အပိုင်း (၁၁)
ရှလျန်ကိုထိန်းသိမ်းထားသည့် အနန္တနယ်မြေသို့ ရှယုက ရောက်သည့်အချိန်တွင် သူမ၏ အင်းကွက်က မပျက်စီးသေးသော်လည်း ရှိနေသင့်သည့်လူက ပျောက်ဆုံးသွားသည်! သိမ်းပကား နယ်မြေသို့ ရောက်လာသည့်အခါလည်း အင်းကွက်တို့က အပျက်အစီးလုံးဝမရှိပါ။
‘ကျန်းဝူကျင်းနဲ့ ရှလျန်ကို ကယ်သွားတာက တစ်ဖွဲ့တည်းလား?’ သို့သော်လည်း ရှလျန်၏ တည်ရှိမှုသည် လျို့ဝှက်ချက်ဖြစ်သည်။ သူမအပြင် ဘယ်သူကမှ သူမ၏ တည်ရှိမှုကို မသိကြ၍ ခေါ်သွားစရာ အကြောင်းအရင်းမရှိပါ။
“လျန် ဒီနေရာမှာ ဘယ်သူ့ကိုဖမ်းထားတာလဲ? ဒီလိုနေရာမျိုးက ဂိုဏ်းထဲမှာရှိနေမှန်းတောင် မသိခဲ့ဘူး” သူမ၏အနောက်သို့ လိုက်လာသည့် လင်းဇယ်က နားမလည်စွာ မေးသည်။
ရှယုက အသံတင်းမာစွာဖြင့် ပြောသည်။ “နင်မေးသင့်တာ မဟုတ်ဘူး”
လင်းဇယ်၏ နှလုံးသည် နာကျင်သွားကာ အနည်းငယ်ရှက်သွား၍ မျက်နှာပျက်သွားသည်။ သူ့ချစ်သူသည် သူ့ဘက်ကိုမကြည့်တော့သည်က များ၍လာသည်။ သူတို့နှစ်ဦးကြားက ကြင်နာမှုများက အခုတွေးကြည့်လျှင် မရှိတော့ပုံရသည်။ ဘယ်လိုလုပ်၍ သူတို့က အခုအခြေအနေကို ရောက်ရှိလာသနည်း? လင်းဇယ်သည် ဒါကိုတွေးမိ၍ သူမကို ယာယီပစ်ထားပြီး တစ်ယောက်တည်း လျှောက်ထွက်သွားချင်မိသည်။
ဒေါသထွက်နေသည့် ရှယုကတော့ လင်းဇယ်၏ ပုံမှန်မဟုတ်သည့်အခြေအနေကို သဘာဝကျစွာ မမြင်ပါ။ ထိုအခိုက်အတန့်တွင် သူမသည် ဒေါသနှင့်မတူ မဖော်ပြနိုင်သည့် အကြောက်တရားနှင့် စိုးရိမ်မှုတို့ ရောထွေးနေသည်။ ထို့အတူ သူမ၏အပြစ်ကို အသိစိတ်အရ အပြစ်မကင်းဖြစ်နေမှုတို့ကလည်း ထိုခံစားချက်တို့၏ အရင်းအမြစ်ဖြစ်သည်။
သူမ၏လက်ရှိအောင်မြင်မှုတိုင်းသည် ရှလျန်၏ စိတ်ဝိညာဉ်အမြစ်နှင့် ကျင့်ကြံခြင်းအဆင့်တို့ကို ခိုးယူပြီးမှ ရရှိခြင်းဖြစ်သည်။ အောင်မြင်မှုတိုင်းသည် သဘာဝကျစွာ ရှလျန်၏အပိုင်ပင်။ ရှယုသည် ရှလျန်ကို မသတ်ခြင်းမှာ သူမတွင် ကျေးဇူးတရားရှိနေ၍ မဟုတ်ပါ။ ရှလျန်က အသက်ရှင်လျက်ရှိနေခြင်းသည် သူမက အလွန်ဆိုးဝါးသည့်လူယုတ်မာမ မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ရန်အတွက်သာ ဖြစ်သည်။
