May Honey Logo May Honey
Previous Next

အပိုင်း (၆)

ကျန်းဝူချင်း၏နှုတ်ခမ်းက ရှလျန်၏လည်ပင်းကိုထိလိုက်ပြီးနောက် ပြင်းထန်စွာ ကိုက်လိုက်ရာ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်တို့မှာ မထိန်းနိုင်အောင် တုန်သွားသည်။

ရှလျန်က နာကျင်၍ဖြစ်သော်လည်း ကျန်းဝူချင်းက သူ့ပါးစပ်ထဲတွင်ရလိုက်သည့် အရသာသည် ချိုမြိန်၍ လှပလွန်းသောကြောင့် လှုံ့ဆော်ခံလိုက်ရခြင်းဖြစ်သည်။ သူသည် သူမအား ဒီလိုကိုက်လိုက်ခြင်းဖြင့် ကျီစားချင်ရုံဖြစ်သော်လည်း တကယ်ကိုက်လိုက်သည့်အခါ ထိုခံစားချက်ကို သူရစ်မူးသွားသည်။

ရှလျန်၏ စိတ်ဝိညာဉ်နှင့်ထိတွေ့ပြီးနောက် ရင်းနှီးမှုနှင့်တုန်ရီသည့် ခံစားချက်က သူ့အား ချက်ချင်းထိသွားသည်။ ဗလာဖြစ်နေခဲ့သည့် သူ့ရင်ထဲတွင် တစ်သက်လုံးရှာဖွေနေခဲ့သည့် တစ်ခုခုကို ရှာတွေ့သွားသည့်အတိုင်း ပြည့်နှက်သွားကာ သူမအား သူ့ရင်ခွင်ထဲတွင် သိမ်းထားချင်မိသည်။

သူ့တည်ရှိမှု၏ အဓိပ္ပါယ်သည် သူမဖြစ်၍ တစ်ဘဝလုံး လိုက်ရှာနေရသလို ခံစားရကာ သူမအား ချုပ်နှောင်ထားချင်စိတ်က ပြင်းထန်လွန်းသည်။ သူမကို သူ့အနားတွင် တစ်သက်လုံး သိမ်းထား၍ သူမအား ထပ်ပျောက်ဆုံး မသွားစေချင်တော့ပါ။ ပျောက်ဆုံးသွားမည်တဲ့လား?

ဒီကမ္ဘာပေါ်တွင် သူ့အားနှောင်ဖွဲ့နိုင်သည့် မည်သည့်အရာမှ မရှိဘူးဟု ထင်ထားခဲ့သော်လည်း သူမက ပျောက်ဆုံးသွားလျှင်ဆိုသည့် အတွေးဖြင့် သူသည်ထိတ်လန့်သွား၍ စိတ်ဝိညာဉ်ထဲတွင် ကသောင်းကနင်းဖြစ်လာကာ သူ့အားနစ်မွန်းတော့မလိုဖြစ်သွားသည်။ မျက်လုံးများတောင် ရဲလာသည်။ ရူးသွပ်သည့်စိတ်ခံစားချက်တို့ဖြင့် ကျန်းဝူချင်း၏ ဦးနှောက်ထဲတွင်ပြည့်နေကာ သူမကို ကိုက်သည့်အားသည် ပြင်းသထက်ပြင်းလာသည်။ သူမ၏သွေးတို့တောင်ထွက်လာ၍ သူ့နှုတ်ခမ်းကို စိုသွားကာ စိတ်ခံစားချက်တို့ကို ပိုလှုံ့ဆော်လာသည်။

“အား. . . နာတယ်!”   ရှလျန်သည် မညည်းဘဲ မနေနိုင်ပါ။ လက်ကိုဆန့်၍ ကျန်းဝူချင်းအား တွန်းထုတ်ဖို့ လုပ်သော်လည်း သူမသည် သားကောင်ဘဝရောက်နေလေရာ ကျန်းဝူချင်းလို သားရဲကြီးကို မည်သည့်အားဖြင့် တွန်းလှန်မည်နည်း။

