May Honey Logo May Honey
Previous Next

အပိုင်း (၄)

ဒီကိုရောက်လာသည့် မိန်းမကို သူ့အားရန်စဖို့လာခြင်းလား! မဟုတ်လျှင် နှစ်ရာချီ တည်ငြိမ်နေခဲ့သည့် သူ့နှလုံးသားက သူမ၏စကားတို့ကြောင့် လှုပ်ရှားသွားသည်! သေချာပေါက်ကို ဒေါသဖြင့်ပင်!

“ရှင့်ကိုချုပ်ထားတာကို ကြည့်လို့ရလား?”   ရှလျန်က ပြောသည်။   “စကားပြောဖို့လာတာ မဟုတ်ဘူး။ ရှင့်ကို ကယ်ဖို့လာတာလို့”

“ဒီအရှင်က မင်းကယ်တင်ပေးဖို့ မလိုဘူး”   ကျန်းဝူချင်းသည် သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်၍ ‌ပြောသည်။

“အင်း သိပါတယ်”   ရှလျန်က ခေါင်းငြိမ့်သည်။

ဇာတ်ကြောင်းအရဆိုလျှင် ကျန်းဝူချင်းသည် မိစ္ဆာစိတ်ပေါက်သွား၍ ထိုချုပ်နှောင်မှုတို့ကို ချိုးဖောက်ကာ ဒီမှထွက်သွားနိုင်သည်။ ထို့ကြောင့် သူမက အခုကယ်ချင်တာ ဖြစ်သည်။

“သိနေရင် ဘာဖြစ်လို့ ရောက်လာတာလဲ?”   ကျန်းဝူချင်းက သူမ၏အဖြေကြောင့် အနည်းငယ်စိတ်ဝင်စားမှုမြင့်သွားကာ မေးသည်။ သူ့အတွက် ဒီလိုစကားပြောချင်စိတ်ရှိသည့်လူနှင့် တစ်ခါမှ မတွေ့ဖူးတာ နှစ် ၂ရာကျော်သွားပြီ! တစ်ယောက်ရှိလာမှတော့ သူကစကားမပြောဘဲ ဘယ်နေနိုင်မည်နည်း။ ဘဝကြီးကို သူတစ်ယောက်တည်း ဖြတ်သန်းနေရသည်မှာ ပျင်းဖို့ကောင်းလွန်းသည်။ သူမ၏အတွေးများကို သူမခန့်မှန်းနိုင်သောကြောင့် ဖြစ်နိုင်သည်။ မသိမြင်နိုင်သည့်ကိစ္စတို့ကို သူ့လို အရာအားလုံးအား ထိန်းချုပ်လိုစိတ်ပြင်းသူက ပိုအာရုံစိုက်မိလာစေသည်။

ရှလျန်သည် ခနတွေးမိနောက် စကားမပြောတော့ဘဲ မေးခွန်းများသာ ဆက်တိုက်မေးသည်။   “ရှင့်ဂိုဏ်းပျက်စီးသွားတာကို ဂရုစိုက်လို့လား? ရှင့်တပည့်တွေ ဖမ်းစီးခံရပြီး နှိပ်စက်ခံရလို့လား? အဲ့ဒါကြောင့် ရှင်မုန်းတာလား?”

“ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ? ဘာဖြစ်လို့ မုန်းရမှာလဲ? မင်းပြောသလိုပဲ သူတို့အားနည်းလို့ ခံရတာကို သူများကို အပြစ်တင်လို့မရဘူး”   ကျင်းဝူချင်းက မထူးခြားနားစွာပြောနေကာ သူ့နှုတ်ခမ်းထောင့်တို့ကွေးနေပုံက ယုတ်မာသည်။ သို့သော်လည်း ချောမောသည့် နတ်ဘုရားလိုမျက်နှာထက်တွင် သင့်တော်နေသည့်အတိုင်း လိုက်ဖက်နေသည်။ 