သူမသည် ရှလျန်ကိုမသတ်ဘဲ သူမကို အသက်ရှင်သန်ခွင့်ပေး၍ ကျင့်ကြံခြင်းတို့ကိုလည်း မဖျက်စီးဘဲ အသက်ရှင်သန်ဆေးများ တိုက်ပေးသည်။ ထိုအပြုအမှုတို့ကြောင့် သူမကိုယ်သူမ လူသားဆန်စိတ်ရှိနေသလို ခံစားရစေသည်။ ရှလျန်၏တည်ရှိမှုကို သိရှိသွားလျှင် သူမက ဆိုးယုတ်သူဖြစ်ကြောင်း လူသိသွားမည်ကို စိုးရိမ်သဖြင့် အကျဉ်းချ၍ နေ့တိုင်းနှိပ်ဆက်ရင်း မသေအောင် ဆေးပေးနေခြင်း ဖြစ်သည်။ ရှယုသည် တစ်ကိုယ်ကောင်းဆန်၍ မိမိကိုယ်မိမိ လိမ်ညာရင်း ထိုအရာများကို လုပ်ကိုင်နေသည်မှာ အလွန်ရွံ့ရှာဖို့ကောင်းသည်။
………………
“အာ့ … အီး …”
ရှလျန်သည် ကုတင်ပေါ်တွင်လှဲလျောင်းရင်း နာကျင်စွာ အသက်ရှုနေရသည်။ အခုအချိန်သည် သူမ၏ ပုံမှန်ကိုက်ခဲချိန်ဖြစ်သည်။ သူမသည် နာကျင်လွန်း၍ ဒီကိုယ်ထဲကထွက်သွားချင်စိတ် ဖြစ်ပေါ်သည့်အထိ နာကျင်မှုက မူးဝေစေလွန်းသည်။ သို့သော်လည်း နာကျင်မှုတို့က လူတို့၏ အသိစိတ်ကို နိုးထစေကာ သူမက မေ့မျောချင်ရင်တောင်မှ မေ့မျောမသွားနိုင်ပါ။
နာကျင်မှုကြောင့် သူမ၏မျက်နှာကဖြူဖပ်၍ သွေးရောင်မဲ့နေကာ နှုတ်ခမ်းတို့ကလည်း ခရမ်းရောင်သန်းနေပြီး မျက်လုံးတို့ကနီရဲ၍ မျက်ရည်တို့ဝေ့နေသည်။ သူမ၏ပုံစံသည် မြင်သူတိုင်း နှလုံးအောင့်စေဖွယ်ဖြစ်သည်။
သူမ၏ဘေးတွင် ရပ်နေသည့် ကျန်းဝူချင်းသည် သူမကိုကြည့်၍ ရင်နာနေသည်။ သူမ၏ နာကျင်နေရမှုကို မကြည့်ရက်ဘဲဖြစ်နေ၍ အသက်ရှုရသည်မှာ ခက်ခဲလာသည်။ သူမအား သက်သာစေရန် သူမ၏နေရာတွင် သူသာအစားခံပေးချင်မိသည်။
ကျန်းဝူချင်းက လက်ကိုဆန့်၍ သူမ၏ဆံပင်ကိုသပ်ပေးကာ နူးညံ့စွာချော့သည်။
“သည်းခံပေးပါဦး။ မနက်ဖြန်ဆိုရင် ဆေးကရပြီ။ မင်းကိုထပ်မနာကျင်စေရတော့ဘူး။ ကိုယ် ကတိပေးတယ်။ အခုတစ်ကြိမ်က နောက်ဆုံးပါပဲ!”