‘မလုံလောက်သေးဘူး! မရသေးဘူး! ပိုနက်နက်ကိုက်ရမယ်! ကိုက်မယ်! ထပ်ပျောက်သွားလို့ မဖြစ်ဘူး! အနာဂတ်မှာ ဘယ်မှထွက်ပြေးမရအောင် ဝိညာဉ်ကို အမှတ်အသားပေးထားမယ်။ ဘယ်တော့မှ သူထားမသွားစေရဘူး!’
ရှုပ်ထွေးသည့် ရွှေရောင်ပုံစံတစ်ခုက သူတို့နှစ်ဦး၏အပေါ်တွင် ဖြစ်တည်လာပြီးနောက် သူတို့ကို ဖုံးလွှမ်းသွားသည်။

သူ့အရှေ့က မြင်ကွင်းကို မြင်နေရသည့် တပည့်တစ်ဦးဖြစ်သည့် လီယွမ်မှာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလေပြီ! အကျဉ်းတံခါးသည် အသံလုံအောင်ပိတ်ထားသော်လည်း အမြင်ကို မပိတ်နိုင်ပါ။ အခန်းထဲတွင် ဖြစ်သမျှကို အပြင်ကနေ မြင်နေရသေးသည်။

မျက်တောင်ကို ခနခနခတ်၍ မျက်လုံးကို ပွတ်တောင်ကြည့်သော်လည်း အရှေ့က မြင်ကွင်းသည် ပျောက်ကွယ်မသွားပါ။ တကယ်ဖြစ်နေခြင်းပင်။ အမြင်အာရုံနှင့် အသိစိတ်ကြားတွင် သူ့မှာရှုပ်ထွေးနေပြီ။ သူအမြဲတမ်း လေးစားရသည့် မည်သူ့ကိုမှ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းမျိုးကို မခံနိုင်သည့် သူတို့နတ်အရှင်က အခုအချိန်တွင် ယုတ်မာသည့်မိန်းမတစ်ယောက်ကို ရင်ခွင်ထဲသွင်း၍ သူ့ကိုယ်သူ ထိုမိန်းမ၏လည်တိုင်ကြားတွင် နှစ်ထားနေနိုင်သည်လား။ 

သူ့မျက်လုံးတို့ကို ထပ်ပွတ်ကြည့်မိသည်။ ထိတ်လန့်မှုက မသက်သာခင် ပိုထိတ်လန့်စရာက သူ့အရှေ့ပေါ်လာသည်! ထိုရွှေရောင်ပုံစံ ထိုအင်းကွက်သည် သူမှားနိုင်စရာ အကြောင်းမရှိပါ။ ထိုအင်းကွက်သည် သေခြင်းရှင်ခြင်းစာချုပ်ဖြစ်သည်။ ထိုသေခြင်းရှင်ခြင်းစာချုပ်ကို ချုပ်သည်နှင့် တစ်ဖက်လူအား အရာအားလုံးကို ခြွင်းချက်မရှိ ပေးအပ်ရတော့မည်။    ‘အရှင်က ရူးသွပ်သွားပြီလား? ဘယ်လိုဖြစ်လို့ ဒီစာချုပ်ကို ချုပ်လိုက်တာလဲ? ဒီမိန်းမယုတ်က အရှင့်ကိုဒီလိုလုပ်ရသည့်အထိ ဘာများထိုက်တန်သည့်သူ ဖြစ်နေလို့လဲ?’

သို့သော်လည်း သူကြည့်မပြီးသေးခင်တွင် အသံသာလုံ၍ မြင်ကွင်းမလုံသည့် အကျဉ်းတံခါးသည် လုံးဝပိတ်သွားသည်။ မပိတ်ခင်တွင် သူ့အရှင်မှ သူ့အား အေးစက်၍ ထူးမခြားနားသည့် မျက်လုံးတို့ဖြင့် သတ်ဖြတ်ချင်သလို ကြည့်နေသလို ခံစားလိုက်ရသည်။ ဒါသည် သားကောင်လုခံရမည်ကို မလိုချင်၍ အခြားသူကို ဆွဲဖြဲတော့မလိုဖြစ်နေသည့် သားရဲတစ်ကောင် အတိုင်းဖြစ်သည်။

လီယွမ်သည် ဤကဲ့သို့ခံစားမိ၍ သူအထင်မှားခြင်းဖြစ်မည်ဟု ပြန်တွေးနေရသည်။   ‘ငါတို့နတ်အရှင်က ဘယ်လိုဖြစ်ပြီး ဒီလိုမျက်လုံးမျိုး ရှိမှာလဲ? မဖြစ်နိုင်ဘူး!’

