May Honey Logo May Honey
Previous Next

၁၁၁။ ခရီးထွက်ခြင်း

“အဲ့ဒီမှာ ဟိုတယ်တွေကို ဘိုကင်လုပ်ထားပြီးသား။ ရောက်တာနဲ့ ဒီနေ့တန်းနေလို့ ရပြီ”

“ဘာတွေပြောနေတာလဲ?”

“Fမြို့တော်က ပင်လယ်နဲ့ နီးလို့ နာမည်ကြီးတယ်။ မြို့အနားက ပင်လယ်က တကယ်ကြည့်လို့ကောင်းတာ။ ပြီးတော့ ရေပူစမ်းတွေလည်း ရှိတယ်တဲ့။ ညီမလေးတွေ ပုံတွေကြည့်ပြီးပြီ။ ဒီတစ်ခေါက် တကယ်လည်လို့ကောင်းမှာ”
ရှုချင်းရီက ထပ်ပြောသည်။

“ကိုကြီးလည်း တချိန်လုံး အလုပ်လုပ်နေရလို့ ပင်ပန်းနေပြီမလား။ သိပ်မကြာပါဘူး။ ၃ရက်လောက်ပါပဲ။ ကိုကြီးအတွက် အားလပ်ရပ်လို့ မှတ်လိုက်ပေါ့”

မော့ဟန်က ရုတ်တရပ် ခေါင်းကိုက်လာသလိုပင်။
“နောက်နေတာလား?”

ရှုချင်းရီက ခရီးသွားမည့်အကြံကို မော့ဟန်က မကြိုက်ဘူးထင်သောကြောင့် ရှင်းပြသည်။
“ကိုကြီးအလုပ်တွေကို ရွေ့ထားဖို့ လျူဇီယွမ်ကို ပြောပြီးသားပါ။ ဒီ၃ရက်လောက် ရုံးကိုထိန်းထားပေးဖို့လည်း ပြောထားတယ်။ တကယ်လို့ စိတ်ပူတယ်ဆိုရင် မနက်ဖြန်ရောက်မှ ဖုန်းနဲ့ညွှန်ကြားလိုက်လို့ ရတာပဲ”

“ဒါဆိုရင် ဒီရက်ပိုင်း လျူဇီယွမ်နဲ့ တွေ့နေတာက ဒါကြောင့်လား?”
မော့ဟန်က မေးသည်။

မော့ဟန်၏အေးစက်သည့်ပုံစံကို မြင်သည့်အခါ ရှုချင်းရီက ဝမ်းနည်းစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ဘယ်က ပိုက်ဆံရတာလဲ? အခုတလော ငါပေးထားတဲ့ကဒ်ကနေ ပိုက်ဆံမသုံးတော့တာ ငါမှတ်မိတယ်”

“ဪ ဟုတ်သား။ ပြောဖို့မေ့နေတာ။ ဟိုတလောက ညီမလေး အလုပ်ရသွားတယ်။ ကျန်းယန်က ပြောပေးတာ။ စုံထောက်အေဂျင်စီတစ်ခုမှာ။ လစာကလည်း မဆိုးပါဘူး။ ဒီခရီးအတွက်က ညီမလေး လစာရယ် နောက်နည်းနည်းကို ကျန်းယန်ဆီက ချေးလာခဲ့တာ”

“ငါမင်းကို ပိုက်ဆံတွေ ပေးထားသားပဲ။ ဘာဖြစ်လို့ သူများဆီက ချေးရတာလဲ?”
မော့ဟန်က ရှုချင်းရီအား သူ့အားမပြောဘဲ ထားသည်က များနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“ကိုကြီးပိုက်ဆံတွေကို . . .မသုံးချင်တော့ဘူး”
ရှုချင်းရီက ချီတုံချတုံဖြင့့် ပြောလာသည်။

“ဒါဆိုရင် ငါ့ပိုက်ဆံကို သုံးတာက ဘာဖြစ်နေလို့လဲ? သူများအမြင်မှာ ရှက်ဖို့ကောင်းနေလို့လား”

ရှုချင်းရီမှာ ဒီလိုခရီးထွက်မည့် အကြောင်းကို မော့ဟန်အား ပြောမပြသောကြောင့် စိတ်မကောင်းဖြစ်သွားမည်ဟု ထင်ခဲ့မိသော်လည်း ဒီလိုဒေါသထွက်သွားလိမ့်မည်ဟု သူမမထင်ခဲ့မိပေ။ ရှုချင်းရီမှာ သူမ၏ရည်ရွယ်ချက်ကောင်းလေးမှာ ဒီလိုဖြစ်သွားလိမ့်မည်ဟု သူမမမျှော်လင့်မိခဲ့ပေ။

သူမက မော့ဟန်၏ လက်ထဲက လက်မှတ်များကို ပြန်ဆွဲယူကာ
“ကိုကြီးမသွားချင်ရင်လည်း ထားလိုက်တော့။ ကိုယ့်ဟာကိုယ်ပဲသွားမယ်”

“ဒီလောက်အလုပ်လုပ်ပြီးရထားတဲ့ငွေကို မဖြုန်းဘဲ မနေနိုင်ပါဘူး။ အခုတလော ပင်ပန်းလို့ အပန်းဖြေချင်နေတာ။ ပြီးတော့ သိပ်မကြာပါဘူး။ ၃ရက်ကြာရင် ပြန်လာခဲ့မယ်”

“ငါမလိုက်ဘူးလို့ ပြောမိလို့လား?”
မော့ဟန်က သူမကိုကြည့်နေသည်။

ရှုချင်းရီက ချက်ချင်းပြုံးဖြီးသွားကာ သူ့လက်မောင်းကိုဆွဲရင်း
“ဒါဆိုရင်လည်း မြန်မြန်သွားရအောင်။ တော်ကြာရင် လေယာဉ်ထွက်ဖို့ ကြေညာတော့မယ်။ ညီမလေး ထွက်ခွာခွင့် မစစ်ဆေးရသေးဘူး”

ရှုချင်းရီက မော့ဟန်ကို ဆွဲခေါ်သွားကာ လက်မှတ်စစ်ပြီးသည်နှင့် စစ်ဆေးရေးဂိတ်ကိုဖြတ်ကာ လေယာဉ်ပေါ်သို့ တက်သွားကြသည်။

“အဝတ်တွေ ယူခဲ့လား မယူခဲ့ဘူးလား?”
မော့ဟန်က မေးလိုက်သည်။

ရှုချင်းရီက သူမနောက်က ကျောပိုးအိတ်ကြီးကို ပုတ်ပြကာ ရှက်ပြုံးလေးဖြင့်
“အကုန်ထည့်လာတယ်။ အဝတ်တွေရော လိုအပ်တာတွေကအစ။ ကိုကြီးအတွက် နှစ်စုံဝယ်လာခဲ့တယ်။ ပြီးတော့ ကိုကြီးရဲ့ အတွင်းခံကအစ ထည့်လာပေးတယ်”

မော့ဟန်က မနိုင်စိန်လေးကို ခေါင်းခါရင်း ကြည့်မိသည်။ သူတို့လေယာဉ်ပေါ်ကိုရောက်ပြီး ထိုင်ခုံတွင်ထိုင်လိုက်မှ တကယ်ဖြစ်နေသည်ကို ယုံမိတော့သည်။ ခုနတုန်းက သူကရုံးမှာ အလုပ်လုပ်နေရုံပဲရှိသေးသည်။ အခုတော့ ရှုချင်းရီနှင့် အပန်းဖြေခရီးထွက်ဖို့ လေယာဉ်ပေါ်ရောက်နေလေပြီ။

သူပြည်ပခရီးထွက်ခဲ့သည်ကတောင် နှစ်နှစ်လောက်ကြာပြီဖြစ်သည်။ ထိုအခေါက်တုန်းက ရှန်ယို့နှင့်ဖြစ်သည်။ အဲ့ဒီအချိန်တုန်းက သူမလည်း နိုင်ငံခြားသို့သွားကာ အလုပ်မလုပ်ရသေးပေ။ သူမက မသွားခင် တစ်လအလိုမှာ အသိပေးခြင်းဖြစ်သည်။ သူလိုက်ဖြစ်ခဲ့သည်မှာလည်း ထိုမြို့တွင် အလုပ်ကိစ္စရှိသောကြောင့် သူမနှင့်အတူလိုက်လည်ပေးခြင်းဖြစ်သည်။

ရှုချင်းရီက မော့ဟန်အတွေးထဲမြောနေသည်ကို မြင်သည့်အခါ ရုတ်တရပ်ခရီးထွက်လာရသောကြောင့် စိတ်ပူနေခြင်း ဖြစ်မည်ဟုတွေးပြီး နားပူနားစာထပ်လုပ်ပြန်သည်။
“ကိုကြီးကလည်း ရောက်တော့မှာကို။ အတူတူပျော်ရအောင်လေနော်။ ၃ရက်လောက်လေး ကိုကြီးရုံးမှာ မရှိရလို့ မသေပါဘူး”

“ပြည်ပခရီးသွားချင်ရင် နောက်တစ်ခေါက်ကျ ငါ့ကိုပြော”

“ပြောပြတော့ရော ဘာလုပ်ရမှာလဲ။ လိုက်လာပေးမှာလည်း မဟုတ်ဘဲနဲ့”

မော့ဟန်က အခိုင်အမာပြောသည်။
“နောက်တစ်ခေါက်ကျရင် ငါ့ပိုက်ဆံကိုသုံး။ ငါမင်းသုံးလို့ရအောင် ငါ့ကဒ်ပေးလိုက်မယ်”

ရှုချင်းရီက နှုတ်ခမ်းလေးဆူကာ ခပ်တိုးတိုးညည်းသည်။
“လာကြွားနေပြန်ပြီ”

“အချိန်ပိုင်းအလုပ်လုပ်နေတာကို ဘာဖြစ်လို့ ပြောမပြတာလဲ?”

“အင်း. . .မေ့သွားလို့”
ရှုချင်းရီက အသံလျှော့ကာ ပြောသည်။

“ငါ့ကိုပြောမပြချင်တာလို့တော့ ငါထင်တာပဲ”
မော့ဟန်က ပြောသည်။
“ပင်ပန်းလာရင် အလုပ်ဆက်မလုပ်နဲ့တော့။ ကိုယ့်စာကိုယ်ပဲလုပ်။ ဒီလောက် ပိုက်ဆံနည်းနည်းအတွက် ဘာဖြစ်လို့ အပင်ပန်းခံပြီး အလုပ်လုပ်နေတာလဲ နားမလည်နိုင်ဘူး”

“အဲ့ဒီပိုက်ဆံနည်းနည်းက ဒီခရီးစရိတ်ရပါတယ်နော်။ သိပ်မများပင်မယ့် အသုံးဝင်ပါတယ်”

Previous Chapter 111 of 199 Next