အပိုင်း (၄)
“ညီမလေး ဘာတွေးနေတာလဲ? အစ်ကိုကြီးပြောတာကြားလား?” ရှရန်သည် အတွေးထဲမျောနေသည့် သူ့ညီမကိုကြည့်ကာ ခေါင်းကိုပုတ်လိုက်သည်။
ရှလျန်သည် မရှောင်နိုင်လိုက်ပါ။ အထိခံလိုက်ရသည်နှင့် သူမက နှုတ်ခမ်းကို ကိုက်မိသွားသည်။ အသားမကျသေးသော်လည်း ခံစားချက်တော့ မဆိုးပါ။
ရှရန်ကပြုံး၍ ဆံပင်ကို ဆက်ပွတ်နေသည်။
“အစ်ကိုကြီးပြန်လာရင် ညီမလေးအကြိုက်ဆုံးမုန့်စားဖို့ ခေါ်သွားမယ်။ အိမ်ကငွေတွေ အကုန်လုံးကို ညီမလေးရဲ့ ကုတင်ဘေးကစားပွဲပေါ် တင်ထားတယ်။ ကြိုက်တာတွေ့ရင် ဝယ်ပစ်လိုက်။ ပြီးတော့ ၂ရက်လောက်နေရင် ရာသီဥတုက အေးလာတော့မှာ။ နွေးတာလေးဝတ်ဖို့ မမေ့နဲ့. . . ”
‘ပြန်လာနိုင်မှာ မဟုတ်ဘူး’ ရှလျန်က ခေါင်းငုံ့၍ စိတ်ထဲကပြောသည်။ တစ်ဖက်လူ၏ မပြီးနိုင်သည့်စကားတို့ကို နားထောင်ရင်း သူမ၏စိတ်ထဲတွင် အဆင်မပြေဖြစ်လာသည်။ သို့သော်လည်း ၉၉၅၇၏ ဆူပူမှုတို့ကိုကြားနေရသလို မဟုတ်ဘဲ သူမရင်ထဲတွင် အထုံးလိုဖြစ်နေကာ အသက်ရှုဖို့ခက်ခဲလာသည်။
ရှလျန်က ရုတ်တရပ်မော့ကြည့်၍ စကားစကိုဖြတ်ပြောလိုက်သည်။ “အစ်ကိုကြီး ညီမလေးသိပါပြီ။ ပြန်လာခဲ့”
ရှရန်က သက်ပြင်းချပြီးနောက် ပြုံး၍ပြောသည်။ “ကောင်းတယ်! အိမ်ပြန်ကြရအောင်! အစ်ကိုကြီးက အရသာရှိတာလေး ငါ့ညီမလေးအတွက် ဝယ်လာတယ်”
ထိုအချိန်တွင်နေဝင်ပြီဖြစ်၍ ဆည်းဆာအရောင်က တောက်ပနေကာ ရှရန်၏ မျက်နှာဖြူဖြူပေါ် အလင်းရောင်ကျ၍ ပုံမှန်မျက်နှာပင် ဖြစ်သော်လည်း တစ်မျိုးထူးခြားနေသည်။
ရှလျန်က သူ့မျက်နှာကိုကြည့်ပြီးနောက် နွေးထွေးသည့်အလင်းကိုကြည့်ကာ မျက်တောင်ခတ်မိသွားသည်။
နောက်နေ့မနက် ကောင်းကင်က အလင်းရောင်မထွက်ခင်တွင် ရှရန်က အိပ်ရာထသည်။ သူ့ညီမလေးကို မနိုးအောင် ခပ်ဖွဖွလျှောက်သည်။ ခြေလက်မျက်နှာသစ်ပြီးနောက် အမြန်ထွက်သွားသည်။
သို့သော်လည်း သူမသိသည်မှာ မူလဇာတ်ကြောင်းအရဆိုလျှင် နောက်ဆုံးခွဲခွာခြင်းပင်! ရှရန်အိမ်ကနေ ထွက်သွားသည်နှင့် အိပ်မောကျနေသင့်သည့် ရှလျန်က ချက်ချင်းမျက်လုံးပွင့်လာသည်။ အခုမှ အိပ်ရာနိုးသည့်လူလို အိပ်မှုံစုံမွှားဖြစ်နေခြင်း မရှိပါ။
ရှလျန်က ချက်ချင်းထထိုင်၍ ဘယ်ဘက်လက်ကောက်ဝတ်ကိုထိကာ မျက်နှာပြင်ကိုဖွင့် ကြည့်လိုက်သည်။ အရင်ရက်များနှင့်ယှဉ်လျှင် သူမ၏ဇယားက အနည်းငယ် ပြောင်းလဲလာသည်။
အမည် : ရှလျန်
လိင် : မ
အမှတ် : 181
လက်ရှိအရည်အချင်း : ဆေးပညာအခြေခံ (တိုးမြှင့်နိုင်)၊ ဆွဲဆောင်မှုအခြေခံ (တိုးမြှင့်နိုင်)၊ တိုက်ခိုက်မှုအခြေခံ (တိုးမြှင့်နိုင်)
အတွင်းအား : ၂/၁၀၀
စွမ်းအား : ? ? ?