ထိုအချိန် အကျဉ်းခန်းထဲတွင် ပြီးပြည့်စုံသွားသည် ရွှေရောင်ပုံစံသည် အလင်းများ ဖြာလာ၍ ပျောက်ကွယ်သွားကာ စီးကြောင်းတစ်ခုဖြစ်လာ၍ သူတို့နှစ်ဦးကြားသို့ ဝင်ရောက်လာသည်။ စာချုပ်အောင်မြင်သွားပြီ!

ကျန်းဝူချင်းသည် ဝိညာဉ်နှစ်ခုကြားက ဆက်နွယ်မှုကို ခံစားမိသည်။ ဒါသည် သူတို့ကြားတွင် ငွေချည်မျှင်တစ်ခုဖြင့် တင်းကြပ်စွာ ဆက်သွယ်ထားသလိုပင်။ ရှလျန်၏ ဝိညာဉ်အစွမ်းကို သူခံစားမိသည်။ သန့်စင်ကြည်လင်၍ နွေးထွေးနေကာ သူ့အစွမ်းတို့ဖြင့် ရောနှောနေပြီ။

သူ့ရင်ထဲက ရူးသွပ်မှုတို့သည် ဖြည်းဖြည်းချင်း သက်သာသွားသည်။ ကျန်းဝူချင်းသည် သူမ၏ လည်တိုင်ပေါ်က သူ့ကိုက်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာမှ သွေးစတို့ ထွက်နေသည်။ သူ့မျက်လုံးတို့က ချက်ချင်းနက်သွား၍ သူ့ကိုယ်သူ သတိမထားမိဘဲ သူမ၏သွေးစတို့ကို လျှာဖြင့် လျက်လိုက်သည်။ ဒါက ပုံမှန်ဟုတ်မနေပါ!

“အင်း~ ..."    ရှလျန်သည် သူ့လှုပ်ရှားမှုကြောင့် မညည်းဘဲ မနေနိုင်တော့ပါ။ သူမ၏ကိုယ်သည် အားနည်းသထက် အားနည်းလာသည်။ အရင်ရုန်းကန်မှုတို့က အကုန်ပျောက်ကွယ်သွားကာ ကျန်းဝူချင်း၏ ရင်ခွင်ထဲတွင် မောဟိုက်နေသည်။

ရှလျန်၏တုန့်ပြန်မှုက ကျန်းဝူချင်းကို ပို၍လှုံ့ဆော်ကာ သူ့လှုပ်ရှားမှုတို့က ပို၍အထိန်းအကွပ်မဲ့လာပြီး ရှလျန်၏လက်တို့ကို ဆုတ်ကိုင်ကာ သူမ၏ကိုယ်ပေါ်တောင် ပြေးလွှားနေသေးသည်။

သွေးတောင်ထပ်မထွက်နိုင်တော့သည့်အထိ သူမ၏လည်ပင်းကို ထောင့်မျိုးစုံမှ ကိုက်နေ နမ်းနေခဲ့သည်မှာ ၄၅မိနစ်ခန့်ကြာသည်။ ထို့နောက်မှ ကျန်းဝူချင်းသည် သူမအား မလွှတ်ချင်စွာ လွှတ်ပေး၍ အက်ရှနေသည့်အသံဖြင့် ပြောသည်။   “မင်းက ကိုယ့်အပိုင်ပဲ။ ဟုတ်ပြီလား”

