May Honey Logo May Honey
Previous Next

အပိုင်း (၂၀)

ရှယုက နောင်တအပြည့်ရနေကာ သူမ၏အရှေ့က နှစ်ယောက်ကို မယုံကြည်စွာကြည့်၍ ဒေါသနှင့် အကြောက်တရားတို့ဖြင့် ပြည့်နေသည်။ ရှယုက အော်သည်။   “ရှလျန်!”

“ဘယ်လိုလုပ်ပြီး နင်ဖြစ်နေတာလဲ? ဘယ်လိုလုပ်ပြီး နင်က ကျန်းဝူချင်းနဲ့ အတူရှိနေတာလဲ?”   ရှယုသည် အရူးမတစ်ယောက်ကို အော်ဟစ်နေသည်။

သူမက တံခါးပိတ်ကျင့်ကြံရာမှထွက်၍ ဂိုဏ်းသို့ပြန်လာသည်နှင့် သူမ၏ဂိုဏ်းက ပျက်စီးသွားသည်ကို ထိတ်လန့်ဖွယ်တွေ့ရသည်။ ထွက်ပြေးလွတ်မြောက်သည့် ဂိုဏ်းသားတစ်ဦးကို သူမက လိုက်ရှာ၍ မေးမြန်းရာတွင် သူမ၏ချစ်သူများက ပူးပေါင်း၍ ဂိုဏ်းကိုတိုက်ခိုက်ကြောင်း သိခဲ့ရသည်။

ထိုသတင်းကြောင့် ရှယုသည် နွေခေါင်ခေါင်ကြီးမှာ မိုးကြိုးပစ်ချခံရသလို ဖြစ်သွားသည်။ သူမသည် ဒေါသထွက်၍ ကျိုးရွှမ်တို့အား ရှင်းပြရန် မေးချင်သော်လည်း သူမကို အချစ်အပြည့် ကြည့်တက်ကြသည့် ချစ်သူများ၏ မျက်လုံးတို့ထဲတွင် အမုန်းတရား၊ နာကျင်မှုနှင့် အေးစက်မှုတို့ အပြည့်ဖြစ်နေသည်။ သူမက မကောင်းသည့်မိန်းမတစ်ယောက်ကဲ့သို့ သူတို့က ကြည့်ကြသည်။

သူတို့သည် သူမအား စကားပြောခွင့်လေးတောင် မပေးပါ။ သူမကိုတွေ့သည်နှင့် သူတို့သည် ချက်ချင်းမှော်လက်နက်များကိုထုတ်၍ သူမအား တိုက်ခိုက်ကြသည်။ ရှယုသည် ရှင်းပြဖို့ အခွင့်အရေးကို စွန့်လွတ်လိုက်ရကာ သူတို့ကိုတွေ့သည်နှင့် ပုန်းရတော့သည်။ ရှယုသည် အရင်းနှီးဆုံး လူများထံမှ တကယ့်ကို သစ္စာဖောက်ခံလိုက်ရကာ လူတိုင်းက သူမနှင့်ဝေးရာတွင်သာ ရှိတော့သည်ကို သိရှိလိုက်ရသည်။ အကြောင်းအရင်းကို မသိနိုင်သည်က ဝမ်းနည်းစရာပင်။

သို့သော်လည်း တစ်ခုခုက လွဲမှားနေကြောင်းကို သူမက ခံစားမိသည်။ ထိုအရာအားလုံးကို နောက်ကွယ်က ကြိုးကိုင်ထားသူရှိလိမ့်မည်။ သူမကို ထိခိုက်စေချင်သူ ရှိနေသည်။ ဒီနေ့မှ အကြောင်းပြချက်တိုင်းနှင့် အဖြေတို့ကို ရှယုသည် သိတော့သည်။ ထိုအဖြေကို သူမသည် တွေးကို မတွေးမိကာ မယုံကြည်နိုင် ဖြစ်နေသည်။

