမက ဒီတစ်ခေါက် ဘာလုပ်ဦးမှာလဲ?’
ရှလျန်သည် လျှောက်ပတ်ကြည့်ရင်း နံရံတစ်ခုကိုမြင်သည့်အခါ မျက်လုံးက တောက်ပသွားသည်။ သူမက လက်ကိုဆန့်၍ လက်ဟန်အချို့လုပ်လိုက်သည့်အခါ နံရံတွင် တံခါးတစ်ခုပေါ်လာ၍ ပွင့်သွားသည်။ တံခါးပွင့်သည်နှင့် အထဲကလူကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ဒီလူက ကျန်းဝူချင်းဖြစ်ကြောင်း ရှလျန်က သေချာသွားသည်။
ရှလျန်သည် ယောက်ျားတို့အပေါ် မကောင်းမြင်စိတ်များ၍ အထင်မကြီးတက်သူပင်။ ဒီလူကို တွေ့ချိန်တွင်တော့ သူမသည် စိတ်ခံစားမှုတစ်ခု ရလိုက်သည်။ သူမ၏ အရှေ့ကလူသည် တကယ့်ကို သာမန်သေမျိုးတစ်ယောက် ဟုတ်မနေဘဲ အရှင်သခင်တစ်ပါးအသွင်ဖြစ်သည်။
သူ့မျက်နှာသည် ပြစ်ချက်မရှိချောမော၍ စိတ်နေစိတ်ထားကလည်း ထူးခြားသည်။ မျက်လုံးကိုမှိတ်၍ နံရံကိုဒီတိုင်းမှီထားသော်လည်း သူ့ပုံစံက မှေးမှိန်မနေပါ။ သူမတောင် ဒီလူကြောင့် အနည်းငယ် ရှက်သွားသည်! သူ့ခန္ဓာကိုယ်သည် ပြီးပြည့်စုံသည် ရေခဲရုပ်ထုလိုပင်။ ဘာဖုန်မှုန့်မှ မထင်သင့်သည့်အတိုင်းဖြစ်သော်လည်း အခုတော့ သွေးအနည်းငယ်စွန်းနေခြင်းက သူ့အား ကြည့်ရသည်မှာ မှော်ဆန်လွန်းသည်။
“ကျန်းဝူချင်း” ရှလျန်က အရှေ့ကိုတိုး၍ သူ့အားခေါ်လိုက်သည်။
ကျန်းဝူချင်းက မျက်လုံးဖွင့်လာ၍ ဇာမဏီမျက်လုံးတစ်ခုံက ထူးမခြားနားစွာ သူမကို ကြည့်လာသည်။ ထိုမျက်လုံးထဲတွင် အေးစက်မှုအတို့အပြည့်ပါ၍ နတ်ဘုရားတစ်ပါးအတိုင်း သူမ၏ရင်ထဲကို အကုန်ထိုးဖောက်မြင်နိုင်သကဲ့သို့ပင်။ ဆွဲဆောင်မှုရှိလွန်းသည်!
ရှလျန်ကိုကြည့်ချိန်တွင် ကျန်းဝူချင်း၏မျက်လုံးက အနည်းငယ်ကျဉ်းမြောင်းသွားသည်။ ဒူးပေါ်က ညာဘက်လက်ညိုးကို တစ်ချက်တောက်လိုက်၍ မေးသည်။ “မင်းက ရှလျန်မဟုတ်ဘူး။ ဘယ်သူလဲ?”
“ကျွန်မက ရှလျန်ပါ။ စကားပြောချင်လို့လာတာ” ရှလျန်ကထိုင်၍ ကောင်ကင်ဘုံဂိုဏ်းကလူများကို ကျောပေးကာ သူနှင့်မျက်နှာချင်းဆိုင်ထိုင်သည်။
“ခွေးမ! ဘာလှည့်ကွက်လုပ်ဦးမလို့လဲ? အိပ်မက်မက်မနေနဲ့! မင်းဘာနည်းနဲ့ပဲ မြူဆွယ်တာတွေလုပ်လုပ် ငါတို့အရှင်က မင်းကိုမကြိုက်ဘူး!” ရှလျန်၏လှုပ်ရှားမှုကိုမြင်သည့်အခါ ကောင်းကင်ဘုံဂိုဏ်းသားတို့သည် ခုနကငြိမ်နေသည့် စိတ်တို့က ထပ်၍ပေါက်ကွဲလာပြန်သည်!