သူသည် နတ်ဂိုဏ်းတို့၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် စိတ်နှလုံးသားကြီးမားကာ ကောင်းမွန်သည့်သူဖြစ်သင့်သည်။ သူ့တွင် သူ့တပည့်တို့ကို ကာကွယ်ဖို့ တာဝန်ဝတ္တရားရှိသည်။ သူသည် မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်းနှင့် လှပခြင်းတို့ဖြင့်သာ ပြည့်စုံနေသင့်သည်! ထို့အပြင် သူ့တပည့်တို့နှင့် တစ်လောကလုံးကလည်း သူ့အားထိုကဲ့သို့သာ ရှုမြင်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း သူအခုပြောသည့် စကားကတော့ တကယ့်ကိုထူးမခြားနားပင်! လူ့အသက်ကို မှိုတစ်ပွင့်အတိုင်း အလေးအနက်ထားမနေပါ! အပြုံးက ယုတ်မာလွန်းသည်။ နှလုံးသားကြီးမား၍ လူသားတို့အား ချစ်မြတ်နိုးသည့် အရိပ်အမြွတ်လေးတောင် ရှိမနေပါ။ ထိုမှန်ကန်ခြင်း၊ ကောင်းမွန်ခြင်းနှင့် လှပခြင်းတို့သည် သူနှင့်မသက်ဆိုင်သည့်အတိုင်းပင်။

သူ့အရှေ့တွင် ထိုင်နေသည့်သူမှာ ရှလျန်မဟုတ်ဘဲ အခြားသူဆိုလျှင် ကျန်းဝူချင်း၏ စကားနှင့် အပြုံးတို့ကိုမြင်လျှင် ထိုလူပဲရူးသွားသလား သူကိုယ်တိုင်ပဲ ရူးနေသလား အံ့ဩနေမည်။ သို့သော်လည်း ရှလျန်ကတော့ သူ့စကားတို့ကို လက်ခံ၍ သဘောတူစွာ ခေါင်းငြိမ့်တောင် ပြသေးသည်။ ထို့နောက် သူမကမျက်မှောင်ကကျုံ့၍ တစ်ခုခုကို ပြဿနာများသလို တွေးနေသည်။

ကျန်းဝူချင်းသည် သူ့စကားတို့ကို သူမက သဘောမတူဘဲ သူ့ကိုအပြစ်တင်မည်ဟု ထင်ထားသော်လည်း သူမ၏အမှုအယာကို မြင်သည့်အခါ သူ့စိတ်ပျက်သွား၍ မျက်လုံးထက်တွင် မကျေနပ်မှုတို့ အနည်းငယ်ထွက်လာသည်။ ပျင်းဖို့ကောင်းသည်။ သူမက စိတ်ဝင်စားဖို့ကောင်းပြီး မတူတဲ့လူတစ်ယောက် ဖြစ်မည်ထင်ခဲ့သည်။ မဟုတ်လျှင် သူ့ကောင်းမွန်မြင့်မြတ်သည့် ပုံရိပ်ကို ဆွဲခွာ၍ ညစ်ညမ်းနေသည့် သူ့စိတ်ရင်းမှန်ကို ထုတ်ပြောမှာ မဟုတ်ပေ။ သူမကလည်း သာမန်လူတစ်ယောက်သာ!

ကျန်းဝူချင်းက မျက်လုံးကိုမှိတ်၍ ရှလျန်ကို လျစ်လျူရှုဖို့ လုပ်လိုက်သော်လည်း ရှလျန်က မျက်ခုံးတို့ကို ဖြေလိုက်သည်။ သူမ၏ မျက်ခုံးတို့ကြားတွင် ပျော်ရွှင်မှုတစ်ခု ရှိနေသလိုပင်။ ဝမ်းနည်းမှုမှ ပျော်ရွှင်မှုကို ချက်ချင်းပြောင်းသွားသည်။ သူမ၏မျက်နှာက မျက်နှာသေ ဖြစ်သော်လည်း သူမ၏စိတ်ခံစားချက်ကို မျက်ခုံးနှစ်ခုကြားတွင် သဲလွန်စတွေ့နိုင်သည်။ ဒါကို မြင်သည့်အခါ ကျန်းဝူချင်း၏စိတ်ထဲတွင် စိတ်ဝင်စားမှုတို့ ထပ်တိုးလာသည်။ သူ့နှလုံးသားကို ကြောင်လက်သည်းဖြင့် ကုတ်နေသည့်အတိုင်း သူမက ဘာကိုတွေးနေသလဲကို သူသိချင်စိတ်ဖြင့် ရင်ထဲတွင် ယားကျိလာသည်။ သူမက ပျင်းဖို့ကောင်းတာ မဟုတ်ပါ။