နှစ်၂ရာကျော် ဖမ်းချုပ်၍ ရိုက်နှက်ပစ်ထားခဲ့သည့် သူမ၏အစ်မဖြစ်သူ ရှလျန်သည် ကျန်းဝူချင်းနှင့် အတူရှိနေကာ သူတို့နှစ်ယောက်က အလွန်ရင်းနှီးနေသည်။ ရှယုသည် ရှလျန်၏ ခါးပေါ်မှ ကျန်းဝူချင်း၏လက်မောင်းနှင့် အလိုလိုက်အကြိုက်ဆောင်နေသည့် မျက်နှာထားကို မြင်သည့်အခါ အလွန်မုန်းတီးလာသည်။

တစ်ချိန်တည်းတွင် ရှယုသည် ယခင်က ကောလဟာလများကို ရုတ်ချယ်းတွေးမိကာ ထိုကောလဟာလတို့ကို သူမက ရှင်းမပြမိသဖြင့် သူမ၏ချစ်သူတို့က သူမကိုစွန့်ပစ်သွားကြောင်း အမှန်ကို သိရှိသွားသည်။ သို့သော် ကောလဟာလ၏ ဇာတ်လိုက်သည် သူမဖြစ်မနေဘဲ သူမ၏ အစ်မဖြစ်သူ ရှလျန်ဖြစ်နေသည်။

“ရှလျန် နင်တို့က ဘာဖြစ်လို့အတူရှိနေတာလဲ? ဘယ်လိုလုပ်ပြီးတော့လဲ? ကျန်းဝူချင်းက ထွက်ပြေးတုန်းက နင့်ကိုကယ်သွားတာလား? မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒါမဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ပြီး နင်တို့က အတူဖြစ်နေတာလဲ?”   ရှယုသည် လက်နှစ်ဖက်ဖြင့်ခေါင်းကိုကိုင်ထားကာ မျက်လုံးတို့က နီရဲ၍ ကျွတ်ကျမတက်ပင်။ သူမသည် အရှေ့ကနှစ်ယောက်ကို ရန်လိုစွာကြည့်၍ ကျွဲရိုင်းတစ်ကောင်လို ဖြစ်နေသည်။

“လျန် သူကအရူးမပဲ!”   ကျန်းဝူချင်းက အထင်သေးစွာ ပြောသည်။

ရှလျန်သည်လည်း သူမ၏အရှေ့တွင် အရူးလိုပြုမှုနေသည့် ရှယုကိုကြည့်ကာ ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။ သူမက တကယ့်ကို ရူးသွပ်နေပြီ။

“ငါမရူးဘူး! နင်က ကျန်းဝူချင်းမရှိရင် ဘာမှမဟုတ်တဲ့ကောင်မပဲ! ငါ့ကိုရွေးမယ့်အစား ရှလျန်လို အမှိုက်မကို ရွေးသွားတာလား? ငါတို့က တစ်ပုံစံတည်းပဲလေ!”   ရှယုသည် ကျန်းဝူချင်း၏ စကားများကြောင့် ဒေါသတကြီးအော်သည်။

သူမသည် အင်္ကျီလက်ကိုလှုပ်၍ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားကို ထုတ်လိုက်သည်။ ချွန်ထက်သည့် ဓားတစ်လှိုင်းက ဖြစ်ပေါ်လာကာ ရှလျန်ထံသို့ ဦးတည်၍ ဝင်လာသည်။

ကျန်းဝူချင်း၏ မျက်နှာထားသည် မည်းမှောင်သွားကာ အေးစက်လာသည်။ သူ့မျက်လုံးတို့က နက်မှောင်နေ၍ အဆုံးမရှိဖြစ်လာသည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲက အေးစက်သည့် အလင်းက ထွက်လာသည်။   ‘သေလမ်းကိုရှာနေတာပဲ!  ငါ့လျန်ကို ထိခိုက်အောင် လုပ်ရဲတယ်!’