သဘာဝလွန်စွမ်းအင် : ? ? ?
မှော် : ? ? ?
တာဝန်ပြီးမြှောက်နှုန်း : 1%
ပိုင်ယောင်၏ပျော်ရွှင်မှုနှုန်း : 60%
ဒီကမ္ဘာရောက်တည်းက အတွင်းအားသည် မီးခိုးရောင်အဖြစ် ကွယ်မနေဘဲ ချက်ချင်းပေါ်လာသည်။ သို့သော် ၀ဖြစ်ရာ ၃ရက်ဆက်တိုက် လှံပစ်ကျင့်ပြီးနောက် ဖြည်းဖြည်းချင်း ၂ ဖြစ်လာသည်။
ရှလျန်: “၉၉၅၇ ငါ့အတွင်းအားကို ၁၀၀ရောက်အောင် အမှတ်ဘယ်လောက်သုံးရမလဲ?”
“အတွင်းအားက ၃၀အောက်မှာဆိုရင် အမှတ်၂မှတ်နဲ့တိုးရတယ်။ ဒီကမ္ဘာရဲ့ သိုင်းတစ်ခုခုကို ကျင့်လိုက်ရင်လည်း တက်လာမှာပဲ”
၉၉၅၇က ဒီတစ်ခါတော့ ဈေးမရောင်းဘဲ သေချာရှင်းပြနေသည်။
ရှလျန်က ခေါင်းငြိမ့်သည်။
“အတွင်းအားကို ၁၀အထိမြှင့်မယ်”
“ကောင်းပြီ!”
အမှတ်တို့ကိုနှုတ်စဉ်ထွက်လာသည့် ရင်းနှီးသည့်အသံက ထွက်လာရာ ရှလျန်၏ မျက်နှာတွင် စိတ်ဓာတ်ကျမှုတို့ တစ်စွန်းတစ်စပေါ်လာသည်။
သူမ၏စိတ်ထဲတွင် ရှရန်၏ နွေးထွေးသည့်အပြုံးကို မမှတ်မိဘဲ မနေနိုင်ပါ။ ရှလျန်၏ မျက်လုံးထဲတွင် ချီတုံချတုံဖြစ်မှုတို့ပေါ်လာပြီးနောက် ခိုင်မာသွားသည်။
ထို့နောက် ရှလျန်သည် သူမ၏ကိုယ်အပြောင်းအလဲကို ခံစားမိသည်။ ခန္ဓာကိုယ်ထဲတွင် အားတို့ပြည့်လာကာ လန်းဆန်း၍ ကြည်လင်လာသည်။
ရှလျန်က လှံကိုထုတ်၍ ပစ်ကြည့်သည်။ ခနလှုပ်ရှားပြီးနောက် သက်သောင့်သက်သာဖြစ်ကာ စိတ်ကျေနပ်သွားသည်။
“နင်တကယ်လုပ်မှာလား? နင်သေရင် ဒီတာဝန်က ကျရှုံးပြီနော်”
၉၉၅၇က စိတ်ရှုပ်ထွေးစွာ ပြောသည်။
“ငါမသေနိုင်ဘူး!”
ရှလျန်က တည်ငြိမ်စွာပြောသည်။ အခန်းထဲကို ရှာကြည့်ရာ ရှရန်ပြောသည့် ငွေတို့ကိုတွေ့သည်။ သူမ၏ကိုယ်ပေါ်တွင်တွဲချိတ်ပြီးနောက် ကျန်သည့်အစားအစာတို့ကိုစား၍ လှံကိုကိုင်ကာ လှည့်ထွက်လာသည်။
ကုယန်လမ်းမသည် အမဲလိုက်ကွင်းအတွက် တစ်ခုတည်းသောလမ်းပင်။ အရင်က ဒီလမ်းသည်တိတ်ဆိတ်နေသော်လည်း အခု လူ၂ရာ၃ရာဖြင့်ပြည့်နေသည်။ သို့သော်လည်း လူသာများသည်။ ဆူညံ့သံကမထွက်ပါ။ မြင်းခွာသံတို့နှင့်အတူ တူညီသည့်ခြေသံတို့က ထွက်လာသည်။
အစောင့်တို့အလည်က ရှရန်သည် အဖွဲ့၏အလည်မှ ကျောပြင်တစ်ခုကို ငေးကြည့်နေသည်။ သူ့မျက်လုံးထဲတွင် ကြည်ညိုမှုအပြည့်ဖြင့်ပင်။ သူ့ရင်သည် ပုံမှန်နှင့်မတူအောင် ခုန်နေသည်။
ရှရန်က မတွေးဘဲမနေနိုင်ပါ။
“စစ်သူကြီးရဲ့နောက်ကျောကို ကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေတာ! ညီမလေးသာ သိလို့ကတော့ ငါ့ကိုရယ်နေလောက်တယ်! ပြန်ပြောပြဖို့အတွက် မစောင့်နိုင်တော့ဘူး’
ညီမလေးကိုတွေးမိသည်နျင့် ရှရန်၏နှုတ်ခမ်းက ပြုံးလာသည်။ သို့သော် ထိုအခိုက်အတန့်တွင် သတိပေးခြင်းမရှိ ဖြစ်လာသည်!
