၉၂။ မှီခိုစရာ
“တစ်ခုခုကို မှားပြောမိမှာကြောက်လို့ ဘာပြောရမလဲ မသိတော့ဘူး။ ဖက်ပဲထားချင်တယ်”
ရှုချင်းရီက ပြောသည်။
မော့ဟန်ကတော့ သူမဖက်ထားသောကြောင့် အံ့သြသွားသည်။ သူလက်တွေအား သူမ၏ပုခုံးပေါ်တင်လိုက်ကာ သူမကိုတွန်းဖယ်လိုက်ဖို့ ရည်ရွယ်ထားသော်လည်း စက္ကန့်တွေက တရွေ့ရွေ့ကုန်သွားသည့်တိုင် သူမလုပ်ခဲ့မိပေ။ သူဟာ သူ့လက်များကို ထိုနေရာတွင် ဆက်ထားဆဲဖြစ်သည်။ ပြန်ဖက်ထားသလိုမျိုးတောင် ဖြစ်သွားခဲ့သည်။
“ငါ့မိသားစုက မင်းအကြောင်းသိသွားရင် မင်းကိုကန်ထုတ်မှာကို စိုးရိမ်စရာမလိုဘူး။ စိတ်ပူမနေနဲ့ ငါ့မှာ မိသားစုမှ မရှိဘူး”
မော့ဟန်က သူ့၏ကူကယ်ရာမဲ့ ဖြစ်နေမှုအား အရိပ်အမြွက်ဆန်ဆန် သူမအား နူးညံ့စွာ ပြောလာသည်။
“ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုကြီးမှာ ညီမလေးရှိသေးတယ်လေ”
ရှုချင်းရီက ချိုသာစွာဖြင့် ပြန်ပြောသည်။ ရှုချင်းရီက မော့ဟန်ကို မော့ကြည့်သောအခါ မော့ဟန်ကလည်း သူမကိုငုံကြည့်နေခဲ့သည်။ သူတို့မျက်နှာများက နီးကပ်နေကာ ရှုချင်းရီမှာ မော့ဟန်၏ မေးပေါ်က သေချာရိတ်ထားသည့် မုတ်ဆိတ်မွှေးပါးပါးများကိုတောင် မြင်နေရပြီ။
မော့ဟန်က ရုတ်တရပ် ထူးဆန်းသလို ခံစားရသည်။ သူက အကြည့်ကိုအရင်လွှဲလိုက်ကာ သူတို့ကြားက အကွာအဝေးကို ပိုဝေးစေသည်။ သူက ရှုချင်းရီအား ခပ်ဖွဖွလေးတွန်းကာ သူမကိုပြုံးကြည့်ရင်း သူမဘာပြန်ပြောရမည်လဲ မသိတော့ပေ။
“နောက်ကျရင်လည်း နားထောင်ပေးပါ့မယ် ကိုကြီး”
ရှုချင်းရီက ပြောသည်။
မော့ဟန်က ပြုံးကာ သူမ၏ဆံပင်ကို ချစ်စနိုးဖြင့် ဖွလိုက်သည်။
“သွားအိပ်တော့”
ရှုချင်းရီက သူ့အားနောက်တစ်ခေါက် ထပ်မဖက်ခင် အကြာကြီးကြည့်နေခဲ့သေးသည်။ သူမက ဖက်လိုက်သည့်အချိန်တွင် သူ့နားအနားသို့ကပ်ကာ
“Goodnight”
ဟု ချိုသာစွာ ခပ်တိုးတိုးပြောသွားသည်။
သူမ၏အတွေးများကို မော့ဟန်သိလိမ့်မည်ဟု မျှော်လင့်လိုက်သည်။ သူ့ဘေးတွင် သူမက အမြဲတမ်းနီးပါး အတူရှိနေသော်လည်း သူ့အားဘာမှလုပ်မပေးနိုင်ပေ။ သူမလုပ်ပေးနိုင်သည်ဟူ၍ ဒီလိုဖက်ပေးနိုင်ခြင်းသာ ရှိသည်လေ။
သူမမှတ်ညဏ်တွေ ပျောက်ဆုံးသွားကာ ဆေးရုံမှာ သောင်တင်နေကတည်းက မော့ဟန်မှာ သူမမှီခိုလို့ရသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ အခုတော့ သူမလည်း မော့ဟန်အတွက် မှီခိုစရာ ဖြစ်စေချင်သည်။
ရှုချင်းရီက မော့ဟန်ကို ဖက်ကာ သူ့၏ပုခုံးတွင်မှီရင်း goodnightဟု ပြောသည့်အခါ သူမအား ဖယ်ထုတ်ရန် လက်လှမ်းလိုက်သော်လည်း သူ့လက်များမှာ လေထဲတွင်သာ တန့်သွားခဲ့သည်။
ရှုချင်းရီအား သူဘာကြောင့် သူ့မိဘတွေအကြောင်း ပြောပြမိသလဲ သူမသိတော့ပေ။ သူက ထိုကိစ္စများကို လျို့ဝှက်ချက်အနေဖြင့် သူ့ရင်ထဲတွင် မြှပ်နှံခဲ့သည်မှာ နှစ်ပေါင်းကြာလှပြီ။ သူဘယ်သူ့ကိုမှ ထုတ်ပြောခြင်းမရှိပဲပေါ့။ သူ့အရှေ့က ဒီကောင်မလေးမှာ သူ့မိဘတွေအကြောင်း သိစရာ မလိုအပ်သလို ဒီလိုအရှုပ်ထုပ်တွေကြား ဝင်ပါစရာလည်း မရှိပါ။ သို့သော်လည်း ဒီကောင်မလေးအား သူပြောပြခဲ့သည်။
အစတုန်းကတော့ ဒီလိုထုတ်ပြောလိုက်ရင် သူအနည်းငယ် စိတ်ဓာတ်ကျရလိမ့်မည်ဟု ထင်ခဲ့မိသည်။ ဒါပင်မယ့်လည်း အံ့သြဖွယ်ကောင်းစွာ သူပြောပြီးသည့်နောက် ရှုချင်းရီက သူ့ကိုပွေ့ဖက်ပေးလာသည့်အခါ သူ့ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးအား လွှတ်ချလိုက်သလို သူခံစားရသည်။ ဒီလိုအချိန်အကြာကြီး သူစိတ်ဓာတ်ကျခဲ့ပြီးသည့်နောက် သူ့နှလုံးသားမှာ သက်သောင့်သက်သာရှိလာရသည့် ခံစားချက်မျိုး ဖြစ်သည်။ သူဒီညတော့ ကောင်းကောင်းအိပ်ပျော်နိုင်လိမ့်မည်ဟု ခံစားရသည်။
သူ့ရုံးကလူများမှာ ပွဲတစ်ခုကျင်းပကြသည်။ ထိုပွဲမှာ မော့ဟန်၏ ဆေးရုံမှ ဆင်းလာခြင်းအတွက် ဂုဏ်ပြုခြင်းဖြစ်သလို သူတို့ရုံးမှာ ရှုပ်ထွေးပွေလီလှသည့် စီးပွားရေးအမှုတစ်ခုကို တရားရုံးတွင် သူတို့မှာ အနိုင်ရသွားခြင်းကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းပြချက်လည်း သေချာပေါက်ရှိပါသေးသည်။ ထိုအကြောင်းပြချက်မှာတော့ ရုံးကမိန်းကလေးများက ဒီပွဲကိုအကြောင်းပြကာ သူတို့၏ရှေ့နေကြီးနှင့် နီးစပ်ချင်သောကြောင့် ဖြစ်သည်။ သူတို့ရှေ့နေကြီးမှာ ချစ်သူမရှိတော့သည့် လူလွတ်တစ်ယောက် ပြန်ဖြစ်သွားပြီ ဖြစ်သောကြောင့် သူတို့၏ သဘောကျသည့်စိတ်များကို သူ့တို့မဖုန်းနိုင်မဖိနိုင် ဖြစ်နေကြသည်။ ဒါပင်မယ့်လည်း သူတို့၏ရှေ့နေကြီးမှာ ဒီလိုပွဲလမ်းသဘင်များကို မကြိုက်သောကြောင့် သူတို့က မျှော်လင့်ချက်သိပ်မထားကြပါ။
မော့ဟန်၏ အတွင်းရေးမှူးမ အန်နာက ထိုအစီအစဉ်အကြောင်း သူ့အားဖုန်းဆက်ပြောသည့်အခါ မော့ဟန်က ခနလောက်တွေးလိုက်ပြီးနောက် သဘောတူလိုက်သည့်အခါ သူမလည်း အတော်အံ့သြသွားသည်။ သူမအံ့သြသွားရခြင်းမှာ သူမက မော့ဟန်ကို ပွဲတက်ဖို့ သွားခေါ်သည့်အခါ မော့ဟန်၏ဘက်တွင် တစ်ခုခုဖြစ်သွားခဲ့သောကြောင့် ဖြစ်သည်။