အပိုင်း (၁၀)
ရှလျန်သည် အစကတော့ မေ့ချင်ယောင်ဆောင်ခဲ့သော်လည်း သွေးများစွာ ဆုံးရှုံးထား၍ မောပန်းလွန်းကာ တကယ်ကြီးကို မူးသွားသည်။
ဇာတ်ကြောင်းအရ ပိုင်ယောင်၏ တပ်ကူတို့က သူတို့ကိုရှာတွေ့ပြီဖြစ်ရာ နောက်ပိုင်းကိစ္စတို့သည် ပို၍လွယ်ကူကာ အဆင်ပြေသွားသည်။ ခြုံခိုတိုက်ခိုက်သူများကို အကုန်လုံးဖမ်းစီးပြီးနောက် စစ်သူကြီးကို အိမ်တော်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
နောက်ကွယ်တွင်တော့ ဒီလိုဖြစ်သည်။ ပိုင်ယောင်သည် ထိခိုက်မိလျှင် အဆင်ပြေသေးသော်လည်း အခုသူက ရှလျန်ကို ထိခိုက်ခွင့်ပေးမိသွားသည်ဟု ပြောသည်။ ပြန်ရောက်လျှင် လုပ်ကြံသူတို့က ဘယ်လောက်ပဲ ငိုကြွေးပြနေပါစေ သူတို့ကို ရှင်းမပစ်နိုင်လျှင် သူ့ရင်ထဲကအမုန်းတရားပြေဖို့ ခက်ခဲလိမ့်မည်။ ရှလျန်က ပို၍ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် ပိုင်ယောင်သည် လုံးဝပြန်လည်တိုက်ခိုက်ခြင်း မလုပ်ခဲ့သော်လည်း ရှလျန်တို့ မောင်နှမစခန်းချရာနေရာမှ မြို့တော်ကိုပြန်ရန် ၃ရက်ကြာသွားသည်။
ရှလျန်ကတော့ သူမနိုးနေသ၍ ပိုင်ယောင်၏ ဝမ်းနည်းမှုအပြည့်နှင့် နောင်တရနေသည့် အကြည့်တို့ကို သည်းခံရသည်မှာ သူမအား အဆ ၁သောင်း ပို၍နာကျင်စေသည်။ ထို့ကြောင့် ရှလျန်သည် မျက်နှာပြောင်၍ မူးချင်ယောင်ဆောင်ကာ အချိန်အများစုတွင် မျက်လုံးကိုသာ မှိတ်ထားသည်။
ပိုင်ယောင်ကတော့ သူမသည် နာကျင်လွန်း၍ အရမ်းအားပျက်နေသည်ဟုသာ မြင်နေသည်။ သူသာ အချိန်ကိုပြန်နောက်ဆုတ်နိုင်လျှင် သူမအစား သူ့ကိုယ်သူသာ ထိခိုက်ချင်မိ၍ အရမ်းစိတ်ဖိစီးလာသည်။ ထို့ကြောင့် သူ့အမုန်းတရားက ပို၍ပြင်းလာသည်။
ရှလျန်သည် မူးရင်းမူးရင်းနောက်ဆုံး စစ်သူကြီးအိမ်တော်သွားရာလမ်းတွင် မေ့ကိုသွားခဲ့သည်။ အိမ်တော်သို့ မဝင်ခင်တွင် ရှရန်သည် သူညီမကို ပြန်ခေါ်သွားခွင့် တောင်းဆိုခဲ့သည်။ သို့သော် ရှလျန်က သူ့အစ်ကိုစိတ်ပြောင်းအောင် ဘာမှမလုပ်လိုက်ရပါ။ ပိုင်ယောင်က အပြင်းအထန် ငြင်းဆိုခဲ့သည်။
ပိုင်ယောင်သည် ရှလျန်ကို သူ့မျက်စိအောက်က ဘယ်လိုလုပ်၍ အပျောက်ခံနိုင်မည်နည်း။ အခုဆိုလျှင် ရှလျန်ကို ခနမမြင်ရရုံ၊ သူမအသက်ရှုမရှု မစစ်ရရုံဖြင့် ပြန်နိုးမလာမည်ကို စိုးရိမ်ကာ ပိုင်ယောင်သည် ကြောက်လန့်တကြား ဖြစ်နေသည်။
ရှလျန်ကတော့ သူမ၏ နာကျင်နေရပုံဟန်ဆောင်မှုက ပိုင်ယောင်၏စိတ်ကို ညှင်းဆဲနိုင်စွမ်း ရှိကြောင်းနှင့် သူ့ရင်ခွင်ထဲတွင် တစ်ချိန်လုံးဖက်ထားဖို့ မစောင့်နိုင်ဖြစ်နေသည်ကို လုံးဝမသိခဲ့ပါ! ထို့ကြောင့် သူမကို ကုသပေးဖို့ ဆေးရုံကို ခေါ်သွားပေးမည်ကိုကြားသည့်အခါ ရှလျန်သည် အလွန်ကျေနပ်နေသည်။ အထူးသဖြင့် ၉၉၅၇ထံမှ ပြီးစီးမှုနှုန်း 25% ရောက်သွားသည်ကို ကြားသည့်အခါ စိတ်အခြေအနေက ပို၍ကောင်းမွန်လာသည်။ ဒါသည် ပိုင်ယောင်၏ ယုံကြည်မှုကိုရ၍ သူ့ဘေးတွင် ခြေကုပ်ယူနိုင်တာ သေချာသွားကြောင်း ပြနေသည်။
ထို့နောက် သူမသည် စုမေ့နှင့် ပိုင်ယောင်တို့ကြားက ဆက်ဆံရေးကို ဖျက်စီးနိုင်ပြီ။ ပိုင်ယောင်အား စုမေ့ကို ကြိုက်ခွင့်မပေးနိုင်သလို သူမ၏ သရုပ်မှန်ကိုလည်း သင့်တော်သည့်အချိန်တွင် ထုတ်ဖော်ရမည်။ ရှလျန်သည် နောက်ခြေလှမ်းကိုတွေးရင်း မျက်လုံးကိုမှိတ်လိုက်သည်။ ပိုင်ယောင်က သူမကို ဖက်ထားဆဲ ဖြစ်သည်ကို သိသော်လည်း မျက်လုံးကိုမဖွင့်ဘဲ သူမ၏ကိုယ်အား ပို၍သက်သောင့်သက်သာရှိအောင် လှုပ်လိုက်သည်။
သူမက သူအမြဲရှိနေ၍ ပွေ့ထားခြင်းကို အသားကျနေပြီ။ ဒီရက်ပိုင်းတွင် အဝတ်လဲဖို့ ကူညီရာတွင် ဖြစ်စေ လမ်းခရီးတွင်နားဖို့ဖြစ်စေ အကုန်လုံးကို ပိုင်ယောင်ကိုယ်တိုင် လုပ်ပေးတာဖြစ်သည်။ ပွေ့ပြီးရင်း ဖက်နေသဖြင့် ရှလျန်သည် သူ့အကျင့်နှင့်အလိုက်အထိုက် နေဖြစ်နေသည်။
ထိုအခြင်းအရာတို့က လွဲမှားနေသည်ဟု သူမက မထင်ပါ။ ပိုင်ယောင်က သူမအတွက် တာဝန်ပြီးဖို့ ကယ်ဆင်ရမည့်သူသာ ဖြစ်သည်။ သူတို့ရင်းနှီးလာလျှင် တာဝန်ကို ပို၍ပြီးမြောက်နိုင်သည်။ အခြားသူများ အတွက်ကတော့ ရှလျန်၏ ဦးနှောက်ထဲတွင် ရှိမနေပါ။ သူမသည် ဉာဏ်ကောင်းသော်လည်း ဂရုမဲ့သည်။ သို့သော် ယောက်ျားနှင့်မိန်းမ ဆက်ဆံရေးနှင့် ပက်သတ်လာလျှင် သူမ၏ ဦးနှောက်က နှေးသွားသည်။ ကျောက်တုံးတောင်မှ ရှလျန်ထက် ထက်လိမ့်မည်။
ပိုင်ယောင်သည် သတိမေ့နေသည့် ရှလျန်ကိုဖက်၍ ဝင်လာသည့်အခါ အိမ်တော်ဝင်ပေါက်တွင် စောင့်ကြိုနေကြသည့် အိမ်တော်က မိသားစုများနှင့် အစေခံတို့သည် ထိတ်လန့်အံ့ဩနေကြသည်။ အနောက်ပိုင်းတရုတ်ပြည်၏ စစ်နတ်ဘုရားဖြစ်သည့် ထူးမခြားနားနေလေ့ရှိသည့် စစ်သူကြီးသည် ပိန်ပိန်ပါးပါးအမျိုးသမီးတစ်ယောက်ကို ကျိုးပဲ့သွားမှာ စိုးရိမ်စွာ ကြွေရုပ်တစ်ရုပ်အတိုင်း ပွေ့ချီလာသည်။
သူ့ဂရုတစိုက်အပြုအမှုတို့ကြောင့် လူတို့သည် မကြည့်ဘဲ မနေနိုင်ပါ။ လူတို့က သူ့လက်ထဲက မိန်းကလေးကို ကြည့်ဖို့လုပ်သဖြင့် သူ့ဝတ်ရုံကိုဝေ့ယမ်းလိုက်၍ သူမ၏မျက်နှာအား မမြင်ရအောင် ဖုံးအုပ်ပေးလိုက်သည်။ စစ်သူကြီး၏ အမှုအယာသည် အေးစက်၍ ထူးမခြားနား ဖြစ်နေသေးသော်လည်း သေချာကြည့်မည်ဆိုပါက သူသည် အရင်ကထက်ပို၍နူးညံ့နေကာ အမြဲအေးစက်နေသည့် မျက်လုံးတို့က အပူဖြင့်စိုစွတ်နေသည်။ အရူးတောင်မှ ဒီပုံစံသည် စစ်သူကြီးက သူ့ချစ်သူကိုဆက်ဆံသည့်ပုံစံမှန်း မြင်နိုင်သည်။
စစ်သူကြီးအိမ်တော်အပေါက်ဝတွင် လုံးဝတိတ်ဆိတ်သွားသည်။ ခနကြာမှ–
“ယောင်အာ အဆင်ပြေလား? ခြုံခိုတိုက်ခံရတယ်ကြားလို့ ဒီအမေက သေမလိုစိတ်ပူနေခဲ့တာ! နောက်ဆုံးတော့ လုံလုံခြုံခြုံပြန်လာပြီပဲ”
ပိုင်သခင်မက စိတ်ပူစွာပြောသည်။
ပိုင်ယောင်က ခေါင်းငြိမ့်၍ ပြောသည်။ “ဘာမှမဖြစ်ပါဘူး” သူ့မိခင်ကို သူသည် သားသမီးကျင့်ဝတ်လျော်ညီစွာ လေးစားသော်လည်း အမြဲအေးစက်၍ စိမ်းကားသည်။ သူ့မိသားစုက သူ့ကိုချစ်ကြသော်လည်း သူ့ကိုစေ့စေ့မကြည့်ဘဲ နွေးထွေးမှုအစား အကြောက်တရားတို့ဖြင့် ကြည့်ကြသည်။
ပိုင်ယောင်သည် ထိုအရာတို့ဖြင့် အသားကျနေပြီ။ မချစ်ချင်ရင် မချစ်ကြနဲ့။
“ကောင်းပြီ! ကောင်းပြီ!” ပိုင်သခင်မက ခေါင်းငြိမ့်သည်။ သူမ၏အကြည့်တို့က ပိုင်ယောင် ပွေ့ချီထားသည့်သူထံသို့ ခနခနရောက်၍ မနေနိုင်တော့ဘဲ မေးသည်။ “ယောင်အာ လက်ထဲကဘယ်သူများလဲ?”
“သူက ရှလျန်။ ကျွန်တော့်ကိုကယ်ရင်း ဒဏ်ရာရသွားလို့ အိမ်မှာပဲ ဆေးကုပေးမယ်” ပိုင်ယောင်က ရှလျန်ကိုကြည့်၍ ပြောချိန်တွင် နူးညံ့သည့်ချစ်ခြင်းတို့ဖြင့် ကြည့်နေမိမှန်း သူ့ဟာသူမသိပါ။
သို့သော်လည်း ဒီအပြုအမှုကြောင့် ပိုင်သခင်မသည် ထိတ်လန့်သွားသည်။ သူမြင်ခဲ့ရတာတောင် စိတ်ထဲက ထိတ်လန့်မှုတို့က မပျောက်သွားပေ။ “ယောင်အာရဲ့ အသက်သခင်ကျေးဇူးရှင်လေးပဲ။ သေချာ ပြုစုစောင့်ရှောက်ပေးရမှာပေါ့” ပိုင်သခင်မက တစ်ခုခုကို တွေးမိသွားကာ အလျင်စလိုပြောသည်။ “ယောင်အာ အမေ့မှာ ဆေးဘက်ဝင်ဟင်းချက်တာတော်တဲ့ အစေခံတစ်ယောက်ရှိတယ်။ ခန္ဓာကိုယ်အပေါ် တကယ်ထိရောက်တာ! ဒီအမေက ၁လပဲစားရသေးတယ်။ ခန္ဓာကိုယ်က အရင်ကထပ် ပိုကောင်းနေပြီ။ ဟုတ်သား! သူ့ကိုဂရုစိုက်ပေးဖို့ အမေလွှတ်ပေးမယ်”
ခန္ဓာကိုယ်အတွက်ကောင်းသည့် ဆေးဘက်ဝင်ဟင်းဟု ကြားသည်နှင့် ပိုင်ယောင်သည် ရှလျန်၏ ခန္ဓာကိုယ်ကိုတွေးမိကာ ချက်ချင်းခေါင်းငြိမ့်၍ သဘောတူသည်။ “ဟုတ်ကဲ့”
ပိုင်ယောင်က သဘောတူသည်နှင့် ပိုင်သခင်မသည် အလွန်ပျော်ရွှင်သွားကာ အနောက်ကိုလှည့် ခေါ်သည်။ “စုမေ့ ဒီကိုလာစမ်း! ယွဲ့အာကို ခစားလိုက်”
အဝါရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက်က အမျိုးသမီးတစ်ယောက်၏ နူးညံ့မှုတို့ဖြင့် အရိုအသေပေးကာ ထွက်လာသည်။ သူမ၏ ခါးသည် အချိုးအစားမကျစွာ သေးလွန်း၍ ကျိုးတော့မတက်ဖြစ်နေကာ လူတို့က မကြည့်ရက်ပေ။ ကြည့်ရုံဖြင့် ကရုဏာသက်စဖွယ်ပင်။ ထိုအမျိုးသမီးမှာ မက်မွန်ပန်းပွင့်လိုမျိုး ထူးခြားသည့်မျက်နှာသွင်ပြင်ရှိကာ တကယ့်အလှလေးဖြစ်သည်။ သူမက ပိုင်ယောင်အား ကြည်ညိုမှုပြည့်နေသည့်အသံဖြင့် နူးညံ့စွာပြောသည်။ “အစေခံ စုမေ့ စစ်သူကြီးကို ဂါရဝပြုပါတယ်”