နောက်ကျောက ဒဏ်ရာကြောင့် ရှလျန်သည် ကုန်း၍မရသေးပါ။ ထို့ကြောင့် ဒီလိုအလုပ်ခံရလည်း ရှလျန်၏အမြင်အရ ရှက်ရွံ့ခြင်းမရှိဘဲ လက်ခံပေးနေသည်။ ချိုမြိန်၍ ရှက်ဖို့ကောင်းသည့် အတွေးများကတော့ ဘာမှန်းတောင် သူမက မသိပါ။ ဒီလိုအတွေးမျိုးက သူမ၏စိတ်ထဲတွင် ဘယ်တုန်းကမှ ပေါ်မလာဖူးပါ။
ထို့ကြောင့် ရှလျန်သည် တစ်ကိုယ်လုံးမလှုပ်နိုင်သည့် လူတစ်ယောက်လိုမျိုး ပိုင်ယောင်က ခြေအိတ်နှင့် ဖိနပ်တို့ဝတ်ပေးသည်ကို ငြိမ်နေသည်။ ထို့နောက် အရှေ့ခန်းမှစားပွဲသို့ သူမကိုပွေ့ဖက်၍ ၃နှစ်သမီးလေးလိုကို အလိုလိုက်နေသလိုမျိုး ခေါ်သွားပေးသည်ကိုလည်း ဆက်ငြိမ်နေသည်။
ဧည့်ခန်းထဲတွင် ဘယ်သူမှမရှိပါ။ မွှေးပျံ့နေသည့် စားသောက်ပွဲတို့ဖြင့် ပြည့်နေသည့် စားပွဲဝိုင်းကြီး တစ်ခုရှိသည်။ ပိုင်ယောင်သည် ရှလျန်၏ကိစ္စတို့ကို အခြားသူများအား မလုပ်စေချင်သဖြင့် အစေခံတို့ကို မျက်စိဆံပင်မွှေးမစူးအောင် ဒီမှာတောင် မနေခိုင်းပါ။
ပိုင်ယောင်သည် ရှလျန်ကို သူ့ပေါင်ပေါ်တွင်ထိုင်ခိုင်းထားသော်လည်း လွှတ်မပေးဘဲ သူမ၏ အနောက်ကဒဏ်ရာကို မထိမိအောင် ဆက်ပွေ့ထားရင်း သူမအား ညင်သာစွာမေးသည်။ “ဒါတွေက မင်းအတွက် အထူးလုပ်ထားခိုင်းတာ။ ခန္ဓာကိုယ်အတွက်ကောင်းတယ်။ မြည်းကြည့်မလား?”
“အင်း” ရှလျန်က ခေါင်းအနည်းငယ်ငြိမ့်ပြသည်။ ထိုဆေးစွပ်ပြုတ်တို့ကို စုမေ့က လုပ်ထားတာဖြစ်သည်။ ထို့ကြောင့် သူမက သောက်ကြည့်ချင်သည်။
ပိုင်ယောင်က ပန်းကန်လုံးတစ်လုံးကို ဇွန်းတပ်၍ သူမအား ခွံ့မကျွေးခင် အပူချိန်အဆင်ပြေစေရန် လေဖြင့်မှုတ်ပေးပြီးမှ တိုက်ဖို့လုပ်သည်။
ဆေးစွပ်ပြုတ်ကို တစ်ငုံသောက်လိုက်သည်နှင့် ရှလျန်၏ အမှုအယာက ချက်ချင်း အေးစက်သွားကာ မျက်ခုံးကျုံ့သွားသည်။ စွပ်ပြုတ်ကို အဆိပ်ခတ်ထားသည်!
အရင်တာဝန်များကို ထမ်းဆောင်စဉ် ရှလျန်သည် ဆရာဝန်တစ်ခါ လုပ်ဖူးသည်။ ထို့ကြောင့် တရုတ်ဆေးပညာဖြစ်ဖြစ် အနောက်တိုင်းဆေးပညာဖြစ်ဖြစ် အကုန်လုံးပါဝင်သည့် ဆေးပညာ အရည်အချင်းကို ရရှိထားသည်။ သူမ၏ အရည်အချင်းဇယားတွင် ဆေးပညာက အခြေခံ ဖြစ်နေသော်လည်း ဘာအဆိပ်အတောက်ပစ္စည်းဖြစ်ဖြစ် သိနိုင်၍ အဆိပ်ကို ခံစားမိနေမိပြီ!
