May Honey Logo May Honey
Previous Next

၁၀၁။ နာကျင်မှု

သူမခေါင်းကနေ ချွေးအေးများ စီးကျလာသည်။ သူမက ကြောက်လွန်းနေပြီ။ ဘာအကြောင်းကြောင့်မှန်းမသိ သူမမှာ ရေကူးကန်အား ကြည့်လိုက်ရုံလေးဖြင့် သူအကြောက်ကြီးကြောက်သွားသည်။

သူမတွင် အကြောင်းပြချက်အား တွေးနေရန် အချိန်မရှိတော့ပါ။ သူမသိသည်ဟူ၍ ဒီနေရာနှင့် ဝေးသည့်နေရာတွင် နေရန်သာ ဖြစ်သည်။

ရှုချင်းရီက ခေါင်းကိုငုံရင်း အသက်ဝဝရှုကာ ရေကူးကန်အား လှည့်ကိုမကြည့်တော့ဘဲ ဘေးကနေ ထွက်လာလိုက်သည်။ ထို့နောက်တွင်တော့ မော့ဟန်ပြောသည့် အစည်းအဝေးအခန်းအနားသို့ ရောက်လာတော့သည်။ ရေကူးကန်နှင့် ထိုအစည်းအဝေးအခန်းတို့ကြားတွင် သဲနာရီပုံစံမှန်တံခါးကြီးဖြင့် ခြားထားသည်။ ထိုတံခါးအား ဖွင့်ဝင်လာကာ အစည်းအဝေးခန်း၏ အပေါက်ဝနားတွင်ရပ်၍ မော့ဟန်အား သူမရောက်ပြီဖြစ်ကြောင်း စာပို့လိုက်သည်။

မော့ဟန်က ချက်ချင်းထွက်လာသည်။ ရှုချင်းရီက မော့ဟန်၏လက်ထဲသို့ စာရွက်စာတမ်းများကို ပေးပြီးသည်နှင့် ချက်ချင်းလှည့်ပြန်ရန်လုပ်သည်။ မော့ဟန်က သူမတစ်ခုခုအဆင်မပြေသလို ဖြစ်နေသည်ကို တန်းရိပ်မိသောကြောင့် သူမ၏လက်ကို လှမ်းဆွဲလိုက်ကာ မေးသည်။
“ဘာဖြစ်တာလဲ?”

ရှုချင်းရီက ခေါင်းခါပြသည်။ သူမ၏တစ်ကိုယ်လုံးမှာ တောင့်နေကာ သွေးများက ခဲတော့မတက် ဖြစ်နေသည်။ ရေကူးကန်၏ သဲနာရီပုံမှန်တံခါးဟာ သူမရင်ထဲတွင် စူးတစ်ချောင်းလိုပင်။

“နေမကောင်းဘူးလား?”
မော့ဟန်က သူမ၏မျက်နှာအား ကြည့်ရင်း မေးသည်။ သူမ၏မျက်နှာတွင် ချွေးသီးချွေးပေါက်များဖြင့် စိုရွှဲနေသည်လေ။

ရှုချင်းရီက ခေါင်းငုံနေရင်းက ခေါင်းငြိမ့်ပြသည်။

“နေမကောင်းဘူးဆိုရင် အိမ်ပြန်ရောက်တာနဲ့ ကောင်းကောင်းအိပ်လိုက်။ ငါပြန်လာရင် မင်းကြိုက်တဲ့ ပဲနီလေး အဆာသွပ်မုန့် ဝယ်ခဲ့မယ်”
မော့ဟန်က သူမဇာတ်ကားကြည့်ချင်စိတ်စောနေလို့သာ ဖြစ်မည်ဟု အလွယ်တကူ ကောက်ချက်ချလိုက်သည်။ အခန်းထဲတွင် အစည်းအဝေးက ဆက်လုပ်နေဆဲ ဖြစ်သောကြောင့် သူအပြင်မှာ ကြာကြာနေလို့မရပါ။

“တခြားမရှိတော့ရင် ငါ. . .”
မော့ဟန်၏စကားပင် မဆုံးသေးခင် ရှုချင်းရီမှာ ခေါင်းငိုက်စိုက်ဖြင့် လှည့်ပြန်သွားလေပြီ။ ထို့ကြောင့် မော့ဟန်မှာ အစည်းအဝေးအခန်းတံခါးဖွင့်ကာ ပြန်ဝင်သွားလိုက်သည်။

တစ်ဖက်မှာတော့ ရှုချင်းရီမှာ မှန်တံခါးကိုဖွင့်၍ ခေါင်းကိုငုံထားရင်း ထိုရေကူးကန်ဘေးမှ ထပ်ပြန်သွားပြန်သည်။ သူမ၏မျက်လုံးထဲတွင်တော့ ရေကူးကန်၏ အောက်ခြေကို မြင်ယောင်နေဆဲပင်။ ဒီလိုပြန်မြင်ယောင်နေမိခြင်းက သူမအားပိုကြောက်စေသည်ဖြစ်၍ ခေါင်းငုံကာ ဆက်သွားသည်။

အကြောက်တရားက ရောက်လာသည့် နောက်ကွယ်တွင် ကံကြမ္မာပါလာတက်သည် ဆိုသည့် စကားမျိုးရှိသည်။

ဒီလိုပဲ သူမအလယ်လောက်ရောက်သည့်အခါ ဟိုဘက်က တံခါးဖွင့်လာပြီး စားပွဲထိုးတစ်ယောက်က ဝိုင်ခွက်များတင်လာသည့်ဗန်းကြီးဖြင့် လျှောက်လာသည်။ ထိုစားပွဲထိုးမှာ သူမနှင့်တိုက်မိပြီး ခွက်များကွဲသွားမှာ စိုးရိမ်သည့်အတွက် သူမဘေးကနေ သတိထားကာ ဖြတ်သွားသည်။ သို့သော် အရမ်းကြောက်လန့်နေသည့် ရှုချင်းရီကတော့ ထိုစားပွဲထိုး၏ အကျီစက သူမအသားဖြင့် ထိသွားသည်နှင့် ပိုလန့်သွားကာ နောက်သို့ဆုတ်မိလိုက်သည်။

သူမအနောက်တွင် ရေကူးကန်ပဲ ရှိသည်ကို သတိရမိသောအခါ ရှေ့သို့ အမြန်ပြန်လှမ်းလိုက်သည်။ ထိုအခါ ရှုချင်းရီမှာ ထိုစားပွဲထိုးလေးအား ဝင်တိုက်မိသည်။ ထိုတစ်ယောက်မှာ သူလဲမှာစိုးရိမ်၍ ရှုချင်းရီအား လှမ်းကိုင်ကာ သူ့ဗန်းကို မနည်းပြန်ထိန်းလိုက်ရသည်။

ဒါပင်မယ့်လည်း စိတ်လုံခြုံမှုကင်းမဲ့နေသည့် ရှုချင်းရီမှာ သူ့အသားကိုလာကိုင်သည်နှင့် ထိုတစ်ယောက်မအား တွန်းထုတ်လိုက်ကာ မကောင်းဆိုးဝါးလိုက်ခံရသည့်အတိုင်း နောက်ပြန်အမြန်ဆုတ်သွားသည်။ ထိုအခါ ရေကူးကန်နားတွင် ရေများရှိနေသောကြောင့် သူမမှာ ခြေချော်ကာ ရေကူးကန်ထဲသို့ ပြုတ်ကျသွားတော့သည်။

ရေပူဖောင်းများက ပလုံစီကာ ရေမျက်နှာပြင်ပေါ်သို့ တက်သွားသည်။ သို့သော် ထိုနေရာမှာ သူမခြေထောက်မမှီသည့် ရေနက်သည့်အပိုင်း ဖြစ်ကြောင်းကို သူမမသိပေ။

ရေကူးကန်ဘေးတွင်လည်း ထိုစားပွဲထိုးမှာ လဲကျသွားကာ ဖန်ခွက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် ဆဲဆိုသံတွေပါ ဆက်ထွက်လာသည်။ သို့သော် သူမကတော့ ဘာကိုမှ မကြားရတော့ပါ။

ရှုချင်းရီမှာ ရေအောက်သို့ နစ်သွားသည်နှင့် သူမ၏အာရုံများမှာ အလုပ်မလုပ်တော့ပါ။ သူမသိသည့် တစ်ခုတည်းသောအရာမှာ သူမရင်တွေ သေအောင်နာနေခြင်းပေ။ ထို့နောက် ရှုချင်းရီမှာ သူမ၏ရင်ဘတ်တွင် ဓားဒဏ်ရာရှိကြောင်းကို ရုတ်တရက် သတိရသွားသည်။ ထိုဒဏ်ရာမှာ သူမအား တစ်စုံတစ်ယောက်က ထိုးလိုက်၍ရလာခြင်းဖြစ်သည်။
‘ဘယ်သူက ငါ့ကိုဓားနဲ့ ထိုးလိုက်တာလဲ?’

ရှုချင်းရီမှာ တိတ်ဆိတ်နေသည့် နက်ပြာရောင်ရေများထဲတွင် ထိုအတွေးကို တွေးရင်းဖြင့် မျက်လုံးဖွင့်လိုက်သည်။

Previous Chapter 101 of 199 Next