အပိုင်း (၁၇)
“ဟုတ်ပါပြီ! လျန်က မကြိုက်မှတော့ သူ့ကိုသွားခိုင်းလိုက်ကြတာပေါ့!” ပိုင်ယောင်က တုံဆိုင်းခြင်းမရှိ ပျော်ပျော်ကြီး ခေါင်းငြိမ့်၍ သဘောတူသည်။
‘ငါ့လျန်က တကယ့်ကို သဝန်တိုနေတာပဲ! ငါ့ကိုလည်း တကယ်ဂရုစိုက်တယ်! မဟုတ်ရင် တခြားမိန်းမကို ဘာဖြစ်လို့ သူက ဂရုစိုက်မှာလဲ!’
ပိုင်ယောင်သည် စိတ်ထဲတွင် အရူးတစ်ယောက်လို ပျော်ပျော်ကြီး အော်ဟစ်နေသည်။
ဘေးတွင်ရပ်နေသည့် စုမေ့သည် သူမ၏ကံကြမ္မာကို အခြားသူများက ဒီလောက်လွယ်ကူစွာ ဆုံးဖြတ်ခံလိုက်ရသည့်အခါ စိတ်တိုလွန်း၍ သေသွားတော့မည်! သို့သော်လည်း ဒါက အရေးမပါပေ။ ပိုင်ယောင်၏အနားတွင် သူမက မနေရသော်လည်း သူတို့က အပြန်အလှန် မချစ်ကြသေးသ၍ သူမတွင် အခွင့်အရေးရှိသည်ဟု စုမေ့က မြင်သည်။ စုမေ့သည် မသေနိုင်သည့် ကြမ်းပိုးတစ်ကောင်ကဲ့သို့ပင်။ တိုက်ပွဲဝင်စိတ်ဓာတ်က အပြည့်ရှိသည်။ သူမသည် ထပ်ခါတစ်လဲလဲ အချခံနေရသော်လည်း လုံးဝလက်မလျော့နိုင်သေးပေ!
နောက်ရက်တွင် ပိုင်ယောင်သည် ထိုနေ့က ရှလျန်ပြောခဲ့သည့် စကားကြောင့် တကယ့်ကို ပျော်ရွှင်နေသည်။ သူ့အနောက်သို့ လိုက်ခစားသည့် အစေခံတို့မှာ စစ်သူကြီး၏ စိတ်သည် ကြမ်းတမ်းသည့် ဆောင်းရာသီမှ ပန်းများဝေနေသည့် နွေဦးပေါက်သို့ ရောက်လာသလို ပြောင်းလဲသွားသည်ကို ကြုံတွေ့ရသဖြင့် မအံ့ဩဘဲ မနေနိုင်ပေ!
သို့သော်လည်း စုမေ့က ဒီတစ်ကြိမ်တွင် တန်ပြန်တိုက်ခိုက်ခဲ့ပါသည်။ ပိုင်ယောင်၏ အနောက်သို့ လိုက်သွား၍ ဦးညွတ်ကာ ရှင်းလင်းပြောသည်။ “အစေခံက စစ်သူကြီးအတွက် ဝမ်းသာပါတယ်။ ရှသခင်မလေးက အစေခံကို သဝန်တိုတာ အံ့ဩစရာပါပဲ။ ထပ်ပြီးတော့ သဝန်တိုစေချင်ရင် အစေခံကို စစ်သူကြီးက ပိုဂရုစိုက်သလိုမျိုး လုပ်ပြပေးသင့်ပါတယ်။ ရှသခင်မလေးက စစ်သူကြီးအပေါ် စိတ်ခံစားချက်တွေ ပိုပြင်းလာပြီးတော ပိုဂရုစိုက်လာမှာပါ!”