ရှလျန်အပေါ် စုမေ့၏လုပ်ရပ်တို့က မြန်ဆန်လွန်းသည်။ သူမတို့ ပထမဆုံးဆက်ဆံမှုဖြစ်သော်လည်း သူမကို အဆိပ်တောင် ခတ်လိုက်ပြီးပြီ! ရှလျန်သည် ပါးစပ်ထဲကစွပ်ပြုတ်ကို သေချာအာရုံခံစားကြည့်ရာ အဆိပ်ရှိသည့်ဆေးပင်များစွာ ပါဝင်ပေါင်းစပ်ထားသည့် အဆိပ်ဖြစ်ကြောင်း သိရှိလိုက်သည်။ ဘာအဆိပ်လဲ သူမက အမည်မဖော်နိုင်သော်လည်း ဂုဏ်သတ္တိတို့က အဆိပ်ဖြစ်မှန်းတော့ ခန့်မှန်းမိသည်!
ငွေအပ်ဖြင့် ဒီအဆိပ်ကိုစမ်းသပ်ကြည့်မည်ဆိုလျှင် ရှာတွေ့ဖို့ ခက်ခဲလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသည် ဖြည်းဖြည်းချင်းဖြစ်ပွားလာ၍ ခန္ဓာကိုယ်လုပ်ဆောင်မှုတို့ကို ဖျက်စီးပစ်မှာ ဖြစ်သောကြောင့် လူတို့သတိထားမိဖို့ ခက်ခဲသည်! နေ့တိုင်း ဖြည်းဖြည်းချင်း အားနည်းသထက်အားနည်းလာ၍ နောက်ဆုံးတွင် အပြင်းအထန် မကျန်းမမာဖြစ်လာကာ ကုသဖို့မဖြစ်နိုင်ပေ!
အခုသူမ၏ဒဏ်ရာက မကောင်းသေးသည့်အချိန်တွင် ဒီအဆိပ်ကိုထည့်လိုက်သဖြင့် သူမက နောက်ပိုင်း ကျန်းမာရေးဆိုးလာလျှင်လည်း လူတို့က ဒီဒဏ်ရာကြောင့်ဟုထင်၍ အဆိပ်ကြောင့်ဟု ဘယ်လိုမှ တွေးမိနိုင်မှာ မဟုတ်ပါ! ထို့အတူ စစ်သူကြီးအရှေ့တွင် လူတစ်ယောက်ကို အဆိပ်ခတ်မည်ဟု ဘယ်သူက ထင်မည်နည်း? စစ်သူကြီး၏ အစားအသောက်တို့ကို အမြဲတမ်းစစ်ဆေးပေးသည့်သူ ရှိနေလေရာ ပိုင်ယောင်ကိုယ်တိုင်လည်း ဒီလိုမျိုး သူမအား လုပ်ခံရလိမ့်မည်ဟု ထင်ထားမှာ မဟုတ်ပါ!
ရှလျန်၏ မျက်လုံးတို့က မှေးကျဉ်းသွားသည်။ စုမေ့က တကယ့်ကို ရက်စက်သည်! ဇာတ်လိုက်အတု တစ်ယောက်ဖြစ်နေလျက်ဖြင့် ဇာတ်လိုက်ကို သတ်ပစ်နိုင်သည့် မိန်းမပီသည်။ သူမက လုပ်နိုင်စွမ်းရှိ၍ ရက်စက်သည်။
စနစ်၉၉၅၇က စိတ်ဆိုးစွာပြောသည်။ ‘ဒီကြာဖြူပုပ်မကြီးက အရမ်းရက်စက်တာပဲ! လျန် ဒီစွပ်ပြုတ်ကို အဆိပ်ခတ်ထားတယ်လို့ ပိုင်ယောင်ကို ပြောပြပြီးတော့ စုမေ့ကို သတ်လိုက်ရအောင်! ပိုင်ယောင်စိတ်က နင့်အပေါ်မှာပဲရှိနေတာ။ နင်ပြောရင် နားထောင်မှာ’
ရှလျန်က စိတ်ထဲတွင် ခေါင်းခါ၍ အေးစက်စွာပြောသည်။ ‘အရမ်းစွန့်စားရာကြတယ်။ သူ့နယ်မြေအကြောင်းကို သိအောင်လုပ်ရဦးမယ်’
ပိုင်ယောင်၏ စိတ်ကတော့ ထားလိုက်ပါ။ ရှလျန် အရာအားလုံးကို သူမကိုယ်တိုင်လုပ်ရသည်ကိုသာ အကျင့်ဖြစ်နေသည်။ ဒီဆေးစွပ်ပြုတ်တစ်ခွက်က စုမေ့အပြစ်အတွက် ပါးနေသေးသည်! အဆိပ်က အလွန်ဖုံးကွယ်နိုင်သဖြင့် လူတို့က သတိမထားမိနိုင်ပေ။ သက်သေလည်းမရနိုင်ပါ။ စုမေ့၏ ထောင်ချောက်ထဲသို့တောင် သူမက ပြန်ကျသွားနိုင်သည်!
