၁၁၃။ ပင်လယ်ကမ်းခြေ
“ဘာဖြစ်လို့လဲလို့?”
ရှုချင်းရီက နားမလည်နိုင်ပေ။
“ကမ်းခြေမှာ သွားဆော့မှာမလား?”
သူမက မော့ဟန်ဝတ်ထားသည့် မီးခိုးရောင်တီရှပ်နှင့် စတိုင်ဘောင်းဘီအနက်ရောင်တို့ကို ကြည့်ကာ ပြောသည်။
“ကိုကြီးကရော ကမ်းခြေသွားမယ့်ဟာကို ဘာတွေဝတ်ထားတာလဲ?”
“ရေကူးဘောင်းဘီဝယ်ထားပြီးသား။ ဟိုရောက်မှလဲမှာ”
မော့ဟန်က ရှုချင်းရီဝတ်ထားသည်မှာ အသားအရမ်းဖော်ထားသလို ဖြစ်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။ တကယ်တော့ ကမ်းခြေကိုရောက်သည့်အခါ အခြားမိန်းကလေးများ ဝတ်ထားသည်က သူမထက်တောင် အလွန်တရာပိုလွန်းသည်ကို သူမသိခြင်းဖြစ်သည်။
“အမြန်သွားလဲချေ။ ပုခုံးကိုဖော်မထားနဲ့”
မော့ဟန်က အသေအချာကို ပြောနေသည်။
“ဟင့်အင်း မလဲနိုင်ပါဘူး။ ရင်တွေ တင်တွေ ဖော်ထားတာလဲ မဟုတ်ဘဲနဲ့”
မော့ဟန်က သူမအားကြည့်ကာ စိတ်ညစ်စွာဖြင့်
“မလဲချင်ဘူးဆိုရင် ငါ့အပေါ်ထပ်အကျီကို ဝတ်လာခဲ့”
မော့ဟန်က အခန်းထဲကို လှည့်ဝင်သွားကာ အကျီယူလာပေးသည်။
“အပြင်သွားရင် ဝတ်လာခဲ့”
ရှုချင်းရီက အကျီကိုယူကာ ဖြန့်ကြည့်လိုက်ပြီနောက်
“အကြီးကြီးပဲ”
“အပြင်မှာ ပင်လယ်တိုက်တယ်။ ဒါကလေကာတယ်”
ရှုချင်းရီက နှုတ်ခမ်းလေးဆူကာ ဘာကိုမှ မပြောတော့ပေ။ ထိုအကျီအား ကြယ်သီးမတပ်ဘဲ ပေါ့ပေါ့ပါးပါးသာ အပေါ်ကဝတ်လိုက်သည်။ သူတို့နှစ်ယောက်က လဲစရာအဝတ်များကိုယူ၍ အခြားလိုအပ်သည်များကိုထည့်ကာ ထွက်လာကြသည်။ မော့ဟန်က ဟိုတယ်အပြင်ဘက်တွင် တက်စီတွေ့သောအခါဌား၍ ပင်လယ်ကမ်းခြေသို့ ထွက်လာခဲ့သည်။
ကားက ပိုဝေးဝေးကို ရောက်လာလေလေ ရှုချင်းရီမှာ အပြုံးကို မထိန်းနိုင်ပေ ဖြစ်နေသည်။ အခုဆိုလျှင် ပင်လယ်ကမ်းရိုးတမ်းကို မြင်နေရပြီဖြစ်သောကြောင့် ရှုချင်းရီက ကားပြတင်းပေါက်မှ ခေါင်းလေးပြူထွက်ကာ ပင်လယ်လေကို တစ်ဝကြီးခံစားနေသည်။
ထိုလေပြေညင်းတို့ကြောင့် သူမ၏ဆံပင်တွေမှာ ရှုပ်ပွနေပြီဖြစ်ကာ စိုစွတ်သည့်ရေငံအနံကို သူမရနေသည်။ လေတိုးသံကို သူမနားထဲမှာ ကြားနေရကာ အဆုံးမရှိသည့် နက်ပြာရောင်ပင်လယ်ကြီးကို လမ်းတစ်ဖက်တွင် မြင်နေရပြီဖြစ်သည်။ ကြည်လင်နေသည့် ကောင်းကင်ပြာကြီးကိုလည်း မြင်နေရသေးသည်။
ရှုချင်းရီမှာ လှိုင်းပုတ်သံကြားသည့်အခါ ပို၍တက်ကြွလာတော့သည်။ သူမ၏တစ်ကိုယ်လုံးက ပြတင်းပေါက်အပြင်သို့ ထွက်ကျတော့မတက်ပင် ဖြစ်သည်။ ထို့ကြောင့် မော့ဟန်မှာ နောက်ကနေ သူမကို ပြန်ဆွဲချရကာ
“သေချာထိုင်”
သို့သော်လည်း ရှုချင်းရီမှာ သေချာမထိုင်ပါ။ ခနအကြာတွင် သူမခေါင်းက ပြန်ထွက်သွားသောကြောင့် မော့ဟန်မှာ စိတ်လေစွာဖြင့် ထပ်ဆွဲချရပြန်သည်။