သူ့လှုပ်ရှားမှုတို့က အလွန်ပေါ့ပါးနေ၍ သူမ၏အသားကိုထိလိုက်ပါက ပိုနာကျင်ရမည်ကို စိုးရိမ်၍ မထိရက်မကိုင်ရက် ဖြစ်နေသည်။
“အင်း ~ …”
ရှလျန်သည် နာကျင်သည့်အသံတိုးတိုးဖြင့် ပြောပြီးနောက် ကျန်းဝူကျင်းကို မျက်ရည်ဝဲနေသည့် မျက်လုံးတို့ဖြင့် အလိုလိုမော့ကြည့်မိသည်။ သူမ၏အကြည့်ထဲတွင် ယုံကည်မှုနှင့်အတူ ဝမ်းနည်းမှုတို့ ပါဝင်နေသည်။
ထိုအကြည့်မျိုးသည် ကျန်းဝူချင်းအား လက်တုန်သွားစေသည်။ တစ်ချိန်တည်းတွင် သူ့ရင်လည်း နာကျင်ရကာ ကူကယ်ရာမဲ့သည့်အထိ ဖြစ်စေသည်။ သူ့အစေခံလေးသည် အချိန်တိုင်း သူ့အား မတူညီသည့်ခံစားချက်တို့ကို ဖြစ်ပေါ်စေသည်။ အခုအချိန်ကဲ့သို့ သူ့အားမျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့်ကြည့်တိုင်း သူ့နှလုံးသားမှာ အရည်ပျော်ကျသွားသည်။
ရှလျန်က သိမ်းပကားနယ်မြေသို့ သူ့ထံကိုပြန်ရောက်လာချိန်တည်းက သူမ၏ နာကျင်မှုကို မြင်ခဲ့ရသည်။ ထိုအချိန်က သူမအားကူညီဖို့ မတက်နိုင်ဖြစ်ခဲ့၍ သူဒေါသထွက်ရသည်။ ကျန်းဝူချင်းအတွက် ထိုခံစားချက်မျိုးက ပထမဆုံးဖြစ်သည်။ ဒါက သူမကို ဂရုစိုက်၍ဖြစ်သည်။
ရှယုအား သတ်ဖြတ်ချင်သည့် သူ့စိတ်သည် အခုအချိန်တွင် ပြောင်းလဲသွားသည်။ သူမကို သတ်ပစ်ဖို့က သူမအတွက် သက်သာရာရသည်။ သူမကို လူတို့ကသစ္စာဖောက်၍ သူမထံတွင် ဘာမှမရှိစေချင်ပါ။ ထိပ်ဆုံးမှပြုတ်ကျသွား၍ ဘယ်တော့မှ ပြန်မတက်နိုင်သည့်အထိ ဖြစ်ရမည်။ ရှလျန်ခံစားရသည့် နာကျင်မှုထက် အဆပေါင်း၁ရာများသည့် နာကျင်မှုကို နေ့တိုင်းခံစား၍ အကြောက်တရားဖြင့် နေ့တိုင်းရှင်သန်ရအောင် သူလုပ်မည်။
သို့သော်လည်း ထိုအရာက မလုံလောက်သေးပါ။ ဝေးသေးသည်။ ရှလျန်အပေါ် သူမ၏ လုပ်ရပ်တိုင်းက လုပ်ပြီးပြီဖြစ်၍ ပြန်ဖျက်၍မရဖြစ်ကာ ရှလျန်၏နာကျင်မှုကလည်း လျော့မသွားပါ။ ထို့ကြောင့် ကျန်းဝူချင်းသည် သူမအား အဆုံးမရှိအောင် နှိပ်ဆက်မည်။ နာကျင်မှု မရှိခြင်းက ဘယ်လိုမှန်းမသိစေသည့်အထိ နားလည်အောင်လုပ်၍ အသက်မရှင်ချင်အောင် လုပ်မည်။
“ဟင်?”
ကျန်းဝူချင်းသည် လက်မှအထိအတွေ့ကြောင့် ရှလျန်ကို ချက်ချင်းလှည့်ကြည့်ရာ သူမ၏ နာကျင်မှုက ပျောက်သွား၍ ပိုသက်သာလာကြောင်း တွေ့ရသည်။ သူ့လက်ကိုကိုင်၍ အသိပေးခြင်း ဖြစ်သည်။
ကျန်းဝူချင်း၏ မူလဆိုးဝါးနေသည့်အမှုအယာသည် ချက်ချင်းကို ရေလိုနူးညံ့သွားသည်။ “ခနလှဲဦး။ ကိုယ်ဆေးရည်စိမ်ရအောင် ပွေ့ထားပေးမယ်” ကျန်းဝူချင်းသည် သူမ၏နဖူးက ချွေးအေးတို့ကိုသုတ်၍ နူးညံ့စွာပြောသည်။