“ဒီအရှင်ရဲ့ ဗီဇက ကောင်းလား ဆိုးလား တွေးနေတာလား? တစ်ကိုယ်ကောင်းဆန်တဲ့သူမလို့ ဂိုဏ်းချုပ်မဖြစ်သင့်ဘူးထင်တာလား?”   ကျန်းဝူချင်း၏ အေးစက်၍ ဆွဲဆောင်မှုရှိသည့် အသံက ထွက်လာသည်။ တစ်ချိန်တည်းမှာ သူ့ကိုယ်က သူမထံသို့ ကိုင်းညွတ်လာသည်။ သူ့ချောမောသည့်မျက်နှာသည် ရှလျန်နှင့် နှစ်စင်တီမီတာလောက်သာ ဝေးတော့သည့်အထိ နီးကပ်လာသည်။ သူ့အသက်ရှုထုတ်သည့်လေနှင့် နှုတ်ခမ်းဖျားက လေနွေးနွေးတို့သည် ရှလျန်၏မျက်နှာကို ကျီဆယ်သွားသည်။ နွေးထွေးကာ အူယားစေသည့် ခံစားချက်ပင်။

ရှလျန်သည် အလိုလိုနောက်ကိုဆုတ်မိ၍ သူနှင့်အကွာအဝေးတစ်ခု ထားလိုက်သည်။ လှပသည့်အရာတွေက လူတွေကို တကယ်ဆွဲဆောင်နိုင်သည်။ ရှလျန်လို သွေးအေးသည့်လူတောင် သူ့အားအလိုလို တုန့်ပြန်နေသေးသည်။ သူမ၏ ရင်ခုန်သံမြန်နေခြင်းကို သူမကိုယ်တိုင် ကြားနေရသည်! လတစ်စင်းလို ဖြူစင်၍ တောက်ပသော မြင့်မြတ်သူဟု ထင်ခဲ့သော်လည်း ဒီလူက စိတ်ပုပ်သည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသည်!

“ပြောလေ။ ဒီအရှင်က နားထောင်နေတယ်”   ကျင်းဝူချင်းက သူမ၏ ရှက်သွားမှုကို သတိပြုမိသည့်အခါ မျက်လုံးထဲတွင် အပြုံးရိပ်တို့ ဖြတ်ပြေးသွား၍ နံရံကိုပြန်မှီလိုက်ကာ မေးသည်။

“ရှင့်ဗီဇကို ဂရုမစိုက်ဘူး”   ရှလျန်က ပြောသည်။   “ရှင်ကောင်းတာ ဆိုးတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ ရှင်က ကျန်းဝူချင်းဖြစ်နေရင်ကိုရပြီ”

ကျန်းဝူချင်းသည် ပထမစကားကိုကြားသည့်အခါ စိတ်ဝင်စားသွားသည်။ သို့သော်လည်း နောက်ဆုံးစကားကြောင့် သူအံ့ဩသွားသည်။ သူသည် သူမအား ပထမဆုံးအကြိမ် လေးနက်စွာ စိုက်ကြည့်နေမိသည်။ 

သို့သော်လည်း ရှလျန်ကတော့ ခေါင်းငုံ့နေ၍ ကျန်းဝူချင်း၏အကြည့်တို့ ပြောင်းလဲသွားသည်ကို သတိမထားမိပါ။ မြင်လျှင်တောင်မှ သူမသည် သူ့စိတ်အခြေအနေကို နားလည်မည် မဟုတ်ပါ။ သူမသည် အခုစိတ်ဖိစီးနေခြင်းဖြစ်သည်။ သူမအစား ရှယုကို သတ်ပေးဖို့ ကျန်းဝူချင်းကို သွေးဆောင်ရန် စကားတို့ကို စီနေရသည်။ 