ရွှီး ရွှီး ရွှီး!
မရေတွက်နိုင်သည့်မြှားတို့က နေရာတိုင်းမှ ကျဆင်းလာကာ လူအုပ်၏ရင်ဘတ်တို့ကို ဖောက်ထွင်းသွားသည်။ မြှားတစ်စင်းက ရှရန်၏ပါးပြင်ကိုဖြတ်၍ ဘေးကလူ၏ လည်ပင်းကို စိုက်ထိုးမိသည်! ထိုလူ၏ကိုယ်မှသွေးတို့ပန်းထွက်လာကာ နာကျင်စွာအော်၍ ရှရန်၏ကိုယ်ပေါ်သို့ လဲကျလာကာ သေဆုံးသွားသည်။
ရှရန်သည် သူ့အဖော်ကိုထိန်းဖို့ လက်တို့ကို အလိုလိုဆန့်လိုက်သည်။ ထိုအချိန်တွင် သူ့အနားက လူအများစုမှာ သေကုန်ပြီ။
‘သွားပြီ! သွားပြီ!’
ရှရန်၏အတွေးတို့သည် ကြောက်လန့်နေပြီ။
“လူတိုင်းအမိန့်နာခံကြ! ခံစစ်ပြင်! ဘယ်တောင်ပံအဖွဲ့က တိုက်ခိုက်ဖို့လုပ်! ညာတောင်ပံကအဖွဲ့က အကာအကွယ်ယူ! ဖောက်ထွက်ဖို့လုပ်ကြ!”
အေးစက်၍တည်ငြိမ်သည့်အသံက လူတိုင်း၏ရင်ထဲတွင် အချက်ပေးခံလိုက်ရသလိုမျိုး ခံစားရအောင် ထွက်ပေါ်လာသည်။
ကြောက်လန့်နေသည့် ရှရန်သည် အသံကိုကြားရသည့်အခါ လွယ်ကူသွားသလို ခံစားရသည်။ ဒါစစ်သူကြီးပဲ! အသက်ကိုဝဝရှု၍ ကြောက်လန့်စိတ်ကိုထိန်းကာ သူ့အဖော်ကိုပစ်ချ၍ လက်နက်ကိုကိုင်ကာ ဖွဲ့စည်းပုံအတိုင်း နေရာယူလိုက်သည်။
ကြောက်လန့်နေကြသော်လည်း သူတို့က သေချာလေ့ကျင့်ထားကြသူများဖြစ်၍ ပိုင်ယောင်၏ နောက်လိုက်များဖြစ်၍ ရဲရင့်ကာ သေမှာကိုမကြောက်ဘဲ မရေတွက်နိုင်သည့် မြှားတို့ကြားထဲတွင် အရှေ့သို့တက်ကြသည်။ မြှားတို့သည် နှင်းမိုးများအတိုင်း ထူထပ်စွာ ကျဆင်းနေ၍ လူတို့က ကျသထက်ကျလာသည်။
“ချွင်! ချွင်!”
ရှရန်သည် သတိကြီးစွာဖြင့် လက်ထဲကဓားကိုယမ်း၍ သူ့ထံလာသည့် မြှားတို့ကို ခုခံနေရာ သံချင်းခတ်မိသည့်အသံ ထွက်လာသည်။ အချိန်ကြာလာလေလေ ရှရန်သည် မောပန်းလာလေလေဖြစ်ကာ သူ့ခုခံနိုင်စွမ်းတို့က နှေးသထက်နှေးလာသည်။
“အာ့. . .”
ရှရန်သည် မြှားဒဏ်ခံထားရသည့် လက်မောင်းကိုကာ၍ သွားကိုလျှာဖြင့်သပ်ကာ ခပ်အုပ်အုပ်အသံ ထွက်လာသည်။
တစ်ချိန်တည်းမှာ ရှရန်သည် ရှေ့တန်းကနေ ရန်သူတို့ကို ဂေါ်ဖီခူးနေသည့်အတိုင်း နှိမ်နင်းနေသည့် သူ့ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် မခံစားရဘဲ မနေနိုင်ပါ။
‘စစ်သူကြီးပီသလိုက်တာ!’
“ဘာဖြစ်နေတာလဲ! သေချင်ပြီလား! မြန်မြန်လုပ်ကွ!”
သူ့ဘေးက အဖော်က လှမ်းအော်သည်။ ရှရန်သည် အာရုံမများနိုင်တော့ပါ။ ပိုင်ယောင်၏ အနောက်တွင် လူတစ်ရာခန့်သာ ကျန်တော့သည်။ ပိုင်ယောင်သည် အရှေ့သို့သာ ချီတက်နေဆဲ ဖြစ်သည့်အခါ သူတို့သည် ထောင်ချောက်က ဖောက်ထွက်ဖို့ တစ်လမ်းသာရှိကြောင်း သိရသည်။