ထို့အတူ စုမေ့တွင် နေရာလွတ်နယ်မြေ၏ အထောက်အပံ့လည်း ရှိသေးသည်။ သူမကို မသတ်နိုင်ပါက နေရာလွတ်ထဲသို့ဝင်ပုန်းခွင့် ရသွားလျှင် အကျိုးဆက်တို့က ပို၍ဆိုးလိမ့်မည်! စုမေ့၏ အားကိုးနေသည့် နယ်မြေကို အသုံးမဝင်အောင်လုပ်နိုင်မှ သူမကိုမလွတ်စေဘဲ သတ်နိုင်မှာဖြစ်သည်!
ရှလျန်သည် ဇာတ်ကြောင်းတစ်ခုလုံးကို သိရှိထားသော်လည်း ဇာတ်လိုက်အတုမနှင့် ပတ်သက်သည့် ကိစ္စတို့က အချက်အလတ်တို့က မပြည့်စုံသေးပါ။ သူမတွင် နေရာလွတ်နယ်မြေရှိသည်ကို သိသော်လည်း ထိုနေရာလွတ်နယ်မြေက ဘယ်နားတွင် တည်ရှိနေသလဲကို မသိရသေးပါ။ ကျောက်စိမ်းပြားထဲမှာလား? လက်ကောက်တွင်လား? တခြားဘယ်နေရာတွင်ဖြစ်လိမ့်မည်နည်း? ထို့ကြောင့် ရှလျန်က ဒီလိုပြောခြင်း ဖြစ်သည်။
“ဘာဖြစ်လို့လဲ? မကြိုက်ဘူးလား?” စွပ်ပြုတ်ကို မြိုမကျသေးသည်ကို မြင်သည့်အခါ ပိုင်ယောင်သည် မမေးဘဲ မနေနိုင်တော့ပါ။
ထို့နောက် ဇွန်းကိုယူ၍ သူကိုယ်တိုင်မြည်းကြည့်ဖို လုပ်သည်။ ဒါကိုမြင်သည့်အခါ ရှလျန်၏ အပြုအမှုတို့က ပို၍အေးစက်လာကာ ပါးစပ်ထဲကစွပ်ပြုတ်ကို အမြန်မြိုချ၍ ပိုင်ယောင်လက်ကို လှမ်းတားကာ ပြောသည်။ “မစားနဲ့”
၉၉၅၇က လန့်သွားကာ အော်သည်။ “လျန် ဘာဖြစ်လို့ စားပစ်လိုက်တာလဲ?”
ရှလျန်က ပြောသည်။ “ဘာမှမဖြစ်ဘူး” တစ်ငုံလောက်တည်းဖြစ်၍ မထိခိုက်နိုင်ပါ။
“ဟမ်?” ပိုင်ယောင်က သူမကိုကြည့်ရတာ ထူးဆန်းနေသဖြင့် အေးစက်သွားကာ မေးသည်။ “စွပ်ပြုတ်က တစ်ခုခုဖြစ်နေတာလား?”
ရှလျန်က ခေါင်းငြိမ့်၍ ပြောသည်။ “အရသာမရှိဘူး။ မစားနဲ့”
သူမ၏အဖြေကြောင့် ပိုင်ယောင်သည် ရယ်မိသွားသည်။ သို့သော်လည်း ထူးဆန်းသလို ခံစားရဆဲပင်။ ရှလျန်က အရသာရှိမရှိကို ဂရုစိုက်မည့်လူမျိုး မဟုတ်ပါ။ ထိုအပြုအမှုက သူ့အတွက် သူမက ဂရုစိုက်ပေးနေ၍လား? ထိုအတွေးတို့ဖြင့် ပိုင်ယောင်သည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါ။
ရှလျန်က ပြောသည်။ “ဘယ်သူလုပ်တာလဲ? သူနဲ့တွေ့ချင်တယ်”
ပိုင်ယောင်က ပြောသည်။ “ဘာဖြစ်လို့ တွေ့ချင်တာလဲ? အရသာမရှိရင် မစားနဲ့တော့လေ”
ရှလျန်က သူ့ကိုအေးစက်စွာကြည့်၍ ပြောသည်။ “သူ့ကိုအခွင့်အရေးတစ်ခုလောက် ပေးကြည့်ချင်လို့”
“ဪ. . . ရပါတယ်။ သူ့ကိုခေါ်ခိုင်းလိုက်မယ်” သူ့ကိုအမှုအယာမဲ့စွာ ပြန်ကြည့်ပြောနေသည့် ရှလျန်ကိုကြည့်ကာ စိတ်ထဲတွင် ယားကျိကျိဖြစ်၍ ပြုံးပြုံးကြီး ပြောသည်။ ‘ချစ်ဖို့ကောင်းလိုက်တာ!’