ပိုင်ယောင်က တွေးကြည့်၍ သဘောတူသည်။
ထို့နောက် စုမေ့က သူ့အနားတွင် ပေါ်လာတိုင်း ရှလျန်က ပိုဂရုတစိုက်ဖြစ်လာသည်ကို သူတွေ့ရှိခဲ့ရသည်။
တစ်နေ့တွင် စုမေ့သည် သူမကိုယ်တိုင်ပြုလုပ်ထားသည့် စွပ်ပြုတ်နှင့် အချိုမုန့်များ လာရောက် ဆက်သသည့်အခါ အစာကိုကာကွယ်နေသည့် ကြောင်ပေါက်လေးအတိုင်း သူ့အနားသို့ အလွန်ကပ်လာ၍ စုမေ့ကို သတိပေးမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူမက ချစ်ဖို့ကောင်းလွန်းသည်!
ပိုင်ယောင်သည် သူ့အပေါ်ကို သူမဘယ်လောက် ဂရုစိုက်သလဲ မြင်သည့်အခါ ပျော်ရွှင်လာသည်။ သူသည် ထိုစွပ်ပြုတ်နှင့် အချိုမုန့်ကို မကြိုက်သော်လည်း အနည်းငယ် စားခဲ့သည်။ စားသောက်နေရင်း သူ့အပြုံးကို မထိန်းနိုင်သည်မှာ ဆိုးလှသည်။
ရှလျန်သည်လည်း သတိထားမိသည်။ အစက ပိုင်ယောင်သည် မုန့်အချို့ကြိုက်သည်ဟု ထင်ခဲ့သည်။ စုမေ့အား ထပ်၍မဆက်သနိုင်အောင် သူမကိုယ်တိုင် ထိုစွပ်ပြုတ်နှင့် အချိုမုန့်တို့ကိုတောင် ချက်ပြုတ်ခဲ့သေးသည်။
သို့သော်လည်း . . . . . ပိုင်ယောင်က ထိုအကြောင်းအရာကို သိချိန်တွင် ပျော်ရွှင်နေခဲ့သည်။ ရှလျန်က သူ့အား ရှက်ရွံ့၍ ချစ်မြတ်နိုးသည့်မျက်လုံးများဖြင့် မကြည့်တောင်မှ သူကျေနပ်သည်။ ထို့ကြောင့် စုမေ့အား သူတို့ ဆက်ဆံရေး၏ တိုင်ပင်ခံကဲ့သို့ တွေးလာ၍ ပိုကောင်းမွန်စွာ ဆက်ဆံပေးသည်။ သူတို့ဆက်ဆံရေး တိုင်ပင်ခံအပြင် စုမေ့သည် ရှလျန်၏ ခံစားချက်များကို လှုံ့ဆော်နိုင်သူလည်း ဖြစ်သေးသည်။
သူတို့သုံးယောက်သည် သူတို့အစီအစဉ်နှင့်သူတို့ အကောင်အထည်ဖော်ရင်း အလုပ်များနေကြသည်။ သူတို့က သူတို့လိုချင်သမျှ ရတော့မည်ဟု ထင်နေပါသော်လည်း သူတို့သည် လမ်းမှားပေါ်တွင် နောက်ပြန်မကြည့်အားကြဘဲ ပြေးလွှားနေခြင်း ဖြစ်နေခဲ့သည်။
…
တစ်လကြာသည့်အခါ စုမေ့သည် ပိုင်ယောင်၏ သဘောထားကြောင့် သည်းခံစိတ်များ ကုန်ခမ်းမတက် ဖြစ်လာသည်။ ထိုအချိန်အတွင်းမှာ ပိုင်ယောင်က ရှလျန်ကို ပိုချစ်လာသည်ကလွဲ၍ သူမသည် ဘာကိုမှ မရခဲ့ပေ။ ထို့ကြောင့် ရှလျန်ကို ချောက်တွန်းဖို့ လုပ်ဆောင်ရန်သာ ဆုံးဖြတ်ခဲ့သည်! ပိုင်ယောင်သည် ရုံးကိစ္စတို့ကြောင့် အိမ်တော်အပြင်ထွက်၍ ခရီးသွားနေရချိန်တွင် အခွင့်ကောင်းတစ်ခု ရခဲ့သည်။
ရှလျန်သည်လည်း စုမေ့၏ နယ်မြေကိုခိုးဖို့ အခွင့်အရေးရှာနေခဲ့တာ ဖြစ်သည်။ သို့သော်လည်း ပိုင်ယောင်က သူမကို မျက်စိဒေါက်ထောက်ကြည့်နေသဖြင့် စုမေ့နှင့် နှစ်ယောက်တည်းရှိချိန်ကို သူမတွင် မရခဲ့ပေ။
သူတို့နှစ်ယောက်လုံးအတွက် အခွင့်အရေးရောက်လာခဲ့သည်။ အရာအားလုံးကို ပြင်ဆင်ပြီးပြီ။ ပြိုင်ပွဲကလည်း စတင်လေပြီ!