ကျန်းဝူချင်းသည် ညာဘက်လက်ကိုလှုပ်လိုက်၍ မြစိမ်းပုလွေတစ်ချောင်းက လက်ထဲတွင် ပေါ်လာသည်။ လက်ချောင်းများ၏ လှုပ်ရှားမှုကြားတွင် အသံတစ်ခုထွက်လာကာ ထိုအသံသည် ပတ်ဝန်းကျင်က လေထဲတွင် ပို၍ကျယ်လောင်ကာ စက်ဝိုင်းကဲ့သို့ လှုတ်ခတ်၍ ပျံ့နှံ့သွားသည်။ အသံတိုက်ခိုက်မှု ဖြစ်သည်။

ထိုတိုက်ခိုက်မှုသည် စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်သည်။ အလွန် အင်အားကြီးသည့် တိုက်ခိုက်နည်းဖြစ်သည်။ ရှယု၏တိုက်ခိုက်မှုနှင့်ယှဉ်လျှင် ဒါကပို၍ အစွမ်းကြီးသည်။

“အား! နာတယ်! နာတယ်!”   ရှယု၏ စိတ်ဝိညာဉ်သည် ဒဏ်ရာရသွားသည်။ သူမက မြေပြင်တွင် ခေါင်းကိုကိုင်၍ လူးလှိမ့်နေသည်။ သူမက ဆံပင်တို့နှင့် ရန်ဖြစ်ထားသည့်သူအတိုင်း ဆံပင်တို့ကို ဆောင့်ဆွဲနေသည်။

‘မရဘူး! မရဘူး! ငါဒါမျိုး အဖြစ်မခံနိုင်ဘူး!’
ထိုအခိုက်အတန့်တွင် ရှယု၏စိတ်ထဲတွင် ယုတ်မာသည့် အတွေးတို့သာ ရှိတော့ကာ သူမကိုယ်သူမ ဖျက်စီး၍ အရှေ့က နှစ်ယောက်ကိုပါ အတူပျက်စီးသွားစေချင်သည်။ ထိုနည်းလမ်းကလည်း သူမအတွက် ရှိနေသည်။ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းပင်! သူမတွင်ရှိသည့် ရွှေလက်ချောင်းကအစ အကုန်ပျက်စီးခံ၍ သူတို့ကိုပါ အသေဆွဲခေါ်သွားရမည်။

“လျန် အခြေအနေက မကောင်းဘူး။ အရမ်းအန္တရာယ်များတာ တစ်ခုခုဖြစ်တော့မယ်လို့ ငါခံစားမိတယ်။ မြန်မြန်လုပ်!”   9957 က စိုးရိမ်တကြီးအော်သည်။

ရှလျန်က 9957ထံမှကြားသည့်အခါ သူမ၏အမှုအယာသည် ထိတ်လန့်သွား၍ ပူပန်လာသည်။ ကျန်းဝူချင်း၏လက်ကိုဆွဲ၍ အမြန်ပြောသည်။   “ဒီကအမြန်သွားရအောင်!”

စကားကိုကြားသည့်အခါ ကျန်းဝူချင်းသည် အကြောင်းအရင်းကို မမေးမြန်းဘဲ ဝိညာဉ်အစွမ်းကို အသုံးပြု၍ သူမကို ခေါ်၍ထွက်သည်။ သို့သော်လည်း နောက်ကျသွားပြီ. . .

ရှယုသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ထွက်လာသည့်အစွမ်းတို့သည် ကောင်းကင်နှင့် မြေကြီးကို ပျက်စီးစေသည့် စွမ်းအားလှိုင်းတို့ အများကြီးပါဝင်ကာ ကျန်းဝူချင်းနှင့် ရှလျန်တို့ထံသို့ မုန်တိုင်းတစ်ခုလို ရောက်လာသည်။ ထိုအစွမ်းလှိုင်းသည် အလွန်ပြင်းထန်ကာ ကပ်ဘေးမိုးကြိုး ၉ချက်ထက် ပို၍အပျက်စွမ်းအား ကြီးမားသည်။ ထိလိုက်သမျှကို ဘာမှမရှိတော့သည့်အထိ ပျက်စီးစေသည်။