သူမက ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ ဒီတာဝန်ကို အောင်မြင်ဖို့ရန် သူမက ရိုးရှင်းလွန်းနေသည်။ ဒီတာဝန်ကိုလည်း လက်မလျော့ချင်၍ ဖြစ်သည်! သူမလက်ထဲတွင် နိုင်ကွက် မရှိကြောင်း ရှလျန်ကရှင်းသည်။ ကျန်းဝူချင်းကိုလိမ်ညာပါက သူ့ထက်မြက်သည့် မျက်လုံးထဲတွင် အကုန်ပေါ်လွင်နေမှာ ဖြစ်သည်။ ရှလျန်သည် သူမ၏အတွေးမှန်ကို ပြောပြဖို့ ခံစားမိသည်!

ရှလျန်သည် လက်ချောင်းတို့ကို တင်းတင်းဆုတ်၍ ပြောချလိုက်သည်။
“ကျွန်မ ရှင်နဲ့ ရှင့်တပည့်တွေကို လွတ်အောင် ကူညီပေးမယ်။ အပြန်အလှန်အနေနဲ့ ရှယုကို သတ်ဖို့ ကူညီပေးပါ။ ကျွန်မအကူအညီမလိုတာ သိတယ်။ သူတို့အသက်ကို ဂရုမစိုက်တာလည်းသိတယ်။ ဒါပင်မယ့် ရှင်ကျွန်မကို ကူညီဖို့ တခြားအကြောင်းနဲ့ ဘယ်လိုကမ်းလှမ်းရမှာလဲ မတွေးတက်ဘူး။ ကျွန်မမှာလည်း အခက်အခဲတွေရှိနေလို့ပါ”

ဒါကိုတွေးမိသည့်အခါ ကျန်းဝူချင်း၏ မျက်လုံးတို့က ပို၍လေးနက်လာကာ မေးသည်။   “ဘာဖြစ်လို့ မင်းကပျော်နေတာလဲ?”

ရှလျန်သည် သူ့မေးခွန်းကြောင့် ခနတွေးလိုက်၍ ဖြေသည်။   “ရှင့်စိတ်ထဲမှာ အမုန်းမရှိရင် မိစ္ဆာဖြစ်မှာ မဟုတ်ဘူးလေ။ အဲ့ဒါက ကောင်းတာမလို့ ပျော်နေတာ”

ဒါကိုကြားသည့်အခါ ကျန်းဝူချင်း၏ လက်တစ်ဖက်က တုန်သွားသည်။ သူမက ဘယ်လိုလုပ်၍ သူ့စိတ်ထဲတွင် မိစ္ဆာလမ်းသို့ ကျင့်ကြံချင်စိတ်များရှိနေသည်ကို သိရှိနေသနည်း! ထို့နောက် အကြာကြီးတိတ်သွားသည်. . .

ကျန်းဝူချင်းက သူမကိုကြည့်ကာ ပြောသည်။   “တကယ်တော့ အခြေအနေတစ်ခုနဲ့ တောင်းဆိုလို့ ရတယ်”

ရှလျန်သည် သူ့စကားကိုကြားသည့်အခါ သူမ၏မျက်လုံးတို့က ရုတ်တရပ်တောက်ပသွား၍ သူ့အား စိတ်ရင်းအပြည့်ဖြင့် အလေးအနက်ထားကြည့်သည်။   “ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ကျွန်မကို ကူညီဖို့ ရှင့်ကိုဘာလုပ်ပေးရမလဲ ပြောပါလား?”

ကျန်းဝူချင်းသည် သူမ၏ တောက်ပသည့်မျက်လုံးတို့ကိုကြည့်၍ သူ့ရင်ထဲတွင် လှိုင်းထသလို ထပ်၍လှုပ်ခတ်သွားပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ဒေါသကြောင့် မဟုတ်ဘဲ သူမက ချစ်ဖို့ကောင်းနေ၍ ဖြစ်သည်။
Previous Chapter 26 of 42 Next