သူတို့ကားပေါ်ကဆင်း၍ ကမ်းခြေသို့ ရောက်သည့်အခါ ရှုချင်းရီပြောသည့် နာမည်သိပ်မကြီးသည့် ဒီကမ်းခြေမှာ ပိတ်ရက်လည်း မဟုတ်သောကြောင့် ကမ်းခြေတစ်လျှောက်တွင် ခရီးသွားများဖြင့် ပြည့်နေခြင်း မရှိပေ။
ဆူညံ့ခြင်းမရှိသောကြောင့် မော့ဟန်မှာ လှိုင်းပုတ်သံများကို ကြားနေရသည်။ ထိုအရာက သူ့အားသက်သောင့်သက်သာရှိစေသည်။ ထို့ကြောင့် အေးအေးဆေးဆေးသာ လမ်းလျှောက်လာရင်း ရှုချင်းရီ၏ စိတ်လှုပ်ရှားစွာဖြင့် တောင်ပြေးလိုက် မြောက်ပြေးလိုက် ဖြစ်နေပုံကို ကြည့်နေမိသည်။
နောက်ဆုံးမှာတော့ ရှုချင်းရီသည် လူသိပ်မများသည့် ကမ်းခြေတစ်နေရာတွင် ရပ်သွားကာ နောက်မှာ ဖြည်းဖြည်းချင်းလိုက်လာသည့် မော့ဟန်ကို
“ဒီမှာပဲ နေရအောင်”
မော့ဟန်က ရောက်လာသည့်အခါ အိတ်ကိုချပြီး ထောင့်မှန်စတုဂံပုံအစတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ရှုချင်းရီနေပူစာလှုံရန်အတွက် ထိုအခင်းအား ခင်းပေးနေရင်း
“သွားဆော့နှင့်လေ။ ငါဒီနေရာကို ပြင်ပေးထားမယ်”
“ကိုကြီးက ရေမကူးဘူးလား?”
ရှုချင်းရီက မေးသည်။
“နောက်မှပဲ။ အရင်သွားဆော့ပါ”
မော့ဟန်က အခင်းခင်းပြီးသည့်အခါ အိတ်ထဲက ပစ္စည်းတစ်ခုချင်း ထုတ်သည်။
“ဒါဆိုရင် အရင်သွားပြီ”
ရှုချင်းရီသည် စကားဆုံးသည်နှင့် လှိုင်းများရှိရာသို့ အပြုံးလေးဖြင့် ပြေးသွားသည်။
“အဝေးကြီးမသွားနဲ့”
မော့ဟန်က နောက်ကနေ လှမ်းအော်သည်။
မော့ဟန်က အားလုံးကို နေရာချပြီးသည့်အခါ နေကာမျက်မှန်ကိုတပ်ကာ သက်သောင့်သက်သာထိုင်ရင်း ပင်လယ်လေကိုခံကာ နေပူစာလှုံနေသည်။
အရင်တုန်းက မော့ဟန်မှာ ဒီလောက်အထိ စိတ်သက်သာရာ မရခဲ့ဘူးပါ။ သူ၏အချိန်အများစုမှာ တရားရုံးတွင် အလျှောက်ကောင်းဖို့ ကြိုးစားရခြင်း၊ တရားပြိုင်များစွာနှင့် ဆွေးနွေးတိုင်ပင်နေရခြင်းစသည့် အလုပ်ကိစ္စများနှင့်သာ ပြည့်နှက်နေသည်။ ခရီးထွက်ဖြစ်ခဲ့လျှင်တောင် သူဟာအစီအစဉ်များအပြည့်ဖြင့် ရှုပ်နေခြင်း ဖြစ်သည်။
ဒါပင်မယ့် အခုတော့ ဒီလိုကမ်းခြေသေးသေးလေးတွင် ပင်လယ်လေကို ရှုရှိုက်ရင်း နေပူစာလှုံကာ ခပ်လှမ်းလှမ်းမှာ လှိုင်းများနှင့် ကစားနေသည့် ရှုချင်းရီအား ကြည့်နေခြင်းဖြင့် ဒီလိုအချိန်ဖြုန်းရခြင်းက အတော်ကောင်းသည်ဟု သူခံစားမိနေသည်။
မော့ဟန်၏ဖုန်းမှာ အခင်းစပေါ်တွင် ငြိမ်လျှက်သား ရှိနေသည်။ ခရီးသွားတိုင်း သူ့တွင် မပြီးပြတ်သေးသည့် အလုပ်များရှိသောကြောင့် သူဖုန်းကိုကြည့်လေ့ရှိခဲ့သည်။ ဒါပင်မယ့် မော့ဟန်ဟာ အခုတော့ အချိန်တွေကိုမေ့ကာ စိတ်လွတ်လက်လွတ်နားနေလေပြီ။