တစ်ဖက်တွင် ရှလျန်သည် သူမ၏လျှာကိုကိုက်၍ သွေးထွက်စေကာ ထိုသွေးတို့ဖြင့် လေထဲတွင် အင်းကွက်အချို့ကို တစ်ခုပြီးတစ်ခု ရေးဆွဲနေသည်။ သူမ၏ လှုပ်ရှားမှုသည် အလွန်မြန်သည်။ ကျန်းဝူချင်းအား ပိုက်ကွန်ကြီးတစ်ခုလို ကာကွယ်ပြီး အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ်နိုင်ရန်အတွက် ခန္ဓာကိုယ်ထဲမှ အစွမ်းများကို အကုန်ထုတ်သုံး၍ တစ်ခုပြီးတစ်ခု ဆက်တိုက်ရေးဆွဲသည်။ သူမကတော့ ထိုနေရာတွင် ဆက်ရှိနေကာ ကိုယ်ထဲကအစွမ်းအကုန်သုံး၍ ထိုလှိုင်းကို ကာလိုက်သည်။

“ရှလျန်! မင်းဘာလုပ်တာလဲ!”
ကျန်းဝူချင်း၏ မျက်လုံးတို့က နီရဲနေကာ လည်ပင်းတွင် သွေးကြောပြာများ ထောင်ထ၍ ပေါက်ကွဲတော့မတက်ဖြစ်နေကာ ရှလျန်ကို အော်သည်။ သူ့မျက်နှာထက်တွင် ကြောက်လန့်ခြင်း၊ ဒေါသနှင့် စိတ်ပျက်ပြားမှုတို့ရှိနေကာ သူမထံသို့တိုးလာသော်လည်း ရှလျန်၏ ပိုက်ကွန်ထဲတွင် သူကပိတ်မိနေကာ သူ့ကိုဝေးသထက်ဝေးအောင် တွန်းပို့နေသည်။

ရှလျန်သည် ကျန်းဝူချင်း၏ အော်သံကြောင့် ခေါင်းလှည့်လာ၍ အပြုံးဖွဖွဖြင့် သူ့ကိုပြောသည်။   “ဆက်ရှင်သွားပါ”

သို့သော်လည်း သူမ၏ကိုယ်သည် ထိုစွမ်းအင်လှိုင်းတို့ဖြင့် ထိမိသွားကာ လူတစ်ကိုယ်လုံးက နတ္ထိအဖြစ်သို့ ပြောင်းသွားသည်။

“အား! ! !”   ကျန်းဝူချင်းသည် စိတ်ပျက်ပြား၍ အော်ဟစ်ကာ လေတိုက်၍မဟုတ်ဘဲ သူ့ဆံပင်တို့က အလိုလို ထောင်လာသည်။ သူ့ကိုယ်ပေါ်က စည်းတံဆိပ်သည်လည်း ချက်ချင်းပျောက်ပျက်သွားသည်။ သူ့ကိုယ်ထဲမှ အနက်ရောင်အစွမ်းတို့ ထွက်လာကာ ကောင်းကင်အထိ ပျံ့နှံ့သွားသည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးသည် မှန်တစ်ချက်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ တစ်ခုပြီးတစ်ခု အက်ကွဲရာတို့က ဆက်စပ်လာ၍ ပို၍ပျက်စီးလာသည်။

“လျန် မင်းမရှိတဲ့ကမ္ဘာက ပျက်စီးသွားမှ ကောင်းမှာ”   ကျန်းဝူချင်းက ခါးသက်စွာပြုံး၍ တီတိုးပြောသည်။   “မင်းက အရင်ဆုံး ကတိဖျက်တာ! ကိုယ့်ကို ရက်စက်တယ် မပြောနဲ့။ ကိုယ်ကတိဖျက်တာကို အပြစ်မတင်နဲ့တော့”  
Previous Chapter 42 of 42 Next