“သခင်မလေး ဒီနေ့က ရာသီဥတုကောင်းတယ်။ အပြင်ထွက် လမ်းလျှောက်ချင်ပါလား?” စုမေ့က အပြုံးဖြင့်မေးသည်။
“အင်း” ရှလျန်က သူမကိုတစ်ချက်ကြည့်၍ ခေါင်းငြိမ့်သည်။
စုမေ့သည် ရှလျန်က လွယ်လွယ်ကူကူဖြင့် သဘောတူမည်ဟု မျှော်လင့်မထားရာ သူမ၏ အပြုံးက ပို၍ကြီးမားလာသည်။
သူတို့သည် စစ်သူကြီးအိမ်တော် အပြင်ဘက်သို့ လမ်းလျှောက်ထွက်ကြသည်။ ပိုင်ယောင်သည် ရှလျန်အတွက် သက်တော်စောင့်အချို့ကိုလည်း စီစဉ်ပေးခဲ့သည်။ သူတို့အပြင်ထွက်လျှင် သူမကို ကာကွယ်ပေးဖို့ ဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ရှလျန်က တစ်ယောက်မှ ခေါ်မသွားပါ။
စုမေ့သည် ရှလျန်နှင့် မြို့ပတ်၍လျှောက်လည်သည်။ ရှလျန်ကို သတိလွတ်အောင် သူမသည် အလှအပပစ္စည်းဆိုင် အချို့ကိုတောင် ခေါ်သွားသေးသည်။ သို့သော် ရှလျန်က မကြိုက်ဘဲ စိတ်မရှည် ဖြစ်လာသည်။
နောက်ဆုံးတော့ နေ့လည်စာစားချိန် ရောက်ရှိလာသည်။ စုမေ့သည် စားသောက်ကောင်းတစ်ခုတွင် သီးသန့်ခန်းယူပေးခဲ့သည်။ သူတို့သည် ပြတင်းပေါက်နားက ခုံတွင်ထိုင်နေကြသည်။ ဒါသည် ခုနက သူမရှာတွေ့ထားသည့် နေရာကောင်းဖြစ်သည်။
ရှလျန်သည် စုမေ့စီစဉ်သမျှကို ဘာမှမပြောဘဲ လိုက်လာသည်။ သူမသည် ထုံးစံအတိုင်း ထူးမခြားနားပုံစံဖြင့် ခံစားချက် ကင်းမဲ့နေသည်။ “သခင်မလေး တရုတ်စကားပန်းမုန့်က အရသာအရမ်းရှိတယ်လို့ ကြားပါတယ်။ နူးညံ့ပြီး မွှေးတယ်တဲ့။ မြည်းကြည့်သင့်ပါတယ်” စုမေ့သည် ရှလျန်ကို လက်ဖက်ရည်ကြမ်းတစ်ခွက် ထည့်ပေးကာ ပြုံး၍ပြောပြီးနောက် စိန်ခေါ်သည်။ “သခင်မလေးကြိုက်ရင် စားဖိုမှူးဆီက သင်ပြီးတော့ စစ်သူကြီးနဲ့ သခင်မလေးကို လုပ်ကျွေးပါ့မယ်။ တရုတ်စကားပန်းမုန့်ကို စစ်သူကြီးက အကြိုက်ဆုံးပါ။ အစေခံလုပ်ပေးတိုင်း တော်တော်စားပါတယ်”
ရှလျန်က ခနတွေးကာ အေးတိအေးစက်ဖြင့် ပြောသည်။ “တကယ်တော့ သူမကြိုက်ဘူး။ အခုကစပြီး နင်မလုပ်နဲ့တော့!” ပိုင်ယောင်က အချိုမုန့်များကို မကြိုက်သည့်အကြောင်း သိရှိသွားဖို့ ရှလျန်အတွက် အချိန်အချို့ ကြာခဲ့သည်။ သူသည် ပုံမှန်စားမည်ဆိုလျှင် ထိကိုမထိပေ! စုမေ့ချက်ပြုတ်သည့်အရာကလွဲ၍ပင်။
ရှလျန်ကို လှုံ့ဆော်ရန် ပိုင်ယောင်သည် စုမေ့ချက်ပြုတ်သမျှ အကုန်စားသည်။ ဘယ်လောက် မကြိုက်သည့် အရာပဲဖြစ်ပါစေ အနည်းငယ်တော့ အကောင်းဆုံး ကြိုးစား၍ စားသောက်သည်။ သို့သော်လည်း ရှလျန်၏ မျက်လုံးထဲတွင်တော့ စုမေ့ကို နှစ်သက်၍ပြုလုပ်နေခြင်းသာ မြင်သည်။
ထို့ကြောင့် ရှလျန်က စိုးရိမ်နေသည်။ စုမေ့က စစ်သူကြီးနှင့် အီစီကလီပိုလုပ်လာသဖြင့် သူမ၏ တာဝန်သည် ပိုခက်ခဲလာတော့မည်ကို စိုးရိမ်နေရသည်။
“သခင်မလေး ပြောတဲ့အတိုင်း လုပ်ပါ့မယ်” စုမေ့က ရယ်လိုက်၍ ခေါင်းစဉ်ပြောင်းပြောသည်။ “သခင်မလေး တစ်မနက်လုံး ဈေးဝယ်ထွက်နေရတော့ ပင်ပန်းပြီး ရေငတ်နေမှာပဲ။ လက်ဖက်ရည်ကြမ်း သုံးဆောင်ပါဦး”
ရှလျန်က တစ်ငုံလိုက်သည်နှင့် လက်ဖက်ရည်ကြမ်းထဲတွင်ပါသည့် ပြင်းထန်သည့်မေ့ဆေးကို ခံစားမိသည်။ စုမေ့သည် သူမအကြောင်း ထုတ်ဖော်ခံရမည်ကို လုံးဝမကြောက်ဘဲ ပြုံးနေသည်။ သူမက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလွန်းသည်။
ရှလျန်က ခွက်ကိုချ၍ ပြောသည်။ “ငါဗိုက်ဆာတယ်။ ဟင်းတွေ မြန်မြန်လာချဖို့ ပြောလိုက်”
ရှလျန်က မေ့ဆေးပါသည့် လက်ဖက်ရည်ကြမ်းကို သောက်လိုက်သည်ကိုမြင်မှ စိတ်အေးသွားသည်။ ထိုမေ့ဆေးသည် နယ်မြေထဲမှရသည်ဖြစ်၍ အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို တစ်စက်လောက်ဖြင့် မေ့လဲကျသွားနိုင်စေသည်။ ထို့ကြောင့် စုမေ့က လုံးဝစိတ်မပူပါ။ ရှလျန် ခိုင်းသည့်အတိုင်း သွားပြောဖို့ ထွက်သွားသည်။