“မဟုတ်တာ။ ကျွန်မရဲ့ ကျန်းမာရေးက ကောင်းသွားပါပြီ” ရှလျန်က အသံအုပ်အုပ်ဖြင့် ငြင်းဆန်သည်။ ဆေးရည်စိမ်ရချိန်တိုင်းမှာ သူမအတွက် နှိပ်စက်မှုကြီး ဖြစ်သည်။
နှိပ်စက်မှုအရင်းအမြစ်မှာ သူမ၏အရှေ့က ယောက်ျားဖြစ်သည်။ ဆေးရည်စိမ်ခိုင်းတိုင်း သူမကို သူကပွေ့ဖက်ထား၍ သူ့နှုတ်ခမ်းနှင့်လျှာတို့ကိုအသုံးပြုကာ သူမ၏ကိုယ်ပေါ်တွင် အမှတ်အသားပေးပြီးနောက်ဆုံး သူမ၏လည်ပင်းကို မျက်နှာအပ်ထားကာ သူတို့၏ဆက်နွယ်ရာ အမှတ်အသားကိုသွားဖြင့်ကြိတ်၍ သူမအား အကြိမ်ကြိမ် တုန်ရီစေသည်။ ရှလျန်၏ဝိညာဉ်သည် ထုံကျဉ်ရလွန်း၍ မသက်မသာဖြစ်ကာ အလိုလိုငြင်းဆိုမိသည်။
“မနာခံတော့ဘူးလား ဟမ်? ကိုယ်မင်းအပေါ် ဒီရက်ပိုင်း အရမ်းကောင်းပေးထားတော့ မင်းက ဂုဏ်မောက်သွားပြီလား? ကိုယ့်အရှင်ကို နာခံရမယ်ဆိုတာ မေ့သွားပြီလား? ထပ်ပြီးတော့ အပြစ်ပေးရမှာလား?” ကျန်းဝူချင်းသည် ရှလျန်၏မေးကိုလက်ဖြင့်မော့စေ၍ သူမ၏မျက်လုံးများထဲသို့ စိုက်ကြည့်ကာ အထင်လွဲစေနိုင်မည့် စကားတို့ကိုပြောသည်။
ဒါကိုကြားသည်နှင့် ရှလျန်သည် အရင်ရက် အပြစ်ပေးမှုကို ပြန်သတိရကာ ချက်ချင်းခေါင်းခါသွားသည်။
“ဒါဆိုရင် ကောင်းတယ်” ကျန်းဝူချင်းသည် ကျေနပ်စွာဖြင့် နှုတ်ခမ်းတို့ကပြုံးကာ သူမကိုသူ့ရင်ခွင်ထဲတွင် ပွေ့ဖက်၍ ဆေးရည်စိမ်ရန် ခေါ်သွားသည်။
ထိုအခိုက်အတန့်တွင် အရိပ်လိုလူတစ်ယောက်က ရုတ်တရပ်ပေါ်လာ၍ သူ့အရှေ့တွင် ဒူးထောက်ကာ လေးစားမှုအပြည့်ဖြင့် ပြောသည်။ “အရှင်သခင် ကျွန်တော်တို့ လင်းဇယ်ကို ဖမ်းမိပါပြီ။ အခုသူ့ကို မြေအောက်ခန်းမှာ ဖမ်းထားပါတယ်”
“ကောင်းပြီ။ မင်းတို့တွေ သူ့ကိုအရင်ဂရုစိုက်ပေးလိုက်။ ခနနေရင် ငါလာမယ်” ကျန်းဝူချင်း၏ မျက်လုံးထဲတွင် ကြမ်းတမ်းမှုတို့ပေါ်လာ၍ ပြောသည်။
ထိုလူတောင်မှ တုန်သွားကာ ချက်ချင်းပျောက်သွားသည်။
“ဘာဖြစ်လို့လဲ? လျန် ဘာတွေကို တွေးနေပြန်တာလဲ?” ကျန်းဝူချင်းသည် သူပွေ့ဖက်ထားသည့် ရှလျန်က အာရုံလွင့်နေသည်ကို တွေ့သဖြင့် ဆံပင်ကို သပ်လိုက်၍ ညင်သာစွာမေးသည်။
“သူလည်း ကျွန်မလို အရှင်လို့ ခေါ်တာပဲနော်” ရှလျန်က တွေး၍ပြောသည်။
“လျန်က သူတို့နဲ့ ဘယ်လိုလုပ်တူမှာလဲ” ကျန်းဝူချင်းက ရယ်သည်။ သူမက သူ့ဘဝ၏ အဖိုးတန်လေးဖြစ်ပြီး သူမ၏ ဆံပင်တစ်မွေးကတောင် ဘယ်သူနှင့်မှ နှိုင်းယှဉ်၍မရနိုင်ပါ။