9957သည် ရှလျန်မှာ ဒီလိုနည်းလမ်းဖြင့် တံဆိပ်နှိပ်ခံလိုက်ရသည်ကို အလွန်ရှက်မိ၍ မျက်နှာကိုအုပ်ထားသည်။ တံဆိပ်ခတ်နှိပ်ခြင်းသည် ဒီကမ္ဘာပေါ်တွင် ချစ်တင်းနှောခြင်းနှင့် မကွာခြားပါ။    ‘အား! ငါတော့ မကောင်းတော့သလို ခံစားနေရပါပြီ! ဘယ်လိုလုပ်ပြီးတော့ အကုန်လုံးက မထိန်းချုပ်နိုင်တဲ့အထိ ဖြစ်ကုန်တာလဲ?’

သတိပြန်ကပ်လာသည်နှင့် ရှလျန်သည် သူမ၏လည်ပင်းကို မထိဘဲ မနေနိုင်ပါ။ သွားရာနက်နက်က သူမ၏လည်ပင်းပေါ်တွင် ထင်းနေကာ ထိမိရုံဖြင့် တုန်သွားသည်။ သူမက အေးစက်စွာ သူ့အားမေးသည်။   “ဒါက ပျောက်သွားမှာလား?”

“မပျောက်ဘူး! မင်းက ဒီအရှင်ရဲ့ အစေခံပဲ။ ကိုယ့်မျက်လုံးအောက်ကနေ ပျောက်သွားဖို့ကို ဘယ်တော့မှ မတွေးနဲ့!”   ကျန်းဝူချင်းသည် သူမကိုတွန်းထုတ်၍ သူ့၏ကောင်းမွန်သည့် နတ်ဘုရားအသွင်ကို ပြန်ထိန်းလိုက်သည်။ သို့သော်လည်း သူ့ရူးသွပ်မှုတို့က ရှိဆဲပင်။ ဝိညာဉ်စွမ်းအားဖြင့် စိတ်ဝိညာဉ်ကို တံဆိပ်ခတ်ထားသည့် အမှတ်အသားသည် လုံးဝမပျောက်နိုင်ပါ!

ရှလျန်သည် မျက်မှောင်ကျုံ့၍ ခေါင်းငုံ့ကာ ဘာမှမပြောတော့ပါ။ သို့သော် ကျန်းဝူချင်း၏ လက်ကိုဆွဲယူ၍ သူ့လက်ပေါ်က သံလက်ထိပ်ကိုကြည့်သည်။ စည်းတံဆိပ်ဖြင့် အနှိပ်ခံရပြီးနောက် အခြေအနေက တည်ငြိမ်သွားသည့်အခါ ရှလျန်သည် သူမလုပ်ရမည်ကို စတင်လုပ်သည်။ ကျန်းဝူချင်းအား ဒီနေရာမှ ထွက်ခွာရန် ကူညီခြင်းပင်။

“ရှင်က ဝိညာဉ်စွမ်းအားကျင့်ကြံတာကို လက်လျော့ပြီးတော့ မိစ္ဆာကျင့်စဉ်ကျင့်ချင်တာ မထူးဆန်းတော့ဘူး”   ရှလျန်က မျက်မှောင်ကျုံ့၍ ပြောသည်။

“ဘာဖြစ်လို့လဲ?”   ကျန်းဝူချင်းက မျက်ခုံးပင့်ကာ မေးသည်။ သူသည် အလုပ်ရှုပ်နေသည့် ရှလျန်ကိုကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်း၍ ပျော်နေသည်။

“ဒီသံလက်ထိပ်က မှော်အစွမ်းနဲ့ချုပ်ထားတာ! သူ့ချုပ်နှောင်ခြင်းအစွမ်းက ရှင်ဝိညာဉ်စွမ်းအား များလေလေ သူကပိုထိန်းချုပ်နိုင်လေလေပဲ။ ရှင့်ကိုယ်ထဲမှာ အစွမ်းမရှိတော့ရင် အလွယ်လေး ဖြုတ်ရတယ်”   ရှလျန်က ရှင်းပြသည်။  
Previous Chapter 28 of 42 Next