ရှလျန်သည် မျက်မှောင်ကျုံ့လိုက်သည်။ အပြင်ကလူတို့က တကယ့်ကိုဆူညံလွန်းသည်။ သူမက လက်ဟန်အချို့လုပ်လိုက်ရာ သူမတို့နှစ်ယောက်နားတွင် အသံလုံစည်းတံဆိပ် တစ်ခုဖြစ်လာ၍ အသံတို့ကို တားဆီးလိုက်သည်။
နားအေးသွားမှ ရှလျန်သည် ကျေနပ်စွာခေါင်းငြိမ့်၍ ကျန်းဝူချင်းကိုကြည့်ကာ ဘယ်လိုပြောရမလဲ တွေးနေသည်။
ကျန်းဝူချင်းသည် ရှလျန်၏ အပြုအမှုကိုကြည့်ကာ ထူးမခြားနားဖြစ်နေသည့် မျက်လုံးတို့ထဲတွင် စိတ်ဝင်စားမှုအနည်းငယ် ထွက်လာသည်။ သူ့အရှေ့က ရှလျန်ကိုကြည့်၍ ပြောသည်။
“ရှုပ်ထွေးတဲ့စိတ်ဝိညာဉ်အမြစ်။ အရည်အချင်းနိမ့်ပြီး ကျင့်ကြံခြင်းအဆင့်နိမ့်တယ်! ဒါပင်မယ့် ဝိညာဉ်စွမ်းအားကောင်းပြီးတော့ အင်းကွက်ကျွမ်းကျင်တယ်။ မင်းက ရှလျန်မဟုတ်ဘူး”
ရှလျန်သည် မအံ့ဩပါ။ ဒီလူက တကယ့်ကိုအမြင်စူးရှလွန်းသည်။ တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေအထိ အကုန်နားလည်နိုင်သည်။ ဒါကပုံမှန်ပင်! “ကျွန်မက တကယ့်ရှလျန်ပါ။ ရှင့်ကိုဖမ်းထားတာက ရှယု” ရှလျန်သည် သူမနှင့်ရှယုကြားက ဇာတ်ရှုပ်ကြီးကို ရိုးရှင်းစွာ ၁ခွန်းပဲ ပြောပြီးနောက် လေးနက်စွာ ကတိပေးသည်။ “ကျွန်မရှင့်ကိုနည်းလမ်းရှာပြီးတော့ ဒီကနေကယ်ဖို့လုပ်ပေးပါ့မယ်”
ကျန်းဝူချင်းသည် သူမကိုကြည့်ကာ မျက်ခုံးပင့်သွားသည်။ သူ့မျက်နှာထက်တွင် နားမလည်မှုနှင့် စိတ်ဝင်စားမှုတို့ အနည်းငယ်ထွက်လာသည်။ “ဘာဖြစ်လို့ မင်းက မမုန်းတာလဲ? မင်းဆီက အကုန်ယူသွားတဲ့ရန်သူကို ရင်ဆိုင်နေရတာတောင် တည်ငြိမ်လွန်းတယ်”
“မုန်းတယ်?” ရှလျန်က မျက်မှောင်ကျုံ့သည်။ “အရင်ကပါပဲ။ အခုတော့ မမုန်းတော့ဘူး” မူလရှလျန်ကတော့ မုန်းလိမ့်မည်။ သို့သော် သူမကတော့ မမုန်းပါ။ သူမအတွက်ကတော့ တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းပင်။ ကိုယ်တိုင်ဒါမျိုးကိုကြုံရလျှင်တောင် သူမ၏ စိတ်နေစိတ်ထားအရ မုန်းမိမှာ မဟုတ်ပေ။
“ဘာဖြစ်လို့လဲ?” ကျန်းဝူချင်းက သူ့အားဘယ်လိုလွတ်မြောက်အောင် လုပ်ပေးမလဲကို စိတ်ဝင်စားမှု ရှိမနေပါ။
သူကတိတ်နေသည်ကို အခွင့်ကောင်းယူ၍ သူမက ပုံမှန်အတိုင်း စကားဆက်ပြောသည်။
“အမုန်းတရားတွေက အသုံးမဝင်ဘူး။ ရလဒ်ကို ပြောင်းလဲနိုင်တာမှ မဟုတ်တာ။ ကျွန်မ ရှုံးသွားတာက ကျွန်မအားနည်းလို့ပဲ။ ဘာဖြစ်လို့ သူများတွေကို မုန်းနေရမှာလဲ?”
“ဪ. . .” ကျန်းဝူချင်း၏ နှုတ်ခမ်းထောင့်ကကွေးသွား၍ ခပ်ဖွဖွရယ်သည်။
သူ့ရယ်သံကြောင့် ရှလျန်မှာ အံ့ဩသွားသည်။ နှိုင်းယှဉ်နိုင်သူမရှိအောင် ချောမောသည့်သူ၏ အပြုံးသည် ပန်းများပွင့်၍ နှင်းများပျော်ကျသွားသည့်အတိုင်း ဆွဲဆောင်မှုအပြည့်ဖြင့် လူတို့၏ရင်ကို နူးညံစေသည်။
“ရှင်ပြုံးရင် အရမ်းလှတာပဲ”
ရှလျန်က နှာခေါင်းရှုံ့၍ပြောသည်။
“ရှယုက ရှင့်ကိုအကျဉ်းချထားတာ မထူးဆန်းတော့ပါဘူး”
ဒါကိုကြားသည့်အခါ ကျန်းဝူချင်းက ချက်ချင်းထပ်ပြုံးလာပြန်သည်။ သူ့နှုတ်ခမ်းတို့က ကော့ညွတ်နေသော်လည်း အေးစက်စွာပြောသည်။ “ကစားစရာလို့ပြောနေတာလား? ဒီအရှင်က မိန်းမတစ်ယောက်ဆီမှာ ကစားခံရမယ့်သူလား?”
ရှလျန်က ချက်ချင်းခေါင်းခါ၍ ပြောသည်။ “ဘယ်ဟုတ်မလဲ! ရှင်က ဒီလောက်အင်အားကြီးတာ!”
ကျန်းဝူချင်းက ဒါကိုကြား၍ကျေနပ်နေစဉ် ရှလျန်က ထပ်ပြောလာသည်။ “ကစားစရာတွေက ရှင့်ထက်ပိုပျော်ဖို့ကောင်းအောင် နေတက်တယ်။ ပြီးတော့ မိန်းမတွေကတောင် ရှင့်လောက်မှ မလှတာ!”
ကျန်းဝူချင်း “…”