စုမေ့က ရောက်လာသော်လည်း စစ်သူကြီးသည် ရှလျန်ကိုသာ စောင့်ကြည့်နေသည်။ စိတ်အာရုံ အပြည့်နှစ်ထား၍ အလိုလိုက်မှုအပြည့်ဖြင့်ရှိကာ သူ့ကမ္ဘာတွင် သူ့ရင်ခွင်ထဲကလူကလွဲ၍ အခြားဘယ်သူကိုမှ မမြင်နိုင်ပေ။
ဒီမြင်ကွင်းကို မြင်သည့်အခါ စုမေ့သည် ပိုင်ယောင်ကို မုန်းသော်လည်း သူမ၏ရင်ထဲတွင် ပုရွက်ဆိတ် အကောင်၁သိန်းက လျှောက်သွားနေသလိုခံစားရကာ မနာလိုဖြစ်သွားသည်! ရှလျန်သာ မရှိပါက ပိုင်ယောင်သည် သူမ၏အပိုင်ဖြစ်လာလိမ့်မည်။ ဒီလိုကြင်နာမှုတို့ကလည်း သူမ၏အပိုင်သာ ဖြစ်သင့်သည်ဟု စုမေ့က ထင်သည်။
“အစေခံ စုမေ့က စစ်သူကြီးကို နှုတ်ခွန်းဆက်သပါတယ်” စုမေ့သည် အံကြိတ်၍ အသက်ဝဝရှုပြီးနောက် ညင်သာစွာ ပြောသည်။
“အင်း” ပိုင်ယောင်သည် ခပ်ဖွဖွဖြေပြီးနောက် ရှလျန်၏ နားအနားကိုတိုးတိုးကပ်ပြောသည်။ “လာပြီဆိုတော့ ဘာလုပ်မှာလဲ?”
လေပူနွေးနွေးက ရှလျန်၏နားကို ဖြတ်ပြေးသွားသဖြင့် ဖြူဖွေးနူးညံ့သည့်နားသည် ရှက်ရွံ့သည့် အရောင်ပြောင်းသွားသည်။ ပိုင်ယောင်သည် အနီရောင်တောက်တောက်ကိုကြည့်၍ ကျေနပ်သည့် အပြုံးက မျက်လုံးထဲတွင် ပေါ်လာသည်။
ရှလျန်က ခေါင်းကိုအနည်းငယ်စောင်း၍ သူ့အပြုအမှုကိုရှောင်ကာ မျက်စောင်းတစ်ချက် ပေးလိုက်သည်။ သူမ၏စိတ်ထဲတွင် တွေဝေနေသည်။ ‘ဘာဖြစ်လို့ သူက စကားကိုကပ်ပြောတာလဲ? စုမေ့ကြားမှာ စိုးရိမ်လို့လား? ဒါပင်မယ့် ဖုံးကွယ်စရာ ဘာမှလည်း မရှိဘဲနဲ့’
ရှလျန်သည် မတွေးတက်သဖြင့် ခေါင်းထဲကထုတ်လိက်၍ စုမေ့ကိုကြည့်ကာ ပြောသည်။ “ဒီစွပ်ပြုတ်ကို နင်စားလိုက်။ ပြီးတော့ အသစ်ထပ်လုပ်လာခဲ့”
စုမေ့က ဒါကိုကြားသည့်အခါ ရုတ်တရပ် အံ့ဩ၍ မော့ကြည့်ရာ သူမ၏ ကြည်လင်နေသည့် မျက်လုံးတို့ကိုသာ မြင်ရသည်။ ထိုအချိန်တွင် ရှလျန်က အလွန်အေးစက်၍ သူမကို ဖောက်ထွင်းမြင်နိုင်သလို ခံစားလိုက်ရသည်!