May Honey Logo May Honey
Previous Next

၈၁။ စည်းကျော်မလာနဲ့

အန်နာက တံခါးကိုဖွင့်ကာ မော့ဟန်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ မော့ဟန်က ခေါင်းမမော့ဘဲ သူ့စာရွက်စာတမ်းတွေကိုပဲ ကြည့်နေသည်ကို မြင်သည့်အခါ သူမစိတ်နည်းနည်းညစ်သွားသည်။ ဒါပင်မယ့်လည်း သူမက ကော်ဖီခွက်ကို စားပွဲပေါ်သို့ချရင်း ပြုံးပြုံးလေးဖြင့်
“ဆရာ ဒီမှာကော်ဖီထားလိုက်မယ်နော်”

မော့ဟန်က ခေါင်းငြိမ့်ကာ စာရွက်စာတမ်းများကို ဆက်ကြည့်နေဆဲကနေ အင်းဟု ပြောသည်။

အန်နာက ထွက်မသွားသေးဘဲ အချိန်အကြာကြီးရပ်နေသောကြောင့် မော့ဟန်က မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”

“ဆရာ့ကို မေးစရာရှိလို့။ ရှန်တကုမ္ပဏီကိစ္စမှာလေ ရလဒ်မိတ္တူတွေကို ကုမ္ပဏီကို ပြန်ပို့ပေးရမှာလား?”

မော့ဟန်က သူမကို တစ်ချက်ပဲကြည့်ကာ ခေါင်းပြန်ငုံသွားပြီး သူ့စာရွက်စာတမ်းများကို ကြည့်နေရင်းကနေ
“ငါမင်းကို ညွှန်ကြားပြီးသားမလား? မနက်ဖြန်မနက်အမှီ သူတို့ကို ပို့ပေးရမှာ”

မော့ဟန်က သူမကိုစိတ်ဝင်စားဟန် မပြသည့်အခါ အန်နာကာ စိတ်လှုပ်ရှားကာ ရယ်လိုက်သည်။ သို့သော်လည်း သူမက လက်မလျှော့ချင်သေးပေ။ ထို့ကြောင့် ဘောပင်ကို မော့ဟန်၏ခြေထောက်နားသို့ မသိမသာပစ်ချလိုက်သည်။

“အိုက်ယား ဘောပင်ကျသွားတာပဲ။ ကျွန်မပြန်ကောက်ပေးမယ်”
အန်နာက အပြုံးလေးဖြင့် ကုန်းကောက်လိုက်သည်။ ဘာကြောင့်လည်းဆိုတော့ မော့ဟန်၏နေရာကဆိုလျှင် သူမရင်ကြားကို ကောင်းကောင်းမြင်ရမှာ ဖြစ်သည်။ ယောက်ျားတိုင်းက အာရုံပါသည့်လူများဖြစ်သောကြောင့် မော့ဟန်သည်လည်း တုန့်ပြန်မှုမရှိဖြစ်လိမ့်မည်ဟု သူမမထင်ပေ။

ဒါပင်မယ့်လည်း သူမပြန်မတ်လာသည့်အချိန်တွင် မော့ဟန်က ကော်ဖီသောက်ကာ စာရွက်စာတမ်းတွေကို ကြည့်နေဆဲဖြစ်သည်။ သူ့၏ပုံစံမှာ နည်းနည်းလေးတောင် ပြောင်းလဲမသွားပါ။

မော့ဟန်က စကားတစ်ခွန်းမှ မဟဘဲနှင့် လူတစ်ယောက်ကို အေးစက်စွာ ခပ်ခွာခွာဖြင့် ငြင်းလွှတ်နိုင်သည်။

အန်နာက နည်းနည်းစိတ်ပျက်သွားကာ ဘောပင်ကို စားပွဲပေါ်သို့ ချလိုက်ပြီး ပြောသည်။
“ဒါဆိုရင် ကျွန်မပြန်လိုက်ပါဦးမယ်”

မော့ဟန်က ဘာမှပြန်မပြောပေ။ အန်နာက ခြေလှမ်းနည်းနည်းလောက် ဝေးသွားမှ အေးစက်စွာ ပြောလိုက်သည်။
“အန်နာ စည်းကျော်မလာနဲ့”

အန်နာက သူ့ကိုပြန်လှည့်ကြည့်ကာ
“ဆရာ. . .”

မော့ဟန်က စာရွက်စာတမ်းများကို ဆက်ကြည့်နေရင်းက
“အကျိုးမရှိတဲ့ဟာတွေ မလုပ်နဲ့”

အန်နာက သူ့ဘေးကိုလျှောက်လာကာ သူမသူ့ကိုချစ်ကြောင်း အဲ့ဒီအတွက်နဲ့ နိုင်ငံခြားက ချစ်သူကို သူမမှာနေ့တိုင်း မနာလိုနေရကြောင်းများကို ပြောပြဖို့ပြင်လိုက်သည်။ သူမခံစားရသမျှ ပြောပြဖို့လုပ်လိုက်ပင်မယ့် မော့ဟန်၏ဖုန်းကမြည်လာကာ သူမကိုထွက်သွားရန် အမူအယာပြလေသည်။

အန်နာက မော့ဟန်၏ ရုံးခန်းထဲမှ မထွက်ချင်ထွက်ချင်ဖြင့် ထွက်သွားလိုက်ရတော့သည်။

မော့ဟန်က အန်နာထွက်သွားမှ ဖုန်းကိုင်လိုက်ကာ ရှုချင်းရီမှန်း သိလိုက်ရသည်။

“ဟယ်လို? ညီမလေး ပြောစရာရှိလို့”
ရှုချင်းရီက ပြောသည်။

မော့ဟန်က သတင်းဆိုးဟုထင်လိုက်သောကြောင့် မျက်မှောင်ကျုံကာ
“ဘာလဲ?”

“ညီမလေး လုပ်စရာရှိတာတွေ လုပ်ပြီးသွားပြီ။ နောက်လစာမေးပွဲပြီးတာနဲ့ မေဂျာပြောင်းလို့ ရမယ်တဲ့”

မော့ဟန်က မျက်လုံးကိုမှိတ်လိုက်ပြီး အသက်ဝဝရှုလိုက်ကာ သူ့စိတ်ကိုထိန်းလိုက်ပြီးမှ
“မင်းဒီလောက်လေးတောင် စိတ်မရှည်ဘူးလား?”

“အင်း”

“ဘယ်မေဂျာကို ပြောင်းမှာလဲ?”
မော့ဟန်က မေးလိုက်သည်။

“စိတ်ပညာ”
ရှုချင်းရီက စိတ်ပညာကို ရွေးရသည့်အကြောင်းမှာ ဒီကျောင်းက မေဂျာများထဲတွင် သူမအောင်နိုင်ချေရှိသည်ဟူ၍ ဒါပဲရှိသောကြောင့် ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူမဟာ မော့ဟန်၏စိတ်ကို လျစ်လျူရှုကာ ကျောင်းတောင်ထွက်ချင်နေတာ ဖြစ်သည်။

“ထားပါတော့။ သင့်တယ်မယ်ဆိုတာ ရွေးလိုက်ပေါ့။ ပြီးတော့ ကျောင်းမှာ ရန်ဖြစ်ရတဲ့အကြောင်း ပြောမပြသေးဘူးမလား။ အိမ်ပြန်ရောက်တာနဲ့ ပြောဖို့ပြင်ထား”

“ဘာဖြစ်လို့ ပြောပြရမှာလဲ? ရန်ဖြစ်တာက ညီမလေးကိစ္စလေ။ ကိုကြီးနဲ့မှ မဆိုင်တာ”

“ငါနဲ့မဆိုင်ဘူးဟုတ်လား?”
မော့ဟန်က ခပ်ဖွဖွပြုံးသည်။

“ငါက ဉပဒေအရ မင်းအကိုကြီးဆိုတာကို သတိလည်းထားဦး။ ငါကမင်းရဲ့ အုပ်ထိန်းသူ။ မင်းဘာလုပ်လုပ် ငါ့မှာသိပိုင်ခွင့်ရှိတယ်”

“အကိုကြီးဆိုတာကြီးနဲ့ဖိပြောစရာ မလိုပါဘူး။ ညီမလေးလည်း သိပါတယ်”

မော့ဟန်က သူ့၏လေသံပြင်းသွားသည်ဟု ခံစားလိုက်မိသောကြောင့် လေသံကို ညင်သာလိုက်ကာ နူးညံ့စွာဖြင့်
“ဘာဖြစ်တာလဲဆိုတာကို ပြောပြဖို့လိုတယ်။ ငါလည်းအဲ့ဒီအကြောင်းကို သိချင်တယ်”

Previous Chapter 